ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 14 February 2013

တူးရွင်းနှင့်မြက် တစ်ဖက်သတ်ပင် ဖြစ်ပါသည်

ယာရှင်ကိုင်စွဲထားသော တူးရွင်းကသာ ယာခွင်ရှိ ပေါင်းမြက်ကို သုတ်သင်ပေးပါသည်။ ယာခွင်ရှိ ပေါင်းမြက်ကား ယာရှင့်လက်ထဲရှိ တူးရွင်းကို မည်သည့်အခါကမျှ သုတ်သင်ပစ်ရိုး မရှိခဲ့စဖူးပါ။

မကောင်းကျင့် အကုသိုလ်ကား ပယ်အပ်သော တရား၊ မြက်အလားတည်း။

အပ္ပမာဒ မမေ့သတိကား ပယ်တတ်သောအရာ တူးရွင်းပမာတည်း။


(က) ယနေ့ သင်သည် မမေ့၊ ဤနေ့ သင့်စိတ်အစဉ် မကောင်းစိတ် တစ်ချက်မျှ မ၀င်တော့ပါပြီ။

(ခ) ယနေ့ သင် မေ့နေမိ၏၊ ဤနေ့ သင့်စိတ်တို့အကြား မကောင်းစိတ် လမ်းသလားနေပြီတည်း။

အထက်ပါဖြစ်ရပ်နှစ်ခုတို့ကို ဟုတ်မဟုတ် ကိုယ်တိုင် ပြုကျင့်ကြည့်ပါလေ။ သတိထားကြည့်ပြီးသော် တစ်ဖန် မေ့မေ့ပျောက်ပျောက် ပြန်လည်နေကြည့် ထိုကိစ္စ ရိပ်မိလောက်၏။
အကယ်တိတိ အထက်ရှိ (က) (ခ) တို့အတိုင်း သိလာသော် “အော်… လက်စသတ်တော့ မကောင်းမူ ဒုစရိုက်ဟူသည် ငါမေ့နေဆဲ ၀င်လာသော အရာပေတကား” ဟူ၍လည်းကောင်း၊ “ငါအမေ့ဖောက်နေဆဲ အညှောက်ထွက်လာခြင်းပေတကား” ဟူ၍လည်းကောင်း၊ အပိုင်သိ သိလာရပါမည်။ သို့မဟုတ် မသိချင်ဟန်ဆောင်ကာ ထိုအမှောင်မျိုးကို အချောင်သွင်းပေးနေသော ငါပေတကား။

စင်စစ် မကောင်းသောသဘောက မကောင်းမူ ပြုကျင့်နေသည်မရှိ၊ မိမိရှိ မသိမူကြောင့်သာ မိမိရှိ ဉာဏ်စရိုက်အမှောင်တို့က ဆောင့်လာခြင်းပင်။

(က) သို့ကြောင့် သင်သည် မကောင်းမူကို အလျင်း မကြောက်ပါလင့်၊ သင့်ထံရှိ မသိမူကိုသာ အထူးကြောက်ပါလေ။

(ခ) သင်သည် မကောင်းမူကို လုံးဝ မကြောက်လင့်၊ သင်တကယ်ကြောက်ရမည်မှာ သင့်ထံရှိ ဉာဉ်ဆိုး၊ စရိုက်ဆိုးများပင်တည်း။

ပစ္စည်းရှင် လူကုံထံတစ်ဦးအား ဓားမြတိုက်သွားကြသည်။ ဓားမြတို့က သတ်၍ ထိုပစ္စည်းရှင် သေဆုံးသွားသည်ဆိုစကား လားလားမျှ ယုတ္တိမတန်ချေ။

ဓားမြဟူသည် လူကိုမတိုက် ပစ္စည်းဓနကိုသာ တိုက်ယူပါသည်။

ဓားမြဟူသည် လူတွေ့တိုင်း မတိုက်၊ ပစ္စည်းဓနရှိရာကိုသာ တိုက်ပါသည်။

သို့ဆိုသော် ဓားမြနှင့်လူ အချင်းချင်း မတိုက်ပြီ။ ထိုလူ၏ ပစ္စည်း၊ ရွှေ၊ ငွေတို့အပေါ် တပ်မက်မူရာဂ၊ ထိုပစ္စည်း ရွှေ၊ ငွေတို့ကို မှီ၍ဖြစ်သော မာနကို သူ့ထံရှိ(ဓားမြထံရှိ) ပစ္စည်း၊ ရွှေငွေ ရလိုမူရာဂ၊ ဖက်ပြိုင် အနိုင်ကျင့်လိုမူမာနတို့က တိုက်ယူသွားခြင်းမျှသာ ထိုလူကို သတ်ဖြတ်ခြင်းမှာလည်း ဓားမြမဟုတ်၊ ပိုင်ရှင်၏ အနီးရှိ ရွှေ၊ ငွေတို့ကသာ ပိုင်ရှင်ကို သတ်သွားခြင်းပင်။ ၎င်း ထံရှိ ရာဂမာနတို့ကသာ ပိုင်ရှင်ကို သတ်သွားခြင်းပင်။

သို့ကြောင့် ဓားမြကို ကြောက်စရာ မလိုပြီ။ တကယ်ကြောက်ရမည်မှာ သင့်ထံရှိ ရာဂမာနတရားများနှင့် ၎င်းတို့ ရှာဖွေချပေးထားသော ရွှေ၊ ငွေဓနများသာတည်း။

သည့်အတူပမာလျှင် လူတို့တွင်လည်း မသိမူ၊ မေ့မေ့ပျောက်ပျောက်နေမူ မောဟသည် ကြောက်စရာအကောင်းဆုံးပင် ဖြစ်၏။ သူကပင်လျှင် မကောင်းမူကို ကျူးလွန်ပေးတတ်သော ကိလေသာတို့ကို ၀င်ခွင့်ပေး၏။ ၎င်းမောဟ၏ မသိကျိုးကျွံနေမူသည် ရာဂ၊ ဒေါသ၊ မာနတို့ လာရန် မျက်စိမှိတ်ပြခြင်းတည်း။

သူ့ကြောင့်ပင်လျှင် အကြိုက်ဝင်ကာ မြင်ရာစွဲလမ်းခဲ့ရ၏။

သူ့ကြောင့်ပင်လျှင် အမုန်းဝင်ကာ မထင်ရာ တိုက်ခိုက်ပေးနေရ၏။

ရှိရှိသမျှ အရာအားလုံးသည် သူ့အတွက်ကြောင့် ပြုကျင့်နေရခြင်းပင် ဖြစ်၏။ ကာမအာရုံ ခံစားရန်လည်း သူ့ကြောင့်ပင် ဖြစ်၏။ ကာမအာရုံ ဖယ်ရှားနေခြင်းသည်လည်း သူ့ကြောင့်ပင်ဖြစ်၏။ ဘာမဆို သူ့ကြောင့် သူ့ကြောင့်ချည်းပင်တည်း။

ယနေ့ အသိရှိလာ၏။ ထိုနေ့ မသိ၍ ပြုကျင့်သောအမူ မရှိတော့ချေ။

ယနေ့ အသိမြဲလာ၏။ ထိုနေ့ ထိုမသိကို လွှဲဖယ်နေစရာ မလိုတော့ချေ။

သတိသည် ထိုအသိ နိုးထလာရန် ထူမပေး၏။ မေ့နေသော စိတ်ကို အမှတ်ရစေပြီး မမေ့ရန်လည်း အမြဲ သတိပေးလေ့ရှိ၏။

သို့ကြောင့် ထိုသတိကို အပ္ပမာဒ မမေ့နိုင်သောသတိ အမှန်ရနေခြင်းဆိုရ၏။

ထို အပ္ပမာဒ သတိသည်ပင်

(၁) သိသင့်သိထိုက်စရာများကိုလည်း အမှတ်ရသိ၊ ထိုးထွင်းသိဖြင့် အားဖြည့်ပေး၏။

(၂) မသိသင့် မရှိသင့်သည်များကိုလည်း အမှတ်ပေးသိ ထိုးထွင်းသိဖြင့် တားမြစ်ပေး၏။

(၃) မိမိ၏ အာရုံနောက်သို့ လိုက်စိတ်ကိုလည်း မိမိခန္ဓာတွင်းမှာသာနေစေ၍ လက်ခံရန် အမိန့်ပေး၏။

ထိုသုံးမျိုးတို့သည် သတိတစ်ချက်တစ်ချက်၌ တစ်ပြိုင်နက်တည်း ပါဝင်စေသော သတိ၏ စွမ်းဆောင်ချက် အထူးတည်း။

သင်သည် စားစား၊ သွားသွား၊ နားနား၊ နေနေ၊ ထိုအမှတ်ရမူ သတိကိုသာ လက်ကိုင်ထားလျှင် ဘာကိုပင်လုပ်လုပ် ကိုယ်လုပ်သမျှ အလုပ်ထဲ၌ ထိုအမှတ်ရမူ သတိကိုသာ သွင်းပေးထားလျှင် အယုတ်ကိုလည်း အယုတ်အတိုင်း သိနိုင်ပြီး အမြတ်ကိုလည်း အမြတ်အတိုင်း သိသာလာနိုင်ပါသည်။ ဤကား အကောင်း၊ ဤသည်မှာ အဆိုးဟူ၍လည်း သမားရိုးကျအသိမှ ခွဲထွက်လာသော တကယ့်အသိ ကိုယ်ပိုင်အသိ ပေါ်ထွက်လာနိုင်ပါသည်။

ထိုအခါ ထိုသတိကပင် သိစရာရှိသည်ကို သိစေ၍ ပယ်စရာရှိသည်ကိုလည်း ပယ်ပေးပေရော့မည်။ မိမိက တမင် မျက်စိမှိတ် ပယ်စရာ မလိုပြီ။

သတိသည် ပယ်တတ်သော တရားလမ်းပြ ရှေ့ပြေးသမား။

မသိသည် ပယ်အပ်သော တရား လမ်းဆီးနောက်တားသမား။

ယနေ့ ထိုသတိကိုသာ သင်အားပြုလျှင် မသိသည် အလိုလိုစင်၏ အသိလည်း အလိုလို ၀င်၏။ အကယ်တိတိ သတိရှေ့သွား အသိနောက်လိုက်ဖြင့် သင့်စိတ်တွင် ရှေ့သွားနောက်လိုက် ထိုနှစ်ခင်း ညီမျှနေချေသော် မသိဝင်စရာနေရာ မရှိတော့ပါပြီ။

မသိသည် သတိမေ့နေမှ ၀င်လာတတ်ပါသည်။ သတိကသာ အမှတ်ရသွားလျှင် ယခု သတိရ ယခုပင်လျှင် ကွယ်ပျောက်ရပါသည်။ မည်သည့်အကြား တွယ်ကပ်ခိုနားနေသည်ဟူ၍ မရှိပါ။ မေ့နေခြင်းသည်သာ မသိခြင်းကို မွေးဖွားပေးသော အရာဖြစ်ပါသည်။ သင်ကသာ တိရစ္ဆာန်ဘ၀များစွာက ကူးယူလာသော အာရုံကြော မျှောလိုက်ခြင်း၊ မေ့မေ့ပျောက်ပျောက် နေလိုခြင်းများကို သတိဖြင့် ဟန့်တားဖျက်ထုတ်ပေးမည်ဆိုလျှင် ထို မွေးဖွားပြီး မသိသည်လည်း ပုခက်တွင်း၌ပင် သေသွားပါလိမ့်မည်။ မိခင်မေ့ခြင်းသည်လည်း ထိုမွေးဖွားသား မသိနှင့် ပြိုင်တူလျှင် နှစ်လောင်းပြိုင် သေပွဲဝင်ရပါလိမ့်မည်။

သင်သည် ငယ်လင် ငယ်မယား၊ ထိုမေ့ခြင်းကို မသတ်ရက်လော သတ်ရက်လော။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment