ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 13 February 2013

ကိုယ့်အိမ်ကိုယ်ပြန်ရန်အလုပ်သည် လူ့တိရစ္ဆာန်အလုပ်

ထိုဘ၀သစ်လူသား တစ်သက်ကုန် ဘာကို ဦးစားပေး၍ လုပ်နေသနည်း။

ထိုဘ၀သစ်လူသား တစ်ရက်ကုန် ဘာကို ဦးစားပေး၍ လုပ်နေသနည်း။

ထိုအမေးကား ဘ၀သစ်လူသားမျှမက အနယ်ကျလူသားတိုင်း ဖြေဆိုရမည့် မေးခွန်းနှစ်ခုဟူ၍ မှတ်ပါလေ။

 
ယနေ့ လူသားတို့၏ သက်တမ်းသည် ပျမ်းမျှအားဖြင့် ရှစ်ဆယ်ဖြေဆိုရမည့် မေးခွန်းနှစ်ခုဟူ၍ မှတ်ပါလေ။

(၁) မွေးစမှ ဆယ်နှစ်တန်း၌လည်း မေ့လျက်က ကစားခြင်းဖြင့် ကုန်ဆုံးရ၏။

(၂) နှစ်ဆယ်တန်းသည်လည်း မေ့ခြင်းကြောင့် အာရုံဆွဲရာ၌လိုက် အားစိုက်လျက်က ကုန်ဆုံးရ၏။

(၃) သုံးဆယ်တန်းသည်လည်း အာရုံအလွန် ရာဂသွေမွှန်ခြင်းဖြင့် အချိန်ကုန်ရ၏။

(၄) လေးဆယ်တန်းသည်လည်း သားဇော၊ သမီးဇော မွှန်လျက်ကသာ အချိန်ကုန်လွန်ရ၏။

(၅) ငါးဆယ်တန်းသည်လည်း စီးပွားရေးဘက် ဉာဏ်နီဉာဏ်နက် ထုတ်လျက်က ကုန်လွန်ရ၏။

(၆) ခြောက်ဆန်တန်းသည်ကား သားသမီးအရိပ် သောကစိတ်ဖြင့်ပင် မှီခိုမှေးမှိတ်ကာ နေရ၏။

(၇) ခုနှစ်ဆယ်တန်းတွင်ကား မြေး၊ မြစ်တို့အကြား အတူကစားရင်းဖြင့်ပင် ပြီးစီးရ၏။

(၈) ရှစ်ဆယ်တန်းတွင်ကား မည်သူကမျှ လူရာမသွင်း ဟင်းချက်လျက်ကသာ ပြီးစီးရ၏။

အထက် သက်တမ်းအားလုံးတို့ရှိ အချိန်တို့ကိုလည်း လေ့လာကြည့်ပါဦး။

(၁) ရက်တစ်ရက်၏ ညတစ်ဖက်ကား အိပ်မောကျလျက်က များ၏။

(၂) နံနက်နိုးလာသော်ကော သောကနှိုးသဖြင့် နိုးထရသည်က များ၏။

(၃) နိုးထလာသော် ဦးစွာစားသောက်ရန်ကိုသာ စီမံစားသောက်ကြရ၏။

(၄) စားပြီးသည်နှင့် ငွေစကြေးစ ဓနအဖြာဖြာ လိုရာရရှိမူ လုံးပန်းရ၏။

(၅) ထို လုံးပန်းရာကြားမှာပင် ထင်သလိုမဖြစ်၊ ငြင်းခုန်ခိုက်ရန်လည်း ဖြစ်ပေးရ၏။

(၆) ထိုရလိုမူကြားမှာပင် မျှော်ရင်းတရင်း သောကစိတ်လည်း သွင်းပေးရ၏။

(၇) ထိုရလိုမူကြားမှပင် အချင်းချင်း မြှူဆွယ် သူ့အရှိ ကိုယ့်အရှိ ဖလှယ်ရသေး၏။

(၈) ထိုရလိုမူကြောင့် အမောဖောက်လာသော် မေ့ဖျောက်သောအားဖြင့် တစ်ခုခု အစားထိုးပေးရ၏။

(က) ရယ်ရယ်မောမော တသောသောဖြင့်လည်း အာရုံကြောမျှောပေးရ၏။

(ခ) ပျော်စရာရွှင်စရာရှေ့ တေ့ပေး၍လည်း အမေ့ကောက်ပေးရ၏။

(၈) မေ့မရနိုင်သော အစွဲဖြစ်က မူးယစ်ဆေးသုံး၍ပင် မေ့ဖျောက်ပေးရသေး၏။

ဤသို့ဖြင့် တစ်နေကုန်သော် တစ်ဖက်နှင့်တစ်ဖက် အာရုံချင်းတိုက်ခိုက်၍ သူ့အရှိ ကိုယ့်ဘက်သို့၊ ကိုယ့်အရှိ သူ့ဘက်သို့၊ အလုအယက် သိမ်းပိုက်ပေးကြရာမှ ဖြစ်ရသော ပင်ပမ်းမူအတွင်းဝယ် လောဘဇော၏ တိုက်ခိုက်မူကြောင့် ဖြစ်ရသော ပင်ပမ်းမူ၊ လင်မယားချင်း ကာမစစ်ခင်းရာမှ ဖြစ်သော ပင်ပမ်းမူတို့ကြောင့်ပင် နွမ်းနယ်သွားသော ကိုယ်ကောင်ကြီးကိုတစ်ညလုံး မသိရာဘ၀သို့ ကူးပြောင်းပေးရခြင်းတည်း။

နေ့သည် အာရုံ၏ လှည့်ပတ်ရာသို့ မက်လိုက်လိုက်၍ အချိန်ကုန်ခဲ့ရခြင်း။

ညသည် အတွင်းမောဟ၏ သိပ်ပေးရာသို့ မေ့လိုက်လိုက်၍ အချိန်ကုန်ခဲ့ရခြင်း။

ထိုနေ့၏ မက်လိုက်လိုက်ခြင်း၊ ည၏မေ့လိုက်လိုက်ခြင်း နှစ်မျိုးတို့သည် မောဟကြီးစိုးနေခြင်း၏ သင်္ကေတပင် ဖြစ်ချေတော့၏။ မက်ခြင်းနှင့် မေ့ခြင်းသည်လည်း သဘာဝအားဖြင့် အတူတူပင် ဖြစ်၏။ မသိခြင်း၌လည်း အတူတူပင် ဖြစ်၏။ ဘာမျှမသိခြင်း ဇဝေဇ၀ါအားဖြင့် မသိခြင်းမျှသာ ကွာခြားကြ၏။

စင်စစ် တစ်နေ့၊ တစ်နေ့၏ ထိုဇဝေဇ၀ါသိသည် သတိမှတ်ချက်မပါသော သညာသိသို့မဟုတ် ပညတ်သိ၊ သူပြောလူပြောသိမျှသာ ဖြစ်ကြလေရကား အိပ်မောကျစဉ်(စွဲလမ်းရာ) မြင်မက်လေသော အိပ်မက်မျိုးနှင့် ဘာမျှ မခြားပြီ။

သို့ဆိုသော် လူသားတို့၏ တစ်နေ့တစ်ရက်အချိန်သည်လည်းကောင်း၊ ထိုအချိန်စုတို့ ပေါင်းသဖြင့် ကြာညောင်းစွာ နေရသော နှစ်အရေတွက်၊ အသက်ပိုင်းများသည်လည်းကောင်း မည်သည့်စိတ်ဖြင့် ကုန်ဆုံးနေကြရလေသနည်း။

သတ္တ၀ါသည် မသိရာမှ စခဲ့၏၊ တစ်ဖန် မသိအားကြီးသဖြင့် မေ့မေ့ကြီးး အာရုံခံစားခဲ့ရာမှ စ၏။ ထို မသိမေ့ဖြင့်ပင် ဘ၀များစွာ ကုန်လွန်ခဲ့ရ၏။ ထိုမသိတို့အကြားမှပင် နွေခေါင်ခေါင် ကျသော မိုးရေတစ်ပေါက်မျှအလား သားအပေါ် သမီးအပေါ် ထားရှိသော ကရုဏာ စေတနာတို့ကြောင့်သာ အဆင့်မြင့် လူ့ဘ၀ တစ်ကြိမ်ကျ တစ်ကြိမ်ကျ လာရောက်ခွင့် ရခဲ့ရ၏။ ထိုတစ်ကြိမ်သည်လည်း မွေးရာပါ ဉာဉ်အရ ဖြစ်သော အခွင့်ရေးကိုသာ အသုံးချမည်မှာ သေချာသည်။ ထိုတစ်ကြိမ်သည်လည်း တိရစ္ဆာန်ဘ၀ဘ၀က အမွေရလာသော အထုပ်ကိုသာ ဖြေချ၍ သုံးမည်မှာလည်း သေချာသည်။

သို့ကြောင့် တိရစ္ဆာန်ဝင်စား ထိုလူသားများသည် တိရစ္ဆာန်ဘ၀က ဉာဉ်၊ စရိုက်၊ ၀ါသနာအတိုင်းသော မသိခြင်း၊ မေ့ခြင်း၊ တွေဝေခြင်းများစွာတို့ဖြင့်သာ တစ်နေကုန် မိတ်လိုက်မည်၊ စားမည်၊ သောက်မည်၊ ပျော်ပါးမည် ဖြစ်ပြီး၊ တစ်ညလုံးကား အိပ်နားမည်သာ ဖြစ်ချေရကား ထိုလူသား မောဟစိတ်ဖြင့် အချိန်ဖြုန်းသော လူသားမျှသာတည်း။ ထိုလူသား လောဘစိတ်ဖြင့် အချိန်ဖြုန်းသော လူသားမျှသာတည်း။ ထိုလူသား သောကစိတ်ဖြင့် အချိန်ဖြုန်းသော လူသားမျှသာတည်း။

ထိုလူသား မောဟစိတ်ရင်း မကင်းသမျှ လူနုံ-လူအ မျှသာ။

ထိုလူသား လောဘစိတ်ရင်း မကင်းသမျှ လူကလက် လူအမျှသာ။

ထိုလူသား ဒေါသစိတ်ရင်း မကင်းသမျှ လူထက် လူအ မျှသာ။

ငွေစင်၊ ဒင်္ဂါစစ်ဖြစ်သော်လည်း၊ ကွဲအက်နေပါက တီးခေါက်ကြည့်လေတိုင်း အသံမှန်မပြ၊ အသံအ,သာ ထွက်နေဘိသို့ ထိုလူသားလည်း လူစင်စစ် ဖြစ်သော်မှလည်း ထွက်လာသောအသံသည် လူသံစစ်စစ် မဖြစ်လာသော် လူအ-ဟူ၍သာ ဆိုရပါမည်။

လူဟူသော စကားသည် မိမိကိုယ်နိုတ်စိတ်တို့ဖြင့် ပြုကျင့်လိုရာတိုင်းတို့၌ အကျိုးရှိသည်၊ အကျိုးမဲ့တော့မည်ကို သိမှ အပြစ်ဖြစ်တော့မည်၊ အပြစ်မဲ့နိုင်သည် သိမှ၊ လူဟူ၍ ဆိုထားရာ အကယ်တိတိ မောဟသမားကို တီးခေါက်ကြည့် ထိုအသိ၊ ထိုအသံမျိုး မထွက်လေရာ လောဘ၊ ဒေါသသမားများကို တီးခေါက်ကြည့်ကလည်း ထိုနည်းမခြားသာ။

ထိုမျှ အသော၊ နုံအ၊ ကလက်အ၊ ထက်အ၊ လူသားအား မည်သည့်အာရုံက လှည့်စားလှည့်စား အာရုံရှင် လှည့်စားသမျှ မုချခံရရှာတော့မည်။ အာရုံကို မထိန်းနိုင်သော် အာရုံ၌ပင် စွဲငြိနေရှာတော့မည်။ ကြက်မြင်-ကြက်စွဲ၊ ကြွက်မြင်-ကြွက်စွဲ စသည်မှ မလွတ်ပြီ။

ထိုထိုအစွဲပြောမှန်သမျှ လူစကားမဟုတ် မောဟအစွဲကပြောသော စကားတည်း။ တစ်နေ့တစ်နေ့ မေ့မေ့ကြီးဖြင့်လည်း အချိန်ကုန်မည်၊ အမှားသိ မောဟစွဲအတိုင်းလည်း မျှောလိုက်နေမည်ဆိုက ထိုလူသားကား လာရာလမ်း ပြန်ရရုံမှတစ်ပါး အခြားမရှိပြီ။ ကြက်သိ၊ ကြွက်သိ စသည်များသည် တိရစ္ဆာန်ဘ၀နေရင်း ပြန်ရန်၏ လမ်းစလမ်းခင်းတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment