အထက်ကဆိုခဲ့ပြီး (တိရစ္ဆာန်ဘ၀ မသိရာမှ သတ္တ၀ါစခဲ့ရခြင်း၊ ထို တိရစ္ဆာန်ဘ၀ဖြင့်ပင် ခန္ဓာအဆင့်ဆင့် ရင့်ကျက်အောင် မွေးထုတ်ခဲ့ရခြင်း၊ သူတစ်ပါးအပေါ် ရက်ရောမူဖြစ်သော ဒါနကောင်းမူတစ်ခုလေးမျှကိုပင် နို့တိုက်၊ အစာခွံ့ ဘ၀မျိုးရောက်လေမှ ပြုကျင့်တတ်လာခြင်းများကြောင့် လူသား တစ်ကြိမ်မျှ လာရောက်ဖြစ်ရပါသည်ကို) စကားတို့ဖြင့် လူ့ဘ၀ ရောက်ရပုံများ သိနိုင်လောက်ကြပြီ၊ ထိုလူ့ဘ၀ ရောက်ပြန်ပါသော်ကား၊ တိရစ္ဆာန်အာရုံ အထုံများခြင်း၊ မသိရာမှစခဲ့ရသော မောဟဗီဇ အလေ့ကျပါလာခြင်းများကြောင့် မေ့မေ့ပျောက်ပျောက်တို့ဖြင့် အချိန်ကုန်ကာ ဒုံရင်းပြန်သွားရပါသည်ကိုလည်း အထက်က ဆိုခဲ့ပြီးစကားတို့ဖြင့်ပင် သိနိုင်လောက်ကြပြီ။
ထိုသို့ ဒုံရင်းပြန်သွားရာ၌ -
လူ့ဘ၀က စုယူသွားသော ရိက္ခာထုပ်သည်လည်း မောဟကသာ များလွန်လွန်းရကား တိရိစ္ဆာန်တစ်ဘ၀မျှရလျှင်ပင် ဘ၀တစ်ရာ တစ်ရာမျှ ပွားသွားချေတော့၏။ လူသေ၍မှ တရားနှလုံးသွင်းပြီး မသေတတ်ခဲ့ရာ တိရစ္ဆာန်သေရာ၌ကား ဆိုဖွယ်ရာ မရှိတော့ပြီ။ ၎င်းခံစားခွင့်ရရာ တိရစ္ဆာန်ကိုသော်လည်း အာရုံပြုသေမည်။ သို့တည်းမဟုတ် ၎င်းခံစားခံရရာ တိရစ္ဆာန်ကိုသော်လည်း အာရုံပြု သေချေမည်။ ထိုအခါ တိရစ္ဆာန်မှ တိရစ္ဆာန်သို့ကား ပြေးမလွတ်ပြီ၊ တိရစ္ဆာန် တစ်ဘ၀အတွင်း ခံစား၊ မှတ်သား၊ အားထုတ်၊ အသိမှား ထိုလေးချက်တို့ကလည်း ဘေးမှ ပံ့ပိုးပေးလျက် ရှိနေကြရကား တိရစ္ဆာန်မှ တိရစ္ဆာန်သို့ကား ပြေးမလွတ်တော့ပြီ။
- လူသားများနှင့် ဖီလာကန့်လန့် ကျင့်ခြင်းသည် တိရစ္ဆာန်အကျင့်။
- မဂ်ဖိုလ်တရားများနှင့် ဖီလာကန့်လန့်ကျင့်ခြင်းသည်လည်း တိရစ္ဆာန်အကျင့်။
ထိုတိရစ္ဆာန်အကျင့်သည် မသိခြင်းမောဟနှင့် မေ့မေ့နေတတ်ခြင်း၊ ပမာဒတို့ ဦးဆောင်လေ့ကျင့်ပေးသော အကျင့်မျိုးများ ဖြစ်ကြ၏။ သို့ကြောင့် တိရစ္ဆာန်ပြည် အနေကြာလေ လူစိတ်ကင်းမဲ့လေ ဖြစ်ရတော့၏။ လူ့စိတ်နည်းပါးလေ မဂ်တရား၊ ဖိုလ်တရားအကြား မသွားသာလေလည်း ဖြစ်ရ၏။ လူ့ဘ၀ တစ်ခါတစ်ခေါက် ရောက်ခဲ့စဉ်တုန်းက အများတုပ၍ ပြုခဲ့ရသမျှသော ဒါနစသည့် ကောင်းမူမျိုးစေ့များကလည်း ငါစွဲမကင်းသော ဒိဋ္ဌိ ၀တ္ထု အလှူခံ ပုဂ္ဂိုလ်စွဲ မကင်းသော တဏှာတို့ကြောင့် မဂ်ဖိုလ်၏ အထောက်ပံ့ဖြစ်မလာဘဲ ပြိတ္တာနှင့် တိရစ္ဆာန်စသည့် အပါယ်ဘ၀များ၏ မျိုးစေ့မျှသာ ဖြစ်သွားတော့၏။
ထို ဒါနမျိုးစေ့၌ တစ်ဖက်သှို့ ပေးလို၊ ကမ်းလိုသော စေတနာနှင့် သာယာတပ်စွဲ ငါစွဲကြီးမူ စေတနာဟူ၍ နှစ်မျိုးရှိလေရာ၊ အကယ်တိတိ ပေးကမ်းလိုမူ ပရဟိတ(သူတစ်ပါးအကျိုး သည်ပိုးလိုမူ) ဘက်က အင်အားကြီး၍ အသာစီးဖြင့် လက်ချက်ဦး မိသွားခဲ့သော် မောဟရှိန်အား နည်းသွားစဉ် တိရစ္ဆာန်ဘ၀တစ်ရာမျှ မျောပါပြီးနောက် လူ့ဘ၀သို့ အလည်တစ်ခေါက်မျှ လာခွင့်ရ၏။ လူ့ဘ၀၌ ကိုယ်ပြီး၊ ကိုယ်ပိုင်အဖြစ်ဖြင့် ကြောက်လန့်ရွှံ့ထိတ်ခြင်းကင်းရှင်းစွာ ခံစားခွင့် သာစေ၏။ သာယာတပ်စွဲမူ စေတနာကား လူ့ဘ၀ကို တာဝန်မယူနိုင်ချေ။
ထိုလူ့ဘ၀သည် ဒုတိယမြောက် လူ့ဘ၀ဖြစ်သဖြင့် တိရစ္ဆာန်များထက် အင်အားသာလာပြီကို သတိပြု။
ထိုလူ့ဘ၀သည် ကိုယ်ပြီးကိုယ်ပိုင် ဖြစ်သဖြင့် တရစ္ဆာန်များထက် စွမ်းချက် ပိုလာပြီကို သတိပြု။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment