ပါဠိတော်
“ပုနစ ပရံ ဘိက္ခဝေ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ဟေတု ရာဇာနောပိ ရာဇူဟိ ၀ိဝဒန္တိ။ လ။ အယမ္ပိ ဘိက္ခဝေ ကာမာနံ အာဒီ-နဝေါ သန္ဒိဌိကော ဒုက္ခက္ခန္ဓော ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟေတု”
မြန်မာပြန်“ရဟန်းတို့-တစ်ဖန် ထိုပြင်လဲ ကာမဂုဏ် အထောက်အပံ့၊ ကာမဂုဏ်အရင်းခံ၊ ကာမ၏ တည်ရာ ကာမဂုဏ်တို့ ကြောင့်သာလျှင် မင်းအချင်းချင်း လဲငြင်းခုံးကြကုန်၏။ ပုဏ္ဏားအချင်းချင်း၊ သူကြွယ်အချင်းချင်းတို့လဲ ငြင်းခုံကြကုန်၏။ ထိုသူတို့သည် ငြင်းခုံကြရာမှ ရန်ဖြစ်လျက် သဘောကွဲလွဲကြကာ အချင်းချင်းလက်တို့ဖြင့် လဲထိုးကြရိုက်ကြကုန်၏။ ခဲတို့ဖြင့်လည်းကောင်း၊ တုတ်တို့ဖြင့်လည်းကောင်း၊ ပစ်ကြ ရိုက်ကြကုန်၏။ ဓား၊ လှံ၊ သေနတ် လက်နက်တို့ဖြင့်လဲ ခုတ်ကြ၊ ထိုးကြ၊ ပစ်ခတ်ကြကုန်၏။ ထိုသို့ ရန်ဖြစ်ခြင်း၊ ထိုးခုတ်ပစ်ခတ်ကြခြင်းကြောင့် သေခြင်းသို့သော်လဲ ရောက်ရာ၏။ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။ ရဟန်တို့... ဤသို့ ဖြစ်ရခြင်းသည်လည်း ကာမဂုဏ်အရင်းခံ၊ ကာမဂုဏ် အထောက်အပံ့တို့ကြောင့် ဖြစ်ရသော မျက်မှောက် ဆင်းရဲအစုံ ဖြစ်သော ကာမဂုဏ်တို့၏ အပြစ်တည်း”
လောက၌ အာရုံငါးပါးတွင် တစ်ပါးပါးကြောင့် တစ်ဦးနှင့်တစ်ဦး ငြင်းကြ၊ ခုံကြ၊ စွပ်စွဲကြ၊ ရိုက်နှက်ကြ၊ ပတ်ခတ် သတ်ဖြတ်ကြသည်မှာ အထင်အရှားပင် ဖြစ်၏။ ထိုခိုက်ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်းသည် ထိုကာမတရားတို့ပေါ်၌ “ချစ်ခင်အပ်၊ တွယ်တာအပ်၊ တပ်မက်အပ်”သော တဏှာ အရင်းခံဖြစ်၏။ ထိုချစ်ခင်မူသည် -
၁။ “သက်ရှိ(သ၀ိညာဏက) သတ္တ၀ါကို ချစ်ခင်မူ”
၂။ “သက်မဲ့ (အ၀ိညာဏက) သင်္ခါရ၀တ္ထု ဟူသော အသုံးအဆောင်ကို ချစ်ခင်မူ” ဟူ၍ နှစ်မျိုးရှိလေသည်။
ထိုနှစ်မျိုးတို့တွင် အမှတ်(၁)အရ... မိမိ ချစ်ခင် နှစ်သက် အပ်သော အာရုံဝတ္ထု ကာမစုသည် သူတစ်ပါး လက်သို့ ရောက်မည် စိုး၍သော် လည်းကောင်း၊ သူတစ်ပါးလက်သို့ ရောက်ပြီး ရောက်ဆဲဖြစ်၍သော် လည်းကောင်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ပျက်စီးခြင်း၊ ပျက်စီးဆဲ၊ ပျက်စီးတော့မည် ဖြစ်၍ သော်လည်းကောင်း၊ ထိုအကြောင်းတို့ကြောင့် ကိုယ်ထိ လက်ရောက် ပုတ်ခတ်ခြင်း၊ ရိုက်နက်ခြင်း၊ ထိုးခုတ်ခြင်း၊ ပစ်ခတ်သတ်ဖြစ်ခြင်း၊ ရုံးပြင်ကနားရောက်ရခြင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်အိမ်နှင့်တစ်အိမ်၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည်၊ စစ်မက် ဖြစ်ကြသည်အထိ ဆိုးရွားလှလေတော့သည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment