စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စေ့ဖြင့် မြင်ကောင်းသော တရား မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စေဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရူစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်းဉာဏ်၌ ထင်မြင်လာအောင်လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
ရုပ်နာမ်တို့ကို ရှေ့၌ ပြခဲ့ပြီ။ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။ ပြု၍ ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။ ဖြစ်ပြီးလည်း ပျက်ပြန်၏။ ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက် တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာပင်တည်း။ (စိတ်စေတသိက်တို့ တစ်ဆယ့်ခုနှစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာပျက်၏။) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက် အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ဥဒယဗ္ဗယပဋိပီဠနဋ္ဌေနဒုက္ခာ = အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
“လက္ခဏ”ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား ၄-ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ(အမှတ်အသား)ကား သန္တိလက္ခဏာတည်း။
ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ။ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။ အသေင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အလွန်ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ “သန္တိ”ဟု ခေါ်ရသော ထူးခြားသော လက္ခဏာ ဖြစ်သည်။
ရုပ် နာမ် ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကို သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကို သဘောမှမရွေ့လျားခြင်း ဟူသော ထူးသော အရသာရှိ၏။
ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီ ပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရူမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို “ပစ္စုပဋ္ဌာန်”ဟုခေါ်၏။ နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရူမြင်သောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) “အထည်ကိုယ် မရှိသော တရား”ဟု ဉာဏ်အားဖြင့် ထင်လာသည်။ နိမိတ္တ ဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ။ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့်။ -အနုဋီကာ (နှာ ၁၂၁)။
နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာ စသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက် အေးငြိမ်းခြင်း လက္ခဏာ ရှိ၏။ အစ္စုတရသံ၊ ပင်ကို သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment