မြတ်စွာဘုရား၏ သာသနာတော်တွင် ပစ္စည်းလေးပါးတို့ တစ်နေ့ထက်တစ်နေ့ ပေါများ၍ တိတ္ထိတို့၏ သာသနာတွင် ပစ္စည်းလာဘ်လာဘများ တစ်နေ့ထက်တစ်နေ့ ပါးရှား၍ လာသောအခါ တိတ္ထိပရိဗိုလ်တို့သည် အစည်းအဝေး ပြုလုပ်ကြပြီးလျှင် “ရှင်ဂေါတမ သာသနာမှာ ပစ္စည်း လာဘ်လာဘ ပေါများခြင်းသည် ရှင်မောဂ္ဂလာန် တန်ခိုးပြခြင်းကြောင့် ဖြစ်သည်။ ရှင်မောဂ္ဂလာန်ကို သတ်လိုက်၍ တန်ခိုးမပြနိုင်ပါက ထိုလာဘ်လာဘတို့ ငါတို့ထံ ရောက်လာမည်”။
ထိုသို့ တွက်ဆ ကြပြီးလျှင် လူသတ်သမားတို့ကို ခေါ်၍ စရန်ငွေတစ်ထောင်ပေးကြပြီး လျှင် ကျောက်မဲလိုဏ်ဂူ၌ နေသော ရှင်မဟာမောဂ္ဂလာန်ကို သတ်ရန်စေခိုင်းကြလေသည်။ ခိုးသားတို့လည်း တန်ခိုးရှင်ဖြစ်သော အရှင်မောဂ္ဂလာန်သည် မိမိ၏ ရှေးရှေးဘ၀အကြောင်း ဆင်ခြင်ကြည့်သောအခါ မိမိပြုခဲ့သော ကံကိုသိ၍ ပြေးမလွတ်နိုင်သော ၀ိပါတ်ကြောင့် အမိခံလိုက်လေသည်။
လူသတ်သမားတို့သည် အရှင်မောဂ္ဂလ္လာန်အား အရိုး အသားတို့ကို ဆန်ကျိုးဆန်ကွဲတမျှ မူန့်မူန့်ညက်ညက်ကြေအောင် ရိုက်နှက်ကြပြီးမှ “သေပြီ”ဟုဆို၍ ချုံတစ်ခုထဲသို့ ပစ်ချကာ ပြန်ကြလေသည်။ “အရှင်မဟာမောဂ္ဂလာန်ကို ခိုးသားတို့ ရိုက်သတ်ကြသတဲ့” ဟူသော စကားသည် တစ်လောကလုံး ပျံ့နှံ့၍ သွားသောအခါ အဇာတသတ်မင်းသိလေသော် စုံထောက်တို့ကို လွှတ်၍ စုံစမ်းထောက်လှမ်းစေရာ အရက်ဆိုင်တစ်ဆိုင်တွင် ပျော်ပွဲ စား၍ အောင်ပွဲခံနေသော လူသတ်သမားတို့ကို တွေ့၍ ဖမ်းဆီးပြီးလျှင် ဘုရင်အဇာတသတ်ထံသို့ ပို့အပ်ကြလေသည်။ ဘုရင်က...
“သင်တို့ ရှင်မဟာမောဂ္ဂလာန်ကို သတ်ကြသလား”
“မှန်ပါသည် အရှင်မင်းကြီး”
“သင်တို့ကို မည်သူစေခိုင်းသနည်း”
“အ၀တ်မ၀တ်သော တိတ္ထိပရိဗိုဇ်ငါးရာတို့က စေခိုင်းပါသည်”
ဟု လျှောက်တင်ကြသောအခါ အဇာတသတ်မင်းသည် ထိုတိတ္ထိပရိဗိုဇ်ငါးရာတို့ကို ဖမ်းစေ၍ ခိုးသားလူသတ်သမား ၅၀၀နှင့်အတူ နန်းတော်ရင်ပြင်တွင် ချက်မြုပ်လောက်အောင် တွင်းများကို တူးစေလျက်၊ ထိုသူ ၁၀၀၀ တို့ကို ဆင်းစေလျက် အထက်မှ ကောက်ရိုးတို့ကို အုပ်ဖုံးပြီးလျှင် မီးတိုက်လေသည်။ ထိုမီးပြာကျသွားသောအခါ သံထွန်သွားတို့ဖြင့် တိုက်လေရာ အားလုံး အပိုင်းပိုင်းပြတ်၍ သေဆုံးလေကုန်သည်။
(ဓမ္မပဒဋ္ဌကထာ ဒုအုပ် - ၄၁)
၎င်းပြင် ဓမ္မပဒဋ္ဌကထာ - ၄၁၃။ ကုဏ္ဍလကေသီဝတ္ထုလာ ခိုးသား ဒုအုပ် -၃၅၅၊ ၀ိဗ္ဘန္တဘိက္ခုဝတ္ထုလာ ခိုးသားစသည်ဖြင့် အများအပြားရှိချေလေသည်။ ထားတော့ -
ဤ၌-ခေတ္တုပမပေတ ၀တ္ထုလာ ခိုးသားမှာ မိမိ၏ စားဝတ်နေရေး အာရုံကာမဂုဏ်ကြောင့် သူခိုးဂိုဏ်းသို့ ၀င်ပြီး ခိုးလေသည်။ ထိုခိုးမူကြောင့် ဘုရင်က ဖမ်းပြီး ညှင်းဆဲ၍ သတ်သည်။ ဘုရင် သတ်ခြင်းသည် ခိုးမူကျူးလွန်၍၊ ခိုးခြင်းသည် အာရုံငါးပါး ကာမဂုဏ်တရားကြောင့် ဖြစ်ရာ ဤကာမ-ကာမဂုဏ်သည် အလွန်ကြောက်ဖွယ်ကောင်းအောင် ဆိုးရွာလှ၏။ ထို့ကြောင့် ကာမဂုဏ်တို့၏ သာယာဖွယ်သည် အနည်းငယ်မျှသာဖြစ်လျက် ယင်းစနက်ကြောင့် ဖြစ်ရသည့် အပြစ်ဒုက္ခကား ကြီးမားလှ၏ဟု အလုံးစုံကို သိမြင်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုကာမတို့မှ ထွက်မြောက် ကျွတ်လွတ်စေရန် အနည်းနည်းဖြင့် ဟောတော်မူထားသည်။
၎င်းနောက် တမ္ဘဒါဋ္ဌိကသည် ခိုးသားဂိုဏ်းတစ်ခုသို့ ၀င်ခွင့်တောင်းရာ လူဆိုးဗိုလ်က ခွင့်မပြုချေ။ သူသည် ၀င်ခွင့်ရရန်အတွက် ၀တ္တရား ကျေပွန်အောင် ဆောင်ရွက်၍ အနည်းနည်းကြိုးစားကြသဖြင့် ၀င်ခွင့်ရသည်။ တစ်ချိန်တွင် ဘုရင့်တပ်က တစ်ဖွဲ့လုံး ဖမ်းမိသဖြင့် ဦးခေါင်းဖြတ်၍ သတ်ရန် အမိန့်ပေးလိုက်သည်။ အာဏာသားတို့က ဤမျှ များပြားသောသူများကို မသတ်နိုင်၊ သင်တို့အထဲမှ သတ်နိုင်မည့်သူ ရှိပါက ထွက်ပါ၊ အသက်လည်း၊ မသေရ၊ လခရိက္ခာပါပေး၍ ခန့်ထားဦးမည်ဆို၍ လူဆိုးဗိုလ်ကို စတင်၍ မေးရာ သူ့ငယ်သားတို့ကို သူမသတ်လိုကြဘဲ တမ္ဗဒါ ဋ္ဌိကမှာမူကား သူသတ်မည်ဆို၍ အားလုံးကို သတ်လိုက်သည်။ ဤခိုးသူတို့သည်လည်း သူတစ်ပါး၏ ပစ္စည်းကို ခိုးယူတိုက်ခိုက် ယူလိုကြခြင်းမှာ မိမိတို့၏ အာရုံငါးပါး ကာမဂုဏ် အတွက်သာလျှင် ဖြစ်၏ ဤအာရုံငါးပါးလိုက်စားရာတွင် တရားသဖြင့် ရှာဖွေခြင်း မပြုမူ၍ မတရားရှာဖွေခြင်းမျိုး ဖြစ်ရကား အလွန်ကြောက်ဖွယ်ပင် ဖြစ်သည်။
အရှင်မဟာမောဂ္ဂလာန်ကို သတ်ရာ၌ လူသတ်သမားတို့သည် မိမိတို့၏ အာရုံငါးပါး ပျော်ပါးခံစားနိုင်မူ အတွက် ပုဂ္ဂိုလ်ယုတ်မြတ်ပင် မခွဲမသိနိုင်တော့ဘဲ ငွေအသပြာ တစ်ထောင်ရရုံဖြင့် ရက်ရက်စက်စက် သတ်ဝံ့ကြပေသည်။ သူတို့က မထေရ်ကို ရက်စက်စွာ သတ်သည်နည်းတူ စေခိုင်းသူ (နဂ္ဂသမဏ) ပရိဗိုဇ် တို့နှင့်တကွ အဇာတသတ် မင်းကလည်း ရက်ရက်စက်စက်ပင် သတ်လိုက်လေသည်။
အာရုံငါးပါး ဤကာမတရားသည် ၎င်းကို တွယ်တာတပ်မက်သည်နှင့် တွယ်တာသူ တပ်မက်သူကို အကြီးအကျယ် လောကဒုက္ခ သံသရာဒုက္ခကို ပေးလေတော့သည်။ လောကတွင် မင်းပြစ် မင်းဒဏ်ကိုလည်း မကြောက်၊ သံသရာဘေးကိုလည်း မကြောက် “ရောက်ချင်ရာ ရောက်စေတော့”ဟု မိုက်ဝံ့လာလေသည်။ နူးညံ့လှသော တပ်မက်မူ ဆန္ဒရာဂသည် သံသရာထဲတွင် အ၀ီစိငရဲ အထိပင် ကျမည်ကို မကြောက်ဘဲ ကြမ်းတမ်းသော အမူကို ပြုဝံ့လေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပကဒ-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment