ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 30 August 2010

အိမ်ထောင်ရေးတာဝန်များနှင့် ဘာသာရေးလွတ်လပ်ခွင့်



ဝိသာခါသည် ဓနဉ္စယသူဌေး၏သမီး၊ မေဏ္ဍက သူဌေးကြီး၏ မြေးတည်း၊ ၇-နှစ်အရွယ်ကပင် သောတာပန် အရိယာ ဖြစ်ခဲ့သည်။ မိဂါရ သူဌေး၏သား သတို့သားက လက်ထပ်ရန် တောင်းဆို စေ့စပ်လာသည်။ မိဂါရသူဌေးမှာ ဗုဒ္ဓကို မကိုးကွယ်ဘဲ ဘာသာတပါးကို ကိုးကွယ်သူ ဖြစ်သည်။ ဗုဒ္ဓဘာသာ ဥပါသကကြီးဖြစ်သူ ဓနဉ္စယသူဌေးကြီးကား ချစ်သမီး၏ စွမ်းအားကို သိသူဖြစ်သည်။ ထိမ်မြားမင်္ဂလာပွဲကို ခမ်းနားစွာ အသပြာ ကိုးကုဋေတန် မဟာလတာရတနာတန်ဆာကို လက်ဖွဲ့၍ အောက်ပါအတိုင်း မှာကြားဆုံးမ လိုက်သည်။



ချစ်သမီး -



(၁) ယောက္ခမ ခင်ပွန်းတို့၏ မကောင်းစကားမျိုးကို ပြင်ပမှာ မပြောနှင့်၊



(၂) အိမ်နီးချင်းတို့ ပြောသည့် ကဲ့ရဲ့စကားမျိုးကိုလည်း ယောက္ခမ ခင်ပွန်းတို့ကို ပြန်မပြောနှင့်၊



(၃) ကြွေးမြီး မဆပ်သူကို ထပ်မပေးနှင့်၊



(၄) ကြွေးမြီး ပေးဆပ်သူကို ထပ်မံပေးပါ၊



(၅) ဆင်းရဲနွမ်းပါးနေသော ဆွေမျိုးမိတ်သင်္ဂဟများကိုမှု ပေးဆပ်နိုင်သည်ဖြစ်စေ၊ မပေးဆပ်နိုင်သည် ဖြစ်စေ၊ ပေးကမ်း စောင်မပါ၊



(၆) ယောက္ခမ လင်သားတို့ ထက်မြင့်သော နေရာမျိုးမှာ မနေပါနှင့်၊



(၇) ယောက္ခမ လင်သားတို့ကို ဦးစွာ ကျွေးမွေးပြီး မိမိက နောက်မှ စားသောက်ပါ။



(၈) ယောက္ခမ လင်ယောက်ျားတို့ အိပ်ယာဝင်သောအခါ ၀တ်ကြီးဝတ်ငယ် ပြုပြီး နောက်ဆုံးမှ အိပ်ယာဝင်ပါ၊



(၉) မိမိခင်ပွန်းနှင့် ယောက္ခမများကို မီးပုံကြီးအလား ရိုရိုသေသေ ပြုစု လုပ်ကျွေးပါ၊



(၁၀) အိမ်ဦးနတ်ဖြစ်သော မိမိလင်ယောက်ျားကို ရိုသေစွာချစ်ခင် မြတ်နှိုးရှိခိုးပါ။



ဤကဲ့သို့ အိမ်ထောင်ရေးတာဝန် ကျေပွန်စွာဆောင်ရွက်ပြီး မိမိ ကိုးကွယ်သော ဘာသာသာသနာ၏ တာဝန်ကိုလည်း မိမိတတ်နိုင်သလောက် ကြိုးစားရန် စီစဉ်ပေးလိုက်သည်။ အကယ်၍ အိမ်ထောင်ရေး တာဝန် ကျေပွန်ပါလျက် မတရားသက်သက် ပြုမှုဆောင်ရွက်ခံရလျှင် မနစ်နာစေရန်အတွက် ပညာရှိရှစ်ဦးကိုပါ အပ်နှံလိုက်သည်။ ၀ိသာခါနှင့် ပတ်သက်သော ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာပါလျှင် နှစ်ဘက်စကား လေ့လာနားထောင်ပြီး မှန်ကန်စွာ ဆုံးဖြတ်ကြရန် အပ်နှံလိုက်ခြင်းဖြစ်သည်။



ဝိသာခါသည် ယောက္ခမအိမ်သို့ ရောက်သောအခါ မိဘများမှာကြား ဆုံးမလိုက်သည့်အတိုင်း အိမ်ထောင်ရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်။ ဘာသာရေးလုပ်ငန်းမှာမှု အိမ်ထောင်ရေးနှင့် မသက်ဆိုင်၊ မိမိကိုယ်ပိုင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ခွင့်ရှိသဖြင့် မိမိပြုနေကျဝတ်အတိုင်း ရတနာသုံးပါး ကိုးကွယ်မှုကို မပြတ်လုပ်သည်။ တစ်နေ့တွင် ယောက္ခမကြီး ထမင်းစားနေချိန် ရဟန်းတော် တစ်ပါးဆွမ်းရပ်လာသည်။ သူဌေးကြီးမှာ ဘာသာခြားဖြစ်သဖြင့် ဆွမ်းမလှူဘဲ စားမြဲ စားနေသည်။ ရဟန်းတော်လည်း ရပ်မြဲ ရပ်နေသည်။ ၀ိသာခါ မြင်သောအခါ-



အရှင်ဘုရား ဤအိမ်ရှင်တို့သည် အဟောင်းစားများဖြစ်ပါသည် ဘုရား၊ ကန်တော့ဆွမ်းပါဘုရား ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည်။ ယောက္ခမကြီး အလွန်စိတ်ဆိုးသွားသည်။ ၀ိသာခါကိုလည်း အိမ်ပေါ်မှ နှင်ချသည်။ သို့သော် အသိအလိမ္မာ ပညာရှင် ၀ိသာခါက အိမ်ပေါ်မှ မဆင်းဘဲ ဤ ကိစ္စအတွက် ပညာရှိ ရှစ်ဦး၏ အဆုံးအဖြတ် ခံရန် စီစဉ်သည်။ ပညာရှိ ရှစ်ဦးနှင့် ဆုံးဖြတ်ပွဲ ကျင်းပသောအခါ နှစ်ဘက်ပြောကြား ချက်များကို လေ့လာသည်။



သူဌေးကြီးက ၀ိသာခါသည် မိမိကို မစင်စားသူဟု မိုက်ရိုင်းစွာ ပြောဆိုပါသည်ဟု စွပ်စွဲချက်တင်ပြ လာသည်။ ထိုအခါ ၀ိသာခါက ပညာရှိကြီးတို့ သမီးပြောလိုက်သည့် စကားမှာ အဟောင်းစားများ ဖြစ်ပါသည်ဟုသာ ဆိုပါသည်။ အဓိပ္ပာယ်မှာ အတိတ်ဘ၀သံသရာက ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကောင်းမှု ဟောင်း ဒါနမျိုးစေ့ဟောင်း ကုသိုလ်ကောင်းမှုအဟောင်း၏ အကျိုးကို ခံစားနေသူများ ဖြစ်၍ အဟောင်းစားများဖြစ်ပါသည်ဟု ပြောဆိုခဲ့ပါသည်။ မစင်စားသူဟူ၍ မပြောခဲ့ပါ။ ဒါန အသစ်ထပ်မံ မပြုလုပ်သူများဖြစ်၍ ဆွမ်းလောင်းလှူမည့်သူ မဟုတ်ပါဘုရားဟု လျှောက်ထားလိုက်ခြင်း ဖြစ်ပါသည်ဟု ရှင်းပြလေသည်။



ထိုအခါ ပညာရှိရှစ်ဦးတို့က ၀ိသာခါ ပြောစကားမှန်ပေသည်ဟု ဆုံးဖြတ်လိုက်သည်။ သူဌေးကြီးလည်း ရတနာသုံးပါးနှင့် ပတ်သက်၍ စိတ်ထားပြောင်းလာသည်။ ဗုဒ္ဓဘာသာကို လေ့လာသည်။ နောင်အခါတွင် ၀ိသာခါအား ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းစားပင့်ဖိတ်ခိုင်းပြီး ဆွမ်းကျွေးစေသည်။ ဘုရားရှင်၏ တရားတော်ကို နာယူရလေသောအခါ သောတာပန်တည်၍ မိသားစု တစ်စုလုံး ဗုဒ္ဓဘာသာ ဖြစ်လာကြလေသည်။







No comments:

Post a Comment