ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 28 February 2013

မတူသော ဘ၀နှစ်ခု စိတ်ကို အလုအယက်

မောဟနှင့် သတိသည် မတူသော ဆန့်ကျင်ဘက်နှစ်ခု ဖြစ်၏။ အယုတ်ဘက်၌ မောဟခေါင်းဆောင် အမြတ်ဘက်၌ သတိ ခေါင်းဆောင်၏။

စိတ်ကား သိရုံမှတစ်ပါး သူ့၌ အခြားသတ္တိ ဘာမှ မရှိ။ ထိုခေါင်းဆောင်နှစ်ခုတို့သည် -

၁။ အလင်းနှင့်အမှောင် အတူမတွဲဘိသို့၊ မေ့နေခြင်းနှင့် အမှတ်ရနေခြင်းတို့လည်း အတူတွဲ၍ အထဲဝင်နေရိုး မရှိကြချေ။

၂။ အိပ်ပျော်နေခြင်းနှင့် နိုးထခြင်းလည်း ဆန့်ကျင်ဘက် ကစားနေဘိသို့ မောဟနှင့် သတိသည်လည်း ဆန့်ကျင်ဘက်အားဖြင့် အပြန်အလှန် ကစားနေကြ၏။

၃။ အငှားအလုပ် ခေါင်းဆောင်နေရာက ၀င်ရောက်၍ ခိုင်းစားနေသူနှင့် ကိုယ်ပိုင်အလုပ် ကိုယ်တိုင်ပင် ၀င်လုပ်နေသူနှစ်ဦးကဲ့သို့လည်း ပမာတူချေ၏။

ထို မတူသော အမေ့နှင့် မှတ်မိတို့သည် အမေ့ဘက်က အားသာလာလျှင်စိတ်ကို မေ့ပျောက်စေပြီး အမှတ်ဘက်က အားသာလာလျှင် စိတ်ကို အမှတ်ရဘက်သို့ တွန်းပို့နေ၏။

ထိုတွင် -

၁။ ထိုစိတ် အမေ့များသွားလျှင် ဘ၀သည်လည်း လာရာလမ်းသို့ ပြန်ပို့ပေးမည်။

ထိုစိတ် အမှတ်များထားလျှင် ဘ၀သည်လည်း အထက်တက်စေရမည်။

သည့်အတူပင်လျှင် -

အမေ့သန်၊ အသေများခြင်း၊ အမှတ်သန် အသေနည်းရခြင်း တို့သည်လည်းကောင်း၊

အမေ့သန်၊ အောက်ဆင်း၊ အမှတ်သန် အထက်တက်ရခြင်း တို့သည်လည်းကောင်း၊

တစ်ဦးတည်း၏ သဏ္ဌာန်ဝယ် -

ထိုနှစ်ခု သူလု၊ ကိုယ်လု ဆွဲနေကြပြီး တစ်ဦးတည်း၏ ဖြစ်စဉ်၌လည်း ထိုနှစ်ခု အလုအယက်သာ လွန်ဆွဲနေကြ၏။

နောက်နောက်ကလည်း ထိုနှစ်ခု အလုအယက်တည်း။

ယခု နေဆဲ၌လည်း ထိုနှစ်ခု အလုအယက်တည်း။

ထိုတွင် -

အောက်လမ်းပြန်တို့သည် အမေ့ဘက်က အလုသန်သွားသောကြောင့် ဖြစ်၏။ အထက် တက်သွားသူတို့ကား အမှတ်ရဘက်က အလုသန်သွားသောကြောင့် ဖြစ်၏။

သို့ကြောင့်… မနေလို မသေလိုသူတို့သည် အမှတ်ကိုသာ အားကိုးကြလေကုန်၏။ နေလိုသေး၊ သေလိုသေးတို့ကား အမေ့ကိုသာ လက်သပ် မွေးကြလေကုန်၏။

သင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း -

ထိုစိတ်တစ်ခုတည်းရှိ လမ်းကြောင်းနူတ်ခမ်းဝ နှစ်မျိုးတို့ပေါ်တွင် မည်သည့်နူတ်ခမ်းဘက်ကနေ စခန်းဆက်ကြမည်နည်း။

၂။ တစ်ဖန် လောဘကား မောဟအသိပေးထားသော မသိကောင်းကိုလျှင် အကောင်းထင်မှတ်မှားပြီး၊ စိတ်ကို အမည်းဖုံး စည်းရုံးကျုံးသွင်းကာ ကိုယ်ကို ခိုင်းစားပေးရ၏။ ၎င်း အကောင်းထင် တစ်ယူသန်သန် စွဲလမ်းနေသော အာရုံထင်ဝတ္ထုကို မရမချင်း စိတ်ကို ပူဆာနေလျှင် ၎င်းပူဆာစဉ် နှလုံးသွေး ချင်းချင်းရဲ တက်လာတော့သဖြင့် စိတ်ကား မကြည်လင်ပြီ။ လောဘပူးဝင်ကာ ပူဆာခံနေရသဖြင့် နှလုံးသွေးတုန် ဆွေ့ဆွေ့ခုန်လာရကား ရှေ့ရေးဆို ဘာဆိုဘာမျှ ပြေးသိခွင့် မရပြီ။ ထိုအခါ ဘာဖြစ်ဖြစ် အတွေးမှတစ်ပါး အခြားအတွေး အရေးမလှပြီ။ တုံးဆိုတိုက်၊ ကျားဆိုကိုက် စိတ်ထားမျိုး တိုးဝင်လာသောစိတ် မည်သို့မျှ မအေးရတော့ပြီ။

၃။ ဒေါသကား မောဟက အချက်ပြထားသော မသိဆိုးကိုလျှင် တကယ့်အဆိုးထင် အမြင်ပေါက်သွားပြီး စိတ်ကို အမည်ဖုံး စည်းရုံးကျုံးသွင်းပေးရကာ ကိုယ်ကို ခိုင်းစားပေးရ၏။ စိတ်နွမ်း၍ ကိုယ် သရမ်းပေးရသော တာဝန် ဒေါသမှာ ရှိ၏။

၎င်း အဆိုးတင် ကန့်ကွက်ချေမူန်းရန် ပြင်ဆင်နေစဉ် နှလုံးသွေးသည် ပူလွန်းလှသဖြင့် မည်းတူသွားတော့ကာ ထိုနှလုံးမှီစိတ်သည်လည်း အကြည်ပျောက်၍ မည်းနောက်သွားတော့ပြီ။ နောက်အရေးကို ဘာကိုမျှ မမြင်ရတော့ပြီ။ ထိုအခါ သေတစ်နေ့ မွေးတစ်နေ့ဟေ့ ကြုံးဝါးသံများ အရှက်နှင့် လူလုပ်လာတာဟေ့ အသက်နှင့် လူလုပ်နေတာမဟုတ်ဘူး၊ ကြွေးကြော်သံများ၊ သောသောညံသွားစေတော့၏။ ဒေါသ၀င်အစီးခံလိုက်ရသော ထိုစိတ် မည်သို့မျှ အေးခွင့်မရတော့ပါပြီ။

အထက်ပါ သဘာဝအုပ်စုကြီး သုံးမျိုးတို့သည် -

မောဟကား စကားပြောကောင်းသော နိုင်ငံရေးခေါင်းဆောင်ကောင်း တစ်ဦးပမာ အရာရာတွင် ကြမ်းပိုးကိုကား လိပ်အသွင်မြင်စေပြီး၊ လိပ်ကိုကား ကြမ်းပိုးအသွင် ထင်စေ၏။ သူ့ကြောင့်ပင် အကြိုက်ပေါ်ပြီး သူ့ကြောင့်လျှင် အမုန်းပေါ်ရ၏။ သို့ကြောင့် ထိုမောဟ၏ မသိပိုး အပိုးခံထားရရှာသော လူသားတို့၏ ပြုံးလိုက် ရယ်လိုက် ပြုလုပ်ကြရခြင်း၊ ခေါင်းညိတ်ခေါင်းခါ ပြုလုပ်ကြရခြင်း၊ လက်ကမ်း၊ လက်ရုပ် ပြုလုပ်ကြရခြင်းများသည် ချစ်ခြင်း၊ မုန်းခြင်း ကိစ္စ ပေါ်ပေါက်စေသည်အထိ ဖြစ်လာကြရ၏။

ထိုမောဟသည် -

(က) မြင်၍မှ မကြိုက်ဖြစ်သေးလျှင် ကြိုက်စရာအသွင် ရှေ့ကနေ ဖန်ဆင်းပြပေးပြီး ကြိုက်လာပြီဆိုလျှင်ကား ကြိုက်စိတ်မှတစ်ပါး တခြားစိတ် မ၀င်သာအောင် တံခါးပိတ် ပေးစားတတ်၏။

(ခ) မြင်၍မှ မမုန်းဖြစ်သေးလျှင်လည်း မုန်းစရာအသွင် ရှေ့ကနေ ဖန်ဆင်းပေးထားပြီး မုန်းသွားပြီဆိုလျှင်ကား မုန်းစိတ်မှတစ်ပါး အခြားစိတ်များ မ၀င်သာအောင် ကာဆီး ရန်တိုက်ပေးတတ်၏။

ယနေ့ ဖြစ်ပွားနေသော မကောင်းမူ လူကြောင့်မဟုတ်။

မကောင်းမှန်း မသိသော မောဟကြောင့်ပင်တည်း။

ထို သုံးမျိုးတို့တွင် မသိနှင့် အကြိုက် နှစ်မျိုးတွဲ ပွဲထုတ်ခံရသော လူသား၏စိတ်၊

မသိနှင့် အမုန်း နှစ်မျိုးလုံး၍ အသုံးခံထားရသော လူသား၏ စိတ်များသည် “ကျွဲလူးအိုင်၊ ရွှံ့ပုပ်ရေတို့အကြား ကျက်စားနေရသော သင်းကွဲငါး ပမာ” မိမိ၏ သွားရမည့်လမ်း မှန်းဆ၍ မရပြီ။ ကြည်လင်လန်းဆန်းခြင်း ပေါ့ပါး ဖျတ်လတ်ခြင်း၊ အလျဉ်းမရှိပြီ။

၎။ ထိုစိတ်အာရုံယူ အတူပေါ်လာလျှင် ဘက်ပြိုင်ရန်လည်း ၀န်မလေးပြီ။

၅။ အာရုံပိုင် ကိုင်ခွင့်ရလျှင်ကား အပိုင်သိမ်းပိုက်ရန်လည်း လက်မနှေးပြီ။

၆။ အာရုံတိုက်နှင့် မကြိုက်တကြိုက် ဖြစ်နေလျှင်ကား အမှား၊ တွေးတောဆင်ခြင်ရန်လည်း ၀န်မလေးပြီ။

၇။ အာရုံအလိုက်များသဖြင့် စိတ်နွမ်းပါးလာသောအခါ အာရုံလက်လွှတ်ချထားရန်လည်း ၀န်မလေးပြီ။

၈။ အာရုံအမှား အတိုက်များရာသို့ ပြေးဆော့ကစားရန်လည်း ၀န်မလေးပြီ။

၉။ အများ၏ ရှေ့၊ ယုတ်ညံ့ကျင့် ကျင့်ရန်လည်း မရှက်တတ်၊ မကြောက်တတ်ပြီ။

၁၀။ နောင်ရေးကိစ္စ၊ နောင်ဘ၀စကား ကြားပင် မကြားရတော့၍ နောင် ကြောက်လည်း မရှိပြီ။

ထိုဆယ်မျိုး စိုးမိုးထားသော စိတ်အစဉ်ကို ပူမူတို့က ဖိစီးနှိပ်စက်နေကြတော့ရကား ညစ်နွမ်းလျက်သာ ရှိ၏။ စိတ်နေကိုယ်ခန္ဓာကြီးသည်လည်း ပင်ပန်းလျက်သာ ရှိ၏။ ထိုဆယ်မျိုးတို့သည် သူ့ကိုယ်အကျိုးယောင်ယောင်နှင့် သူတို့အကျိုး သူတို့ သယ်ဆောင်သွားကြသူများချည်း ဖြစ်ကြ၍၊ ကိုယ့်လူ သူ့ဘက်သား အတွင်းနေ ရန်သူများ ဖြစ်ကြ၏။

၁။ ဘာသာအချင်းချင်း စစ်ခင်းနေကြသည်မှာ ထိုအတွင်းရန်ဘေး၊ မအေးကြသေး၍တည်း၊

၂။ တိုင်းပြည်အချင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

၃။ လူမျိုးအချင်းချင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

၎။ လင်မယားချင်း အခန်းတွင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

စစ်မြေပြင်ဝယ် သံချပ်ကာကားကြီး၏ သေနတ်ပြောင်းဝထိပ်မှ ကျည်ဆံကြီးများ တဒုန်းဒုန်း ပေါက်ကွဲမြည်ဟီးသံကြီးများနှင့်အတူ ပြင်ပစစ်တလင်းဝယ် စစ်ခင်းနေပါ၏။

ထိုပြောင်းဝ၊ ထိုကျည်ဆံတို့သည် အတွင်းလူ အကူမပါဘဲ တိုက်ပွဲမ၀င်နိုင်။

ဤကား ခန္ဓာတွင်းရှိ အတွင်းရန်များတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment