ရာဇဂြိုလ်ပြည့်ရှင် ဘုရင်အဇာတသတ်သည် ခမည်းတော်ကို လုပ်ကြံပြီးနောက် စိတ်မရွှင်ပြ အိပ်မရဖြစ်နေစဉ် ကောင်းကင်၌ ပြိတ္တာတစ်ဦးသွားသည်ကို တွေ့ရ၍ ဘုရင်ကလှမ်း၍မေးရာ ဗာရာဏသီရှိ သမီထံသွား၍ ရည်ညွှန်းလှူဒါန်းသော ကုသိုလ်အဖို့ကို သွားယူမည့်အကြောင်း ပြန်ပြောသည်။ အပြန်တွင် သူ့ထံဝင်ရန် ဘုရင်က မှာလိုက်သည်။ အပြန်တွင် ဘုရင်ထံဝင်၍ ပြိတ္တာကြီးက ပြောသည်မှာ “သီလမရှိသော ဒုဿီလ ပုဏ္ဏားတို့ကို လှူဒါန်းပြီးအမျှဝေသောကြောင့် ထိုအလှူ၏အကျိုးကို မခံစားခဲ့ရပါ။ ဘုရားအမှူးရှိသော သံဃာတော်တို့အား သူ့ကို ရည်မှန်း၍ လှူဒါန်းပေးပြီး အမျှဝေပါ” ဟု တောင်းပန်သည်။ အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းအမျှဝေရာ ထိုပြိတ္တာကြီး ကျွတ်လွတ်၍ နတ်ဘ၀သို့ ရောက်သွားခဲ့လေသည်။
ထို့အတူပင် မုဆိုးတစ်ဦးသည် ကွယ်လွန်သူ ဆွေမျိုးပြိတ္တာတို့အားရည်စူး၍ အလှူဒါနပြုရာ သုံးကြိမ်တိုင်တိုင် သီလမရှိသည့် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းမိလေသည်။ ထိုအခါ “ဒုဿီလ ပုဂ္ဂိုလ်ကြီးက ငါ့ဟာတွေ လုယူထားတယ်” ဟု ပြိတ္တာကြီးက ဟစ်အော်လေသည်။ ထို အော်သံကြားမှ မုဆိုးကြီးသည် သတိရပြီး အကျင့်သီလနှင့် ပြည့်စုံသော သီလ၀န္တရဟန်းတော်အား ပင့်၍ လှူဒါန်းအမျှဝေသည်နှင့် တပြိုင်နက် ပြိတ္တာသည် အကျိုးခံစားခွင့် ရရှိသွားလေသည်။ ဖုဿဘုရားရှင် လက်ထက် ညီတော်မင်းသားသုံးဦးတို့သည် ဘုရားရှင်အား ၀ါတွင်းသုံးလပတ်လုံး ဆွမ်းကပ်လှူဒါန်းကြသည်။ မိမိတို့ကိုယ်တိုင် ဖန်ရည်ဆိုးသော အ၀တ်ကိုဝတ်လျက် ဘဏ္ဍာစိုးတစ်ယောက်ကို တာဝန်ယူ ချက်ပြုတ်စေ၏။ အချို့တို့သည် ဘုရား သံဃာအားကပ်မည့် ဆွမ်းဟင်းများကို တိတ်တဆိတ် ယူထားကြကုန်၏။ ထိုဘ၀မှ စုတေသည်ရှိသော် ငရဲ၌ဖြစ်ကုန်၏။ လွန်စွာ ဆင်းရဲ ငတ်မွတ်ကုန်၏။ ကဿပဘုရားရှင်အား လျှောက်ထားရာ ဂေါတမ ဗုဒ္ဓလက်ထက် ဗိမ္ဗိသာရမင်းကြီး အလှူပြုအမျှဝေမှ ၀လင်စွာ စားသောက်ရမည်ဟု မိန့်တော်မှု၏။
မြတ်စွာဘုရား ပွင့်တော်မှုသောအခါ ဗိမ္ဗိသာရမင်းကြီးသည်၊ ဝေဠုဝန်ကျောင်းတော်ကြီးကို လှူဒါန်းကာ ရေစက်ချ၏။ ပြိတ္တာတို့လည်း မိမိတို့ကို အမျှဝေလိမ့်မည်ဟု တွေးကြံကြပြီး မြို့တံတိုင်းအနားသို့ စုဝေး ရောက်လာကုန်၏။ မင်းကြီးမှာ အမျှမပေးဝေသဖြင့် ပြိတ္တာတို့သည် စိတ်ပျက်အားလျော့ကာ ညအချိန်တွင် နန်းတော်သို့ဝင်ပြီး ခြောက်လှန့်ကုန်၏။ မြတ်စွာဘုရားကို လျှောက်ထားရာ အဖြစ်မှန်ကို သိရ၍ ထပ်မံဆွမ်းကျွေးပြီး အမျှဝေလေသည်။ ထိုအခါမှ ပြိတ္တာတို့ သာဓုခေါ်၍ နတ်အစားအစာများကို စားသုံးရသည်။ သို့ရာတွင် မင်းကြီးလှူဒါန်းရာ၌ အ၀တ်အစားမပါသဖြင့် ဆွေမျိုးပြိတ္တာတို့ အ၀တ်အစား အ၀တ်ရသေးကြောင်း မင်းကြီးအား ပြန်ပြောကြသောအခါ မင်းကြီးသည် နောက်တစ်နေ့၌ သံဃာတော် တို့အား ပင့်ဖိတ်ဆွမ်းကျွေးပြီး သင်္ကန်းများပေးလှူကာ အမျှဝေ၍ သာဓုခေါ်သော အခါမှ နတ်ဝတ်တန်ဆာတို့ကို ရရှိသွားလေသည်။ သို့ဖြစ်၍ သီလရှိသူ ရဟန်းတော်တို့အား သေသူကိုရည်မှန်း၍ လှူဒါန်းအမျှဝေ ဆွမ်းသွတ်တရားနာယူမှုကို ပြုလုပ်သင့်ကြပေသည်။ သေသူရည်မှန်း၍ လှူဒါန်းသော ဆွမ်းသွတ်အလှူ၌ သံဃာတော်များအား ပုဂ္ဂိုလ်ကို မရည်မှန်းဘဲ သံဃာအများကို ရည်မှန်၍ လှူဒါန်းဆက်ကပ်ရမည်။ ထိုသူကြားသိအောင် အမည်ကိုခေါ်၍ “သင့်အတွက် စားဖွယ်သောက်ဖွယ်၊ အ၀တ်အထည်များကို သံဃာတော်များအား လှူဒါန်းပြီးဖြစ်သည်။ ထိုကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ” ဟု ၃ကြိမ်အမျှ ဝေရမည်ဖြစ်သည်။
ဤသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ ဆွမ်းသွတ်တရား နာယူမှုပင် ဖြစ်လေသည်။
No comments:
Post a Comment