ယနေ့ မျက်မြင်လောက၌ အန္တရာယ်သည် အမျိုးမျိုးရှိ၏။ လူတို့ အနေဆန်းပြားသလောက်လျှင် အန္တရာယ်တို့ဖက်ကလည်း ထူးဆန်းလာမည်ဖြစ်၏။
ထိုအန္တရာယ်အားလုံးတို့ကို အကျဉ်းချုံးလိုက်လျှင် -
ကုန်းဘေး၊ ရေဘေး၊ လေဘေးဟူ၍ သုံးမျိုးမျှဖြစ်ပြီး ၎င်းတို့ကိုသာ အဓိကအဖြစ် ဤ၌ပြဆိုလို၏။
(၁) ကုန်း၌ အိမ်ပျော်နေရင်း ကားတိုက်ခံရမူ တွေ့ဖူး၏။
(၂) ရေ၌ မော်တော်ပေါ်နေရင်း ကားတိုက်ခံရမူ တွေ့ဖူး၏။
(၃) လေ၌ အိမ်ပေါ်မှာနေရင်း လေယာဉ်ပျက်ကျမီးလောင်မူ တွေ့ဖူး၏။
ဤသည်မှာ မြင်သာရုံ ကောက်ကြောင်းပန်းချီ ဆွဲပြခြင်းမျှသာ ရှိချေသေး၏။ သို့မဟုတ် အမှတ်မဲ့သမား၊ မျက်မြင်ဘေးထိပုံ၏ နမူနာပြမျှဖြစ်၏။
ထိုတွင် -
(၁) တစ်ချိန်က ပန်းဆိုးတန်းဝယ် မိမိတိုက်ထဲ မိမိဖာသာနေစဉ် မထင်မှတ်ဘဲ ဒေါ့ဂျစ်ကားတစ်စီးက ဘရိတ်ပျက်အရှိန်လွန်ပြီး ပလက်ဖောင်း လူသွားလမ်းကိုကျော်ကာ တိုက်ကိုဝင်ဆောင့်လေရာ ထိုအမှတ်မဲ့သမား ဒုက္ခများရှာရချေပြီ။
(၂) တစ်ချိန်က ပန်းဆိုးတန်းဝယ် မိမိတိုက်ထဲ မိမိဖာသာနေစဉ် မထင်မှတ်ဘဲ မော်တော်တစ်စင်း (သမ္ဘာန်တစ်စင်း) ဆိုက်ကပ်ကာ မော်တော်ပေါ်ပါတို့ အမှတ်မဲ့အလုပ်လုပ်နေဆဲ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသော လောလီကားကြီးတစ်စီးက အရှိန်လွန်ကာ မြစ်ထဲထိုးဆင်းသွားးကာ ထိုမော်တော်ကို ၀င်ဆောင့်လေရာ ထိုအမှတ်မဲ့ချမျာ ဒုက္ခများရရှာပြီ။
အထက်ပါတို့ကို လေ့လာလျှင် ကိုယ်တွေ့မမြင် မကြားခဲ့ရဖူးသူသင်ဖြစ်က မဖြစ်နိုင်ဟူ၍သာ ကောက်ချက်ချပေလိမ့်မည်။ သင်မယုံလျှင်သာ ရှိရမည်။ ဖြစ်ရပ်ကား အမှန်ပင်။
အိမ်မှာပင် အေးအေးလူလူ နေသောသူ ကားတိုက်ခံရ၏။
မော်တော်ဖြင့် မြစ်ထဲ အေးအေးလူလူနေသောသူ ကားတိုက်ခံရ၏။ ထိုသတင်းစကား လူကြားလို့မှ မကောင်းတော့ပြီ။ သို့သော် မကြားလို့ကလည်း မဖြစ်ပြီ။
အန္တရာယ်သည် နေရာလည်းမရွေး၊ အချိန်အခါလည်းမရွေးတတ်ချေ။ ထိုအန္တရာယ်ဖက်၌ မျက်စိမရှိ၊ အန္တရာယ်နှင့် ရင်ဆိုင်ရတတ်လေသူ၊ သင့်ဘက်မှသာ မျက်စိရှိဖို့နှင့် ရှိသောမျက်စိ ရှင်နေဖို့၊ သို့မဟုတ် မျက်လုံးမသေဖို့သာလို၏။ မျက်စိမပါသော ထိုအန္တရာယ်ဘက်မှကား သင့်အား ရှောင်ပေးလိမ့်မည်မဟုတ်ပြီ။
တစ်ဖန် အန္တရာယ်ကား အပေးသက်သက်၊ သင်ကား အယူသက်သက် -
ထိုအပေးနှင့်အယူတို့ ပက်ပင်းရင်ဆိုင် တိုးမိလေသောအခါ အပေးဘက်ကလည်း မျက်စိမပါ၊ အယူဘက်ကလည်း ပါပါသော်ကော မျက်စိသေဖြစ်နေမည်ဆိုလျှင် -
လမ်းပေါ်တွေ့ လမ်းပေါ်မှာပင် ပေးဖြစ်၊ ယူဖြစ်ကြလေရော့မည်။ အိမ်ပေါ်မှာတွေ့၊ အိမ်ပေါ်မှာပင်ပေးဖြစ်၊ ယူဖြစ်ကြပေရော့မည်။ သည့်အတူ ကားပေါ်တွေ့ ကားပေါ်မှာ၊ ရထားပေါ်တွေ့ ရထားပေါ်မှာ စသည်ဖြင့် တွေ့ရာတိုင်း၌ပင် ပေးဖြစ်ယူဖြစ်ကြပေရော့မည်။ စိတ်ချစရာအကွက် တစ်ကွက်ကလေးမျှ မရှိ။ အန္တရာယ်ကင်းသောနေရာ၊ အချိန်ဟူ၍လည်း တစ်စက်ကလေးမျှ မရှိလေသောကြောင့်တည်း။
ရံခါ - သူက လာပေးသည်လည်းရှိ၏။ ရံခါ သင်က သွားယူသည်လည်းရှိ၏။
ရံခါ - မရမကပေးသဖြင့် ယူခဲ့ရသည်လည်းရှိ၏။
ရံခါ - မရမကတောင်းသောကြောင့် ပေးလွှတ်လိုက်ရသည်လည်းရှိ၏။
သင်သည် မန္တလေးမှ ရန်ကုန်သို့ အမြန်ရထားကြီးဖြင့် စုန်ဆင်းလာခဲ့ပြီ။ အန္တရာယ်သည်လည်း သင်နှင့်အတူပင် လက်မှတ်မဲ့ပါလာခဲ့ပါ၏။ ထိုရထားကြီးကား သံထည်သံဘီးကြီးများဖြင့် အခိုင်အခန့် ပြုလုပ်ထားသဖြင့် -
(က) စိတ်ချပါ၊ အာမခံပါသည်၊ လိုက်သာလိုက်ခဲ့စမ်းပါဟူ၍ ထိုသံဘီးတပ် သံထည်ကိုယ်ရှင် ရထားကြီးက အာမခံပေးနေသယောင်ရှိ၏။ သို့တစေလည်း တစ်ဖက်ရှိ အန္တရာယ်ကောင်ကိုလည်း။
(ခ) စိတ်ချပါ၊ ကျုပ်ပေါ်ပါလာသမျှ အားလုံးဖျက်၍ရပါသည်ဟူ၍ ထိုသံဘီးတပ် သံကိုယ်ထည်ရှင် ရထားကြီးကပင် အာမခံပေး၍ သယ်ဆောင်လာခဲ့ပြန်ပါသည်။
တစ်နေရာရောက်သည်နှင့် ဘီးပူ၍ စက်ချွတ်ယွင်းသွား၍ စသည်များမှသည် နွားအုပ်ကြီးနှင့် တိုးမိ၍၊ ဘီးချော်သွား၍၊ ရထားချင်းတိုက်မိကြ၍ စသော အန္တရာယ်များ တစ်ခုမဟုတ်တစ်ခု ကျရောက်လာတော့ရာ -
စိတ်ချရသောအရာမှန်သမျှ စိတ်မချရပြီ။
ကြပ်ကြပ်စိတ်ချရလေ ကြပ်ကြပ်စိတ်မချရလေပင်တည်း။
သင်သည် ရထားကြီးက သို့မဟုတ် ရထားကြီးနှင့် နီးစပ်သူတို့က စိတ်မချပါ၊ အာမခံပါသည်ဆိုသဖြင့် စိတ်ချလက်ချ တစ်ကိုယ်လုံး တရစပ်ပုံကျစေကာ တွေးလိုရာတွေး၊ ငေးလိုရာငေးလျက်က လိုက်ပါလာသော် -
မသိသော အန္တရာယ်ကောင်နှင့် မမြင်သောသင်ကား တွေ့ကြပြီ။
အပေးကား မျက်စိမပါသော မသိကောင်းဖြစ်ရကား ၎င်းရှေ့ဘာတွေ့တွေ့ ဘုန်းကြီးမို့၊ ဘွားသီလမို့၊ လူမို့၊ ယောက်ျားမိန်းမမို့၊ ဘာသာခြားမို့၊ နိုင်ငံခြားသားမို့ ရှောင်လိမ့်မည်မဟုတ်။ ပေးဖြစ်အောင် ပေးသွားတော့မည်သာ။
အကယ်တိတိ ယူသောသင့်ဘက်ကလည်း မမြင်သောမသိကောင်းဖြစ်နေချေသော် ပေးသမျှယူထားလိုက်ရတော့မည်သာ၊ လူလူချင်းတိုက်မိသကဲ့သို့ ထိုအပေးကား “ဘွာ ဘွာ မတော်လို့ပါ၊ စိတ်မရှိပါနှင့်” တောင်းပန်သွားလိမ့်မည်မဟုတ်ပြီ။ သင်နှစ်သက်သည်ဖြစ်စေ၊ စိတ်တိုနေရစ်သည်ဖြစ်စေ အန္တရာယ်ကား သင့်အားမမူပေပြီ သူ့တာဝန်ကျေသွားသော် အေးသွားပြီ။
သို့ကြောင့် ကျလာသောအန္တရာယ် မိမိထံမှ လွဲဖယ်ရန် (သို့မဟုတ်) မသိသဖြင့် ဖြစ်ရသောဒုက္ခမှ လွဲဖယ်ရန်။
(က) သင်သည် ရထားစီးလျှင် အောက်သား၏ အောက်စိတ်ဖြင့် စီးပါလေ။
(ခ) သင်သည် သင်္ဘောစီးလျှင် အညာသား၏ အညာစိတ်ဖြင့် စီးပါလေ။
(က) ရေ၌ကျက်စားသော အောက်သူအောက်သားများသည် မွေးကတည်းက ရေပေါ်လှေတင် လှေပေါ်ပုခက်ဆင်ပြီး ကြီးပြင်းလာကြလေ့ရှိရာ လှေ၊ သင်္ဘော စိတ်ချ၏။ မတော်၍ လှေ၊ သင်္ဘောမှောက်သဖြင့် သေခါမှသေ၊ ထိုလှေသင်္ဘောနစ်မြုပ်ခြင်းကို ဆန်ဆေးတောင်း ရေထဲမြုပ်သလောက် ထိတ်လန့်တကြားမဖြစ်ကြ။
သို့တစေလည်း ကုန်းပိုင်းသို့တက်၊ မီးရထားကြီး တက်စီးရာ၌ကား ဘုရား-ဘုရား သံလမ်းပေါ်မှာ ဘီးလေးတစ်ခြမ်းပဲ့ထဲနဲ့ သွားနေရရှာတာ၊ မတော် ဘယ်အနားများ ချော်ကျတိမ်းမှောက်လေမလဲမသိ၊ စိတ်မကျလက်မကျပြီ။
(ခ) တစ်ဖန် ထိုအညာသားသည်လည်း စီးနေကျ ကား၊ ရထားများ၌ အထိတ်တလန့် မဖြစ်ကြချေ။ ရေပြင်သွား လှေ၊ သင်္ဘောစီးရာ၌ကား -
ဘုရား-ဘုရား ဒီလောက်နက်ကျယ်သည့် ရေပြင်ကြီးထဲမှာ ဖရဲသီးခွံလေးတစ်ခု မျှောချထားသလို လိမ့်လီလိမ့်လဲ့နှင့် ဘယ်အနားများ တိမ်းမှောက်သွားလေမည်လည်း မသိ။ ရင်တမမ စိတ်မကျ၊ လက်မကျ။
တစ်ဖန် ထိုသင်္ဘောကြီး ဆိပ်ကမ်းတစ်ခု ကပ်တော့မည့်ဟန်ပြင်လေတိုင်း၊ တဖန် ဆိပ်ကမ်းတစ်ခုမှ ခွာတော့မည်ဟန်ပြင်လေတိုင်း သင်္ဘောဝမ်းဗိုက်သည် ၀ပ်ကျင်းဝပ်ကြက်မကဲ့သို့ ပိပိပြားပြား မဟုတ်၊ မြေအပြင်နေပူထဲ တောင်ပံနေဖြန့်လှမ်းနေသော ကြက်မတစ်ကောင်ပမာ မြင်တွေ့ကြရရာ။
ဟဲ့-ဟဲ့ မောင်ရင်တို့၊ ကြည့်လဲလုပ်ကြပါဦး၊ မှောက်များသွားမှဖြင့် ရင်တမမ၊ ထိုအောက်သား အညာသားတို့၏ မိမိတို့ မသိကျွမ်းရာများနှင့် ခရီးသွားစဉ် စိတ်ချလက်ချမထား၊ သတိဖြင့်သာ သွားနေကြရသည့်ပမာ ဘယ်နေရာမဆို၊ ဘယ်အခါမဆို သင့်ဘက်က မမြင်ကောင်မဖြစ်ရန် အရေးကြီး၏။ ကြောင်တောင် ကန်းမဖြစ်မှ အန္တရာယ်ပေးမှန်သမျှ ပေးကာ ပေး၏မရဖြစ်မှာ သေချာ၏။
အပေးဖက်ကား မျက်စိမရှိ၊ တွေ့ရာပေးခွင့်ရ၊ သူ့တာဝန်ကျေအေးသွား၏။
သင်ဟူသော အယူဘက်ကသာ မျက်စိရှိ၏။ သို့သော် သင်၏ ရှိမျက်စိ အသိမပါသော် မျက်မြင်အန္တရာယ်သည် အိပ်နေချိန်ပင်ဖြစ်ပစေ၊ ပေးမသွား မရှိပြီ။ ဒုက္ခသည် မသိရာမှ စတင်၏ဆိုသော် အန္တရာယ်သည်လည်း ထို မသိသူကိုသာလျှင် မုချပေးတော့မည်။
ဤကား မေ့ခြင်း၏ လက်ငင်းအကျိုးအပြစ်များတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment