ထိုသို့ မီးတွင်းသားကလေးဘ၀မျှဖြင့် သေလွန်ရလေသူသည် ထို ကလေးအရွယ်သည် ငိုကောင်း၊ ရယ်ကောင်းကာလမျှ ရှိသေးရာ မိဘတို့ ထိန်းသိမ်းယုယသည်ကိုပင် အမေမှန်း အဖေမှန်း မသိတတ်သေးပြီ။
သို့ကြောင့် ဤအခြေအနေဖြင့် သေပွဲဝင်သွားရသော် လူ့ဘ၀၏ လူစွဲကား နည်းနည်းလေးမျှ ပါသွားလိမ့်မည် မဟုတ်ပြီ။ အတိတ်ကံပေါက် ကျောထောက်နောက်ခံထားရာ၏ ဆက်လက်ဆွဲခေါ်ရာသို့သာ ဆက်လက်လိုက်ပါရမည်ဖြစ်ရာ -
၁။ ထိုအတိတ်ကံသည် လောဘအားကြီးသော ကံဖြစ်အံ့၊ ထိုမီးတွင်းကလေး ပြိတ္တာကောင်အခြေပေးကို သွားရောက်ခံယူရတော့မည်။ လောဘသည် ဥစ္စာစွဲဖြစ်အံ့၊ မိမိဥစ္စာထုပ်ထားရာအတွင်း သက်ဆင်းရလျက်က ငြိနေသော နေရာကပ် ကပ်သောနေရာ တွယ်တာ တွယ်တာသောနေရာ စောင့်နေရုံမှတစ်ပါး အခြားမရှိ၊ ဥစ္စာစောင့်ဘ၀မှ ဥစ္စာသုံးဘ၀ မဆက်နိုင်ပြီ။
မသုံးရသောအစွဲသည် သုံးရသောအစွဲထက် ပိုအထိနာ၏။ မသုံးရသော အစောင့်သည်လည်း သုံးရသော အစောင့်လောက် အကျိုးမများ။
သို့ကြောင့် ပြိတ္တာသည် အစောင့်သက်သက်မျှသာ စားရမဲ့ သောက်ရမဲ့ဘ၀သာ အခြေအနေရှိ၏။ မမြင်ရာ၏ အလုအယက် အနှောက်အတားလည်း ရှိ၏။ လူသားတို့၏ တူးဆွလုယူခြင်းစသည့် အဖျက်အဆီးလည်း ရှိ၏။
ထိုအခါ -
လူ့ဘ၀အဆုံးခံပြီး ကြိုက်ထားရသော အကြိုက်ဆုံးဥစ္စာ၊ လက်လွှတ်ဆုံးရူံးခံလိုက်ရသဖြင့် ရသောဒုက္ခ၊ အချင်းချင်း နိုင့်ထက်စီးနင်းပြုကျင့်မူကို ခံလိုက်ရသဖြင့် ရသောဒုက္ခ၊ နေစရာ အခြေပျက် အနေပျက် ဖြစ်သွားသဖြင့် ခံစားရသော ဒုက္ခ၊ ထိုဒုက္ခတို့ကို အကြောင်းခံကာ ဆက်တွဲပေါ်လာကြသည့် နှလုံးမသာယာမူ ဒုက္ခ၊ စိုးရိမ်ရမူ ဒုက္ခ၊ ငိုကြွေးရမူ ဒုက္ခ၊ ငိုမရ၊ ရယ်မရ မျက်ရည်ကုန် လူနွမ်း ပင်ပမ်းရမူ ဒုက္ခများကလည်း ဖိလာကြတော့မည်။
မခံနိုင် ပြန်ချ ချစရာရုပ်၊ ချစရာတုတ်ကလည်း မရှိ။
မခံနိုင် တရားစွဲ၊ စွဲစရာရုံး၊ စွဲစရာထုံးကလည်း မရှိ။
ထိုဘ၀မျိုးသည် ဘာမျှ မတတ်နိုင်တော့သော ဘ၀သေမျှသာတည်း။
မွေးရာပါ အခွင့်အရေးဆိုသော စကား၊ ထုံးတမ်းဥပဒေဆိုသောစကား၊ ထိုပြိတ္တာလောကမှာ မရှိ၊ တန်ခိုးအာဏာ အရှိန်ပါဝါ အသုံးချနိုင်ခွင့် ဖြစ်ပေါ်လာသမျှဘေး ဟန့်တားပေးနိုင်သော ရုပ်ဝတ္ထုပစ္စည်း ပြိတ္တာလောကမှာ မရှိ၊ စင်စစ် အစွဲကြောင့် စောင့်ရခြင်း၊ လိုချင်သူ လု ကြည့်ရူနေရခြင်းဖြင့် ထိုပြိတ္တာဘ၀ သက်မဲ့မျှသာ ဆိုရ၏။ ကိုယ်ပြီး ကိုယ်ပိုင် ဘာမျှ မတတ်နိုင်သော ဘ၀ဖြစ်သဖြင့်လည်း သက်မဲ့ဆိုရ၏။
သက်မဲ့နှင့်အသေ ဘာမျှ အခြေအနေ မထူးကြပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment