ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 26 February 2013

ဒုက္ခ ဒုက္ခ အရပ်ကတို့

အထက်၌ ဆိုခဲ့ပြီးသော

(၁) လူ့ဘ၀ - လူ့အခွင့်ရေးရစဉ် မောဟဆီးပိတ်ခံထားရရှာသဖြင့် မီးတွင်းသားဘ၀။

(၂) ပြိတ္တာဘ၀ - ဘာအခွင့်အရေးမျှ မရစဉ် လောဘဆီးပိတ်ခံထားရသဖြင့် အပြစ်ကျခံဘ၀။

(၃) ငရဲဘ၀ - ဒုက္ခလှလှကြီး တွေ့ရစဉ် ဒေါသ ဆီးပိတ်ခံထားခံရသဖြင့် ဒုက္ခရဘ၀။


(၄) တိရစ္ဆာန်ဘ၀ - အကြောင်းအကျိုး မသိရစဉ် မောဟ ဆီးပိတ်ခံထားရသဖြင့် အညှင်းခံဘ၀။

ထိုဘ၀မျိုးတို့ရှိ အန္ဓဉာဏ်မျက်စိကလည်း အကန်း၊ ဗာလ ပိတ်ဆီးထားရာ၏ နောက်ကွယ်ရှိ စိတ်ထားကလည်း အမိုက်၊ ပုထုဇဉ် မြင်ရာ ကြားရာ စသည်တိုင်းတို့၌ “ဟင့်အင်း-တော်ပါပြီ မရှိ” ကြိုက်မိလျှင်ကား အလိုက်၊ အကြိုက်မမိလျှင်ကား အတိုက်၊ မသိလျှင်ကား အမိုက်၊ ထိုသုံးစား တစားစားဖြင့် တစားတည်းစား၊ စားနေခြင်းကလည်း မရပ်မနားဟူးသော အန္ဓဗာလ ပုထုဇဉ်သားတို့သည် -

ဒုက္ခအရောင်းအ၀ယ်ဖြင့် အသက်မွေးဝမ်းကျောင်းရသူများသာတည်း။ ရံခါ တစ်ဖက်မှ ၀ယ်သယ်လာခဲ့ကြ၏။ ရံခါတစ်ဖက်သို့စောင်း ရောင်းချကြ၏။ အရောင်းအ၀ယ်မလုပ်သောနေ့ တစ်ခါမျှမရှိ။ အရောင်းအ၀ယ် မလုပ်မိသော အချိန်ဟူ၍လည်း တစ်ခါမျှမရှိ။ လူလူချင်း မတွေ့ရ၊ စိတ်ချင်းတွေ့၍ ရောင်းဖြစ်လိုက်ကြ၏။ လူလူချင်း ဆုံဆည်းမိရာ အခါ၌ကား -

မမြင်လိုက်နှင့် အရောင်းအ၀ယ် လုပ်ပြီးသားတည်း။

မကြားလိုက်နှင့် ဖောက်ပြီးကားပြီးသားတည်း။

(က) ထိုစဉ် ရောင်းချရာ၌ မိမိက အစွဲယူ သူ့ကိုအာရုံပေးကာ၊ ၀တ္ထုကိုပါ အသုံးချခွင့် ပေး၏။

(ခ) ၀ယ်ယူရာ၌ကား မိမိက သူ့ကိုယူ အာရုံမှ သူ့အပေါ်ထား၊ သူ့ကိုကား အစွဲဖြင့် ကစားစေ၏။ ဤနည်းဖြင့်လည်း အရောင်းအ၀ယ် ပြုလုပ်နေကြပါ၏။

(ဂ) တစ်ဖန် မိမိအတွင်းက ကိလေသာပူတို့၏ ထိုကျင့်မူဒဏ်ကို မခံနိုင်လွန်းရကား၊ သူတစ်ပါးအကူတောင်း၊ ကိုယ့်ကိုကိုယ် ပေါင်နှံရောင်းချသည်လည်း ရှိ၏။

(ဃ) သူတစ်ပါးတို့အတွင်း သူတို့ပိုင် ကိလေသာပူများ ထိုးဆင်းလာသဖြင့် ၎င်းတို့သည် မခံနိုင်၊ ကိုယ်သို့ လာကိုင်မိလေရာ အသာဆိုင်ပေးရသည်လည်း ရှိ၏။ ဤနည်းဖြင့်လည်း အရောင်းအ၀ယ် ပြုလုပ်နေကြရပါ၏။

တစ်ဖန်လည်း အာရုံခံစားဘက် အချင်းချင်း ပက်ပင်းတွေ့စဉ် -

၁။ မိမိမခံနိုင်သော ရင်တွင်းပူကိစ္စ၊ သူ့အား ဖွင့်ဟပြောဆိုကာ အပူသွင်းပေးခြင်း။

၂။ မိမိမအောင့်နိုင်သော စိတ်တွင်းပူကိစ္စ၊ သူ့အား ဖွင့်ဟပြောဆိုကာ အဆာသွင်းပေးခြင်း။

