ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 13 February 2013

လူသည် ဆင်ထက်မေ့၏

တိရစ္ဆာန်တို့တွင် အကောင်အကြီးဆုံးသည် ဆင်သတ္တ၀ါဖြစ်၏။ ထို ဆင်သတ္တ၀ါသည် အကောင်ကြီးသလောက်လျှင် အမေ့သန်လှ၏။

ဆင်သည် ရံတစ်ခါ စားလျက်ကပင် မေ့သွားတော့ရကား စားလက်စမှ ရပ်တန့်နေသည်ဆို၏။ သွားလျက်က မေ့သွားလျှင်လည်း ထို သွားလက်စ လမ်းစပျောက်သောအလား လေးဖက်ထား၍ စုံရပ်ကာ တွေနေသည် ဆို၏။


ထိုမျှ အမေ့သန် ဉာဏ်ကင်းသော ဆင်သတ္တ၀ါကြီးသော်မှ ဆင်ဦးစီးသခင်က ဥက္ခောင်းကို ချွန်ကလေးဖြင့် တို့၍တို့၍ သတိပေးသောအခါ ၀ပ်ဟဲ့ဆို ချက်ချင်း ၀ပ်ချေပေးသေး၏။ ထဟဲ့ဆိုကလည်း မုဆိုင်းမတွ ထပေးသေး၏။

ထိုမျှမကသေး -

ဆွဲစရာရှိသည်ကို အဆွဲခိုင်းလျှင်လည်း မဆိုင်းတတ်၊ တွန်းစရာရှိကလည်း ခိုင်းတိုင်းလျှင် တွန်းကော်ပေးတတ်သေး၏။ ကုန်းပေါ်ရှိ သစ်တုံးအပုံထဲမှ တစ်လုံးချင်းတစ်လုံးချင်းတို့ကို မြစ်စ၏ရေထဲသို့ ဆွဲချတွန်းပို့ပေးနေစဉ် သွားလမ်းရှေ့ သစ်လုံးများ အဆီးအတားသဖွယ် ဖြစ်နေသဖြင့် ဖယ်ရှားလိုရကား

သခင်က ကော်ဟဲ့ တစ်ချက်အမိန့်ပေးက ထိုတစ်ချက်နှင် ထိုက်တန်စွာ ကုန်းကာကြုံးကာ ညာသံပေးလျက်က ကော်တွန်း၊ တွန်းပို့ပေးသေး၏။

သခင်က ဆွဲဟဲ့ တစ်ချက်အမိန့်ပေးကလည်း ထိုတစ်ချက်နှင့် အလိုက်ပင်လျှင် တအားရုန်း၍ ကုန်းကြုံးဆွဲငှင်ပေးသေး၏။

လူအမည်ရ လူမှာမူကား -

အသိတတ်တရား ရှေ့သွားရှိသူများက ဒါကောင်းသည် လုပ်ဆိုသော်မှလည်း မလူပ်၊ ငုတ်တုတ်နှင့်ကြောင်တောင် ယောင်၍မျှပင် မလုပ်ဆောင်ပြီ၊ အရှိနှင့်အသိ တစိမျှ မတည့်သေးရကား ကြည့်တိုင်းလည်း မမြင်၊ မြင်တိုင်းလည်း မသိတတ်ပြီ။ ထိုမသိမတတ်သည့်အကြား မာန်မာနတရားနှင့် မောဟများကလည်း လမ်းသလားလွန်းအား ကြီးလှသေးရာ ရှေ့ကိုပြေးကြည့်၍လည်း ရေးရေးမျှ မမြင်မသိဖြင့် စားခဲ့ရသည်ကိုပင် ပြန်လည်၍ မမြင်မသိတတ်။ အကြိုက်ကြီး၊ အမုန်းကြီးအရာမျှကိုသာ ပြန်လည် မြင်ယောင်တတ်၏။

ယနေ့စားပြီးစ၌ပင်လျှင် သင် ထမင်းဘယ်နှစ်လုတ်၊ ဟင်းဘယ်နှစ်ဖတ် စားသုံးခဲ့ပါသလဲ မေးသော် -

အရသာနောက် မျှောလိုက်နေမိကြသော လူသားတို့အဖို့ မပေးတတ်ကြပြီ။ စားရင်း မေ့သမားတည်း။

တစ်ဖန် အသိတတ်တရား ရှေ့သွားရှိသူများက ဒါအဆိုး တိုးမလုပ်နှင့် ကရုဏာတား တားပေးသော်မှလည်း ထိုအဆိုးကို ဖယ်ရှား၍ သွားလေ့မရှိတတ်ပြီ။

မီးအပူကို ကိုင်လိုသည့်ကလေး နံဘေးရှိ မိဘတို့က ပူ၊ ပူ၊ ပူဟူ၍ တားပေးသော်မှလည်း အရေးမထား၊ ပြေးထိ၍ ကစားကြည့်သည့်ပမာသာ ရှိ၏။ ထိုကလေး တစ်ခါပူမျှဖြင့် မမှတ်မိ၊ မေ့သည့်အရာက ချက်ချင်း လိုက်လံကာ ဖုံးဖိပေးနေသောကြောင့် ဖြစ်၏။ အမှတ်မမိ၍ အမှတ်မိသူက ပြောလျှင်လည်း နားမထောင်တတ်။

ယနေ့ လူသားအားလုံး -

(က) ဘ၀ဖုံးသဖြင့် လုံးလုံး တွေဝေမေ့လျော့၍ နေကြလေ၏။

(ခ) ကာမဖုံးသဖြင့် မသိတစ်ဝက်၊ သိတစ်ဝက်ဖြင့် ရက်ဆက်မေ့ မေ့လျက်ကလည်း နေကြကုန်၏။

ဤဘ၀၌ ဘ၀ရင့်လေ စိတ်လွင့်လေ၊ အကြိုက်ကြီးလေ အမိုက်စီးလေဆိုသည်ကို ကလေးငယ်ဘ၀၊ လူလတ်ပိုင်းဘ၀၊ လူကြီးပိုင်းဘ၀ ထိုသုံးပိုင်းတို့ဖြင့် ချိန်ထိုးကြည့် သိနိုင်၏။ ထိုတွင် -

၁။ ကလေးဘ၀ သိတတ်ခါစ၌ မိဘတို့က စာသင်ကျောင်းသို့ ပို့လွှတ်ကြသဖြင့် ဆရာသမား ဘုန်းတော်ကြီးများထံ ရောက်ကြရလေရာ -

(က) စာအံ၊ စာကျက်၊ စာတက်ချိန်များသည် တစ်နာရီဆိုသော်လည်း အလွန်ကြာညောင်းလှချေ၏။ အဘယ်ကြောင့်ဆိုသော် မိနစ်၊ စက္ကန့်တိုင်းလျှင် အမှတ်ရှိ သတိရနေသောကြောင့်။

(ခ) ကစားချိန် စသည်များကား တစ်နာရီဆိုသော်မှလည်း နာရီပြည့်နေလိုက်ရသည် မထင်မိ၊ အဘယ်ကြောင့်ဆိုသော် မသိတစ်ဝက်၊ သိတစ်ဝက်မျှ ဖြစ်သွားသောကြောင့်။

(ဂ) ညည အိပ်ရာဝင်ချိန်သည်ကား မိုးလင်းတိုင်း ဆိုသော်မှလည်း အလွန်တိုတောင်းလှသည် ထင်မှတ်ရချေ၏။ အဘယ်ကြောင့်ဆိုသော် လုံးဝ မသိတော့သောကြောင့်။


၂။ လူလတ်ပိုင်း အိမ်ထောင်ရှင်ဘ၀မျိုး၌ကား ကာလသားဘ၀ တစ်လျှောက်လုံးလုံး ခြေဆော့လက်ဆော့ ကစားသန်ခဲ့သည့်အလျောက် ပိုးလောက်လန်းပမာ ရှေ့ရှိ အာရုံများကို ဟိုစပ်စပ်၊ ဒီစပ်စပ် စမ်းသပ်ခဲ့ဖူးသည့်အလျောက် စိတ်ကစား၍လည်း နေတတ်၏။ လက်ရှိ ခံစားပိုင်ခွင့် ရထားသော ကာမအာရုံကိုလည်း အကြိုက်ကြီးသမျှ စိတ်လွတ်ကိုယ်လွတ်ဖြင့်ပင် မွတ်သိပ်ဆာလောင်နေသော နွားငတ်ကို ရေချပေးရသည့်ပမာလည်း အငမ်းမရ ခံစားနေတတ်၏။ အရက်မူးသမား အမြည်းဖတ်ဝါးရာ၌ ပေါ့သည်လေးသည် သူမသိ၊ ကျက်၏ မကျက် သူမသိ၊ မူးမူးမေ့မေ့ အတွေ့၌ တေ့ရုံမျှပမာလည်း ဂမူးရှူးသို့ အလိုဆိုးကြီးစွာ အကြိမ်ကြိမ်အခါခါလည်း ခံစား၍ နေတတ်၏။

သို့ကြောင့် -

မယားရစ၊ လင်ရစ၌ ကမ္ဘာမှာရှိသမျှမိန်းမ၊ ငါ့မယားသာ အလှဆုံး၊ ဆုံးဖြတ်တတ်၏။

အရူးပြေ၊ အမူးပြေသော ကာလ၌ကား ကမ္ဘာမှာရှိသမျှမိန်းမ ငါ့မယားထက်အသာဆုံး ပြောင်းလဲလာတတ်၏။ တစ်ဖန် မယားရစတို့၌ ကြည့်မ၀၊ ရူမ၀ ဖြစ်ကြသလောက် အရေလည်သွားသောအခါ မျိုးများ၌ကား ကြည့်မရ၊ ရူမရသို့လည်း ဆုံးဖြတ်ချက် ပြောင်းလဲတတ်သေး၏။ ဤသည်မှာ အာရုံများခြင်း၊ စိတ်ကစားခြင်းများ၏ သာဓကတည်း။

ထိုအာရုံများ စိတ်ကစားနေတတ်သော လူလတ်ပိုင်းတို့၌ အချိန်နာရီဓကား ရံခါ မိနစ်ပိုင်းနေရာသို့ ရောက်သွားတတ်ပြီး ရက်ကား နာရီပိုင်းမျှနေရာသို့ သက်တမ်းတိုအဖြစ် ၀င်ရောက်လာတတ်၏။ နှစ်သည်လည်း ရှေ့သင်္ကြန်နှင့် နောက်သင်္ကြန်တို့ ခြေရာချင်းထပ်၍ ကပ်လိုက်နေသည့် ပမာမျှသာ ရှိချေတော့၏။

စိတ်သည် အာရုံနှင့် ပျော်ပါးလျက်က နှစ်ကိုပင် မေ့ပျောက်ထားခြင်း၊ သို့ဆိုသော် ဆင်နှင့်လူ ဘယ်သူ အမေ့ပိုသနည်း။

၃။ ကိလေသာတို့အကြား ရေလိုက်မှားပြီးသော လူကြီးပိုင်း၌ကား ဦးစွာ ငါတို့လင်မယား တစ်ပတ်စာဝမ်းစာ ဖူလုံနေရာမှ တစ်လစာအထိ တိုးမြှင့် အပူမြှိုက်ခံရကား ဖွေရှာစွန့်စား လောင်မီးပွားခံခဲ့ရသော အပူမီး။

ထို့နောက် သားသမီးတို့ ဟောတစ်ယောက်၊ ဟောတစ်ယောက် ပေါက်လာလေတိုင်း သားဖို့၊ သမီးဖို့ဟူ၍ ကျောပြင် ဘို့တင်ခံရရာမှာ ဖွေရှာစွန့်စား လောင်မီးပွာခဲ့ရသော အပူမီး။

ထို့နောက်၊ ထို့နောက် မိသားစုအားလုံးအတွက် လစာမှ နှစ်စာ၊ ဘ၀စာ ဖူလုံရေးကြီးအထိ မီးတက်၍ အလောင်ခံရရာမှ ဖွေရှာစွန့်စား လောင်မီးပွားခဲ့ရသော အပူမီး။ ထိုထိုအပူမီးတို့ အထပ်ထပ် အဟပ်ခံထားရသည်ကြောင့် ပင်ယံထက်မှ အညှာရင့် အကြောသန် သစ်ရွက်သည် အောက်မြေပြင်မှ တောမီးတို့၏ အငွေ့အရှိန်မျှလောက် အဟပ်ခံရစဉ်ပင် တလွင့်လွင့် လူပ်ရမ်းခါနေသည့်ပမာလည်းကောင်း၊ အရေခန်းခြောက်၊ နွမ်းခြောက်ခြောက်နေသည့်ပမာ လည်းကောင်း စိတ်လည်းဂနာမငြိမ်၊ ကိုယ်လည်း ဣနြေ္ဒမရတတ်ပြီ။

ရုပ်သက်ကသာ ခြောက်ဆယ်ကျော်ပြီး စိတ်သက်တော် ငယ်နေသေးလျှင်ကား အရွယ်ရ၍ အိမ်ထောင်ကျလာပြီဖြစ်သော သမီးစုံတွဲ၊ သားစုံတွဲများ ကြည့်လျက်ကလည်း ရီနေတတ်သေး၏။ မိမိနံဘေး အဖွားကလေးကို ကြည့်၍လည်း ပီတဇောပျံ တစ်ဖန် ပြန်ကျနေတတ်သေး၏။ ဖားတု၍ ခရုခုန်ပမာလည်း ဖြစ်နေတတ်သေး၏။

ထိုမှနောက် သားမှပေါက်သော မြေး၊ သမီးပေါက်မြေးတို့ ရောက်လာသောအခါတွင်လည်း နောက်က လိုက်လာသော အပူမီးအရှိန်တို့သည် မြေးတို့ကိုကြည့် မြေးအထိလိုက်၍ တောက်လောင်တော့လေကုန်ရာ သေခါနီးလေ အလောင်းကြီးလေသာ ဖြစ်တော့၏။

ထိုသို့သော ဖိုးကလေးကြီးတို့အရွယ် အထက်ပိုင်းတို့၌ အချိန်သည်လည်းကောင်း၊ နေ့ရက်သည်လည်းကောင်း၊ နှစ်တို့သည်လည်းကောင်း၊ မြေးအလူပ်ဝယ် စိတ်နစ်မြုပ်သွားပြီဖြစ်ရကား ဘာဆိုတာမျှသတိမရကြပြီ။ ဆောင်းသတိပေး အေးမှန်းသိ၏။ ဆောင်းပျောက်က အသိလည်း ပျောက်ရ၏။ နွေပူလျှင် အသိပူလာ၏။ နွေပျောက်က ထိုအပူသိလည်း လုံးလုံးကြီး မေ့ရ၏။ မိုးလိုက်လျှင် အိုက်မှန်းသိလာ၏။ မိုးကုန်သော် အိုက်ပုံအိုက်နည်းလည်း ပွဲသိမ်းပြီး ဖြစ်သွား၏။

ထိုသို့ အမေ့သန်အား ကြီးလာသော် သူငယ်ပြန်ဘ၀သို့ပင် ဆိုက်ရရှာတော့၏။ ထို သူငယ်ပြန်ဘ၀ အဘိုးသုညသည် ကလေးအောက်က ကလေးမျှသာတည်း။

ဆင်သည် လူ့ထက် မေ့၏။

သို့သော် သခင်ခိုင်းက မဆိုင်းမတွ ပြုကျင့်ပေးတတ်ပါသေးသည်။ လူသည် အသိဉာဏ်အားဖြင့်လည်းကောင်း၊ ဘ၀အားဖြင့်လည်းကောင်း ရင့်ကျက်လေပြီးသော လူရင့်မာကြီးများ ဖြစ်ကြပါလျက်က မေ့မေ့မနေသင့်၊ လူလိမ္မာ ပညာရှိတို့ လေ့ကျင့်ပေးပါသည်ကို ပေလျက်က ဘဲကျင့် မကျင့်သင့်။

ထိုသို့ မေ့ကျင့်၊ ပေကျင့် ကျင့်နေသမျှ ကာလပတ်လုံး လူသားသာဖြစ် လူမစစ်နေရာမှ မတက်ရပြီ။ ဘ၀ရင်းစား ပြန်မရသည့်အခြေသာ ဆိုက်ရပေလိမ့်မည်။ နေရင်း ပြန်လျက်က ငယ်စာရင်း အလှန်ခံရပေလိမ့်ဦးမည်။ စင်စစ် သိသော မသိသည် မသိသော မသိထက် အထိနာမည်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment