ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 30 August 2010

အိမ်တက်မင်္ဂလာပွဲ ဖြစ်ပေါ်လာပုံ



ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မှုစဉ် သာကီဝင်မင်းတို့သည် လွှတ်တော် အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်ပြီးစီးချိန်ဖြစ်၏။ ရှင်တော်ဗုဒ္ဓသည် ငါတို့ဆွေတော်မျိုးတော်များထဲတွင် အမြင့်မြတ်ဆုံးဖြစ်သည်။ မြတ်သော အလှူကို ခံတော်မှုထိုက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးလည်းဖြစ်၏။ ဗုဒ္ဓမြတ်စွာအား သီတင်းသုံးစေတော်မှုရလျှင် ငါတို့အတွက် စီးပွားချမ်းသာ ကျက်သရေအဖြာဖြာ မင်္ဂလာအမျိုးမျိုးတို့ တိုးတက်ပွား များပေလိမ့်မည်ဟု ကြံစည်ကြ၏။ သာကီဝင်မင်းတို့သည် တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ပင့်လျှောက်၏။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့သည် အဆောက်အဦး၌ သီတင်းသုံးကြပြီး ဘုရားရှင်က တရားဟောတော်မှု၏။ ရတနာသုံးပါးလုံး သီတင်းသုံးခြင်းဖြစ်၍ အကျိုးတရားများပြားလှကြောင်း အနုမောဒနာပြုတော်မှု၏။



ထို့ပြင် မြတ်စွာဘုရားသည် နာလန္ဒမြို့မှ ပါဋလိရွာသို့ကြွတော်မှု၍ သီတင်းသုံးတော်မှုစဉ် မဂဓတိုင်းကို အစိုးရသော အဇာတသတ်မင်း၏ အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် ပါဋလိရွာငယ်လေးကို မြို့ကွက်ရိုက်၍ မြို့သစ်တည်ဆောက်နေကြ၏။ မြတ်စွာဘုရားကြွရောက်ရာအရပ်ဌာနတို့၌ ကြမ်းတမ်းသော သတ္တ၀ါတို့ ဖယ်ရှားသွားတတ်ကြသည်။ ဤမြို့သစ်၌ မင်္ဂလာဖြစ်စေရန်အတွက် ဘုရားရှင်ကို ပင့်ဖိတ်ကြမည်ဟု တိုင်ပင်၍ ပင့်ဆောင်ကြသည်။ ဘုရားအမှူးရှိသော သံဃာတော်တို့သည် ပုဏ္ဏာကြီး နေထိုင်ရာ အိမ်သစ်သို့ ကြွရောက်တော်မှုပြီး ဆွမ်းဘုဉ်းပေးသော တရားဟောတော်မှုကြသည်။



ဒါယကာတို့… ပညာရှိသည် အိမ်သစ်ဆောက်လုပ်ပြီးသောအခါ သီလရှိသော ပုဂ္ဂိုလ်တို့ကို ဆွမ်းဆက် ကပ်လှူဒါန်း၍ နတ်အပေါင်းတို့အား ကုသိုလ်အဖို့ကို အမျှပေးဝေရမည်။ ရံဖန်ရံခါ ဗလိနတ်စာကျွေးမွေး ရမည်၊ ထိုအခါ နတ်တို့သည် လူတို့အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ရန်အသွယ်သွယ်တို့ကို ဖယ်ရှားပေးသောအားဖြင့် စောင့်ရှောက်တတ်ပေ၏၊ နတ်တို့ စောင့်ရှောက်မှုကို ခံရသောသူသည် ကောင်းကျိုးချမ်းသာ ဋ္ဌမင်္ဂလာအဖြာဖြာကို အမြဲတစေ တွေ့ကြုံခံစားရပေမည်ဟု ဟောတော်မှု၏။



သို့ဖြစ်၍ အိမ်တက်မင်္ဂလာပွဲ ကျင်းပလှူဒါန်းခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားလက်ထက်တော်ကပင် စတင်ကျင်းပ၍ ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေသော ဗုဒ္ဒဘာသာ ယဉ်ကျေးမှုပွဲတစ်ပွဲ ဖြစ်ပေသည်။

No comments:

Post a Comment