၃။ မိမိရင်ဆိုင်နေရသော ဘ၀ပေးဒုက္ခ ကိုယ်တွင်း၌ မဆံ့တော့သဖြင့် တိုင်ပင်နှီးနှောခြင်း။

ဤနည်းဖြင့်လည်း တစ်ဖက်နှင့် တစ်ဖက် သူ့ကိုယ်မျှ၊ ကိုယ်သူမျှ အရောင်းအ၀ယ်မီး ဆက်ပေးနေကြပါ၏။

ထိုဒုက္ခတို့ကို သည်ပိုးသွားလာနေကြရသူ လူတို့သည်ကား မိမိတို့ အကြိုက်ပေးဖျက်ဆီးပေးမည့် ဒုက္ခသည်က ဒုက္ခပေးနေကျအချိန် လာရောက်၍များ မပေးမိသော် “ငါ့ ဖောက်သည်ကြီး ဘာကြောင့် မလာပါချေသနည်း” အမျှော်ဖြင့်လည်း စောင့်ဆိုင်းနေတတ်၏။ အမျှော်ကြာသော်မှ ပေါ်မလာခဲ့ပါသော် ဒုက္ခပေးနေကျအချိန် လာရောက်မပေးရကောင်းလားဖြင့် မကျေနပ်ချင်ကြပြီ။

ထိုဒုက္ခအစုစုသည် လူတို့၌ နေ့စဉ်တွေ့နေကျ အတွေ့ချည်းမျှ ဖြစ်ကြလေရာ ထိုဒုက္ခအားလုံးတို့နှင့် ယဉ်ပါးလာခဲ့ကြပြီ။ သင်္ချိုင်းအတွင်းနေ သုဘရာဇာတို့၏ သားသမီးများ လူသေတို့ မြှုပ်နှံထားရာ မြေပုံတို့ကြောင့် ကြောက်လန့်စိတ် ကင်းမဲ့စွာဖြင့် ဆော့ကစားနေကြသည့်ပမာ ကြောက်ရမှန်း မသိတတ်ကြပြီ။ ဒုက္ခမကြောက်သူသည် ဆင်းရဲမှာကို ဒုက္ခမှန်း မသိတော့၍ ဆိုနေခြင်းမျှသာ ဖြစ်ရာတကယ် ဒုက္ခကြောက်လွန်းလှသဖြင့် ဆိုခြင်းကား မဟုတ်ပြီ။

သို့ကြောင့်လျှင် -

တစ်ဦးသည် အခြားမှ ဒုက္ခ သယ်ဆောင်လာပြီး တစ်ဦးသို့ ဖြန့်ဖြူးပေးနေပါ၏။

ထိုတစ်ဦးကလည်း ရပြီးဒုက္ခ အခြားသို့ သယ်ဆောင်သွားပြီး ပြန်လည်ဖောက်သည်ချနေပါ၏။

အရောင်းနှင့်အ၀ယ် ကုန်ချင်းဖလှယ်သည်လည်း ရှိ၏။ ကုန်ပေး ငွေယူလည်း ရှိ၏။ အကြေပေး၊ စာရင်တေးလည်း ရှိကြ၏။

ထိုအားလုံး ဈေးကွဲခါနီး စာရင်းချုပ်ကြည့်ကြသော်…

နိုင်သူလည်း ရူံး၊ ရူံးသူလည်း အရူံးတည်း။ အရောင်းမှား အ၀ယ်မှားချည်း ဖြစ်ကြရကား ရောင်းသူလည်းရူံး၊ ၀ယ်သူလည်း အရူံးတည်း။ အမြတ်ရသွားသူတို့ကား ကြားဝင်ကိလေသာစု အစွဲထုတို့သာတည်း။

ဖဲသမားတို့ ဖဲကစားကြရာ၌ ဒိုင်နိုင်၍ ထိုးသားများ ရူံးသည်လည်း ရှိ၏။ ထိုးသားအားလုံး ရူံးကြ၍ ဒိုင်စားသည်ချည်းလည်း ရှိ၏။ ထိုသား တစ်စိတ်တစ်ဒေသ ရူံးသည်လည်း ရှိ၏။ သို့တစေလည်း ထိုကစားဝိုင်းကြီးအနီး၌ကား -

နိုင်သူ့ထံကပ်၍ ငွေတောင်းသူ၊ နိုင်ရာအိမ်ဘက်မှ ကြားဝင်ပေါက်လေသူများနှင့် အခွန်အကောက် ကောက်ခံသူတို့မှာမူကား ရသမျှ အဖတ်တင်သွားကြပြီ။ ဖဲသမားတို့မှာမူကား နိုင်သူလည်းရူံး၊ အရူံးလည်း အရူံးတည်း။

သည့်အတူပမာလျှင် အာရုံကို ပုံဖမ်း၍ ချစ်ကြိုက်တမ်း ကစားနေကြသော ဒုက္ခသည်အားလုံးလည်း အဆုံးဝယ် လက်မြှောက်လျက်ကသာ သွားကြ ရချေပြီတကား။

ဤကား မေ့သူတို့၏ အကျိုးအပြစ်များတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment