ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 13 February 2013

လူကမျင်းမှ အပါယ်တွင်းပိုကျသည်

လူသည် ကောင်းမူသက်သက်ကြောင့် ရရသော ဘ၀ကောင်းကျိုး ဖြစ်ရာ တိရစ္ဆာန်များထက် ဆင်ခြင်ဉာဏ်အား ပိုကောင်း၏။ ရသာခြောက်စုံ အကုန်မှီဝဲခွင့်ရသဖြင့် အကြံစုံ၊ ဉာဏ်စုံ၊ အကုန်ထွက်၏။ အဖန်ဓာတ်၊ အခါးဓာတ်များ မပြတ်ခံစားရသဖြင့်လည်း သည်းခြေအား ကောင်းလာကာ မှတ်ဉာဏ် အလွန်ထက်လှ၏။

ထိုအခါမျိုးများ၌ -


(က) ပတ်ဝန်းကျင်သည် သူတော်ကောင်းများရာ ဖြစ်ပါက လူ့ဘ၀၊ နတ်ဘ၀ဘက် အထက်တန်းကျရာသို့ တက်စေသော အကျင့်ကောင်းဘက် လမ်းကြောင်းပြောင်းထွက်မည်။

(ခ) ပတ်ဝန်းကျင်သည် သူယုတ်မာများရာ ဖြစ်နေပါက ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့ဘ၀ အောက်တန်းစားကျရာသို့ သက်စေသော အကျင့်ယုတ်လမ်းကြောင်း စောင်းဝင်သွားမည်။

(ဂ) ပတ်ဝန်းကျင်သည် နမော်မဲ့-နမာမဲ့၊ ဘာသိဘာသာ နေတတ်သော ပတ်ဝန်းကျင်မျိုး ဖြစ်ပါသော်ကား မေ့မေ့နေ မေ့မေ့စား မေ့မေ့သွားများဖြင့်သာ အချိန်ကုန်ဆုံးဦးမည်ဖြစ်ရာ လာရာလမ်းအတိုင်း တိရစ္ဆာန်ဘုံဘ၀သို့သာ ခါးဆုန်ချလျက်က ပြန်ကြရပေလိမ့်မည်။

သိသော မသိစိတ်သည် မသိသော မသိစိတ်ထက် အစွမ်းပိုထက်၏။

ထိုတွင် သညာသိ၊ ပညတ်သိမျှသာ သိသေးသော လူ့အသိသည် ဘာမျှမသိသော တိရစ္ဆာန်သိထက် စေတနာအားဖြင့်လည်း ပိုကြီး၏။ ကံအားဖြင့်လည်း ပိုထက်၏။ ထိုစေတနာ၊ ကံတို့အလျောက် ကိုယ်နူတ်စိတ်တို့ဖြင့် ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ ကြံစည်ခြင်းမှန်သမျှ ရေပေါ် ပစ်ချသော ကျောက်တုံးပမာလည်း ရှိ၏။ လေးသလောက် နစ်၍ တွန်းအားကောင်းသလောက် တိုးတက်စေ၏။

အထက်၌ဆိုခဲ့ပြီ ပတ်ဝန်းကျင် သုံးမျိုးတို့တွင် -

ဒုတိယမြောက် လူ့ဘ၀ရောက် ထိုလူသားသည် ၎င်း၌ စုဆောင်းပြီး ရှေးဘုန်းရှေးကံအား နည်းပါးလှသဖြင့် အထက်တန်းစား သူတော်ကောင်းကြီးများအနား မကျရောက်တတ်ပြီ။

၎င်းကျရောက်တတ်သည်မှာ သူယုတ်မာတို့ ကျက်စားရာ ဒေသသာ ဖြစ်ရာ၏။ လူဆိုရရုံမျှသာ ဖြစ်သော ဘာသိဘာသာသမားတို့၏ အလယ်၌သာ ကျရောက်ရာ၏။ ထိုအခါ -

(၁) အာရုံကိုမြင် တန်းတန်းစွဲ ခင်မင်တတ်သော အလိုဆိုးတို့နောက်ကို လိုက်၍

(၂) ခင်အာရုံ မကြင်ရမချင်း၊ ခံပြင်းပူဆာ မနေသာသော အမျက်ထားမူနောက်ကို လိုက်၍

(၃) ခင်အာရုံခံစားခွင့်ရ ငါကောင်းစား ပြီးရောသဘောမျှဖြင့် မိုက်မှားမူနောက်ကို လိုက်၍ စိတ်ရှိလက်ရှိ ပြုကျင့်ချေတော့မည်။ တစ်ဖက်သား ခံနိုင်သည်၊ မခံနိုင်သည် သူမသိ၊ သိသော်မှ သူမဖြုန်မိ။ သူသိသည်မှာ သူလိုချင်သည်ကို သူ့စိတ်တိုင်းကျ ခံစားခွင့် ရရေးပင်တည်း။

ထိုအကျင့်သည် တိရစ္ဆာန်အသိနှင့် လူအသိ တစ်ဝက်စီ ပေါင်းစပ်ထားသော ကပြားသိမှ ဖြစ်သော အကျင့်ဆိုးမျိုး ဖြစ်၏။ လူ့ဘ၀ လက်ထက်ပွား သညာသိများနှင့် တိရစ္ဆာန်ဘ၀တို့က အမွေပါလာသော မောဟသိများ ပေါင်းမိခြင်းပင် ဖြစ်၏။ သညာသိက ဘာကြီးကွ၊ ညာကြီးကွဖြင့် ပညတ်တင် အမည်ဖော်လျက်က မြှောက်ပင့်ပေးပြီး မောဟသိက ဆုံးဖြတ်မှား အကြိုက်ကြီး တိုက်ခိုက်လိုမူ ဖိစီးသော အတွေးကို တွေးပေးတော့၏။ ထိုစိတ်ထားနှင့် လိုက်ဖက်သော ကိုယ်အမူအရာ၊ နူတ်အမူအရာကိုလည်း ထုတ်သုံးပေးတော့၏။ ထိုအခါ လူက မွေးသော်လည်း လူသွေး မစစ်သော သွေးညစ်တို့ ပေါ်လာပေရော့မည်။

သွေးညစ်လျှင် စိတ်လည်း ညစ်တတ်၏။ စိတ်ညစ်လျှင်လည်း အလုပ်လည်း ညစ်လာတတ်၏။ လူအချင်းချင်းတွေ့လည်း ညစ်လာတတ်၏။ မိမိလောက် အသိဉာဏ် မရှိရှာသေးသော တိရစ္ဆာန်လေးများအပေါ် နည်းအမျိုးမျိုး ညစ်လာတတ်၏။ ညစ်လျှင်ကား ပတ်တော့မည်။

ထိုအခါ ၀ဋ်ဆိုသော သဘောတရား လူ၌ ထွန်းကားလာ၏။

(၁) ကိလေသာဝဋ်-မိမိအလိုဆိုး ကျရာ ခံစားလိုသော အာသာရမ္မက်အား ကြီးထွားလာခြင်း။

(၂) ကမ္မ၀ဋ်-အလိုဆိုး ပူဆာလေတိုင်း၊ စိတ်တိုင်းကျထ၍ ပြုကျင့်လွန်ကျူးခြင်း။

(၃) ၀ိပါက၀ဋ်-ပြုကျင့်သဖြင့် လက်မိလက်ရ ဖြစ်လေတိုင်း စိတ်တိုင်းကျ ခံစားနေတော့ခြင်း။

အထက်ပါသုံးမျိုးတို့သည် အချင်းချင်းဆက်၍ဆက်၍ အကွက်လှည့် ပေးတတ်သောကြောင့် ၀ဋ်ဆိုရ၏။ မိမိက ပြုသူဘက်မှနေ၍ မိမိတစ်ဦးတည်း ထိုသုံးကွက်တို့လှည့်ရာ လိုက်ပါလည်ပတ်သော ၀ဋ်လည်မူ တစ်မျိုးပင် ဖြစ်၏။

ဆိုကြပါစို့၊ အမဲသား စားလိုမူအား ကြီးလေသူ၊ ၀က်သားမစားရ မနေနိုင်လောက်အောင် အလိုဆိုး ထိုးကျင့်နေလေသူ၊ ဦးစွာ ထိုအသား စားလိုစိတ် ကိလေသာဝဋ် ရှေ့မှ ပေါ်လာ၏။

ထိုစိတ် မမျိုသိပ်နိုင်တော့သောအခါ ထတဲ့၍ ကိုယ်ထိလက်မြောက် အကုသိုလ်အကြောင်းကံ သတ်မူကို လွန်ကျူးပေးရ၏။ ပြီးသော် အကျိုးပေး ၀ိပါက်အားဖြင့် ထိုအသား စားသုံး၏။ စားသုံးပြီးက နောက်တစ်ဖန် ထပ်မံ၍ စားလိုစိတ် ကိလေသာ ပေါ်ပေါက်လာပြန်ရာ တစ်ဖက်ဖြင့်လည်း မပြီး၊ တစ်နပ်ဖြင့်လည်း မပြီး တစ်သက်ပတ်လုံးကြီး မပြီးတော့ပြီ။ ဤသို့လျှင် ၀ဋ်သုံးပါးသည် ပစ္စက္ခ၌ မိမိပမာ မိမိအစွဲအတိုင်း လည်ပတ်နေရပါ၏။

ထိုထို ၀ဋ်လည်ပတ်ရာထဲ၌ -

(က) ရံတစ်ခါ အပြစ်မဲ့ သူတော်ကောင်းများ၌ သွား၍ အနိုင်ကျင့်သည်လည်း ရှိ၏။

(ခ) ရံတစ်ခါ သာမန်လူသား အချင်းချင်းတို့အပေါ်၌ သွား၍ အနိုင်ကျင့်သည်လည်း ရှိ၏။

(ဂ) ရံတစ်ခါ မိမိအောက် အဆင့်နိမ့်ရာ တိရစ္ဆာန်များသို့ သွား၍ အနိုင်ကျင့်သည်လည်း ရှိ၏။

ထိုအနိုင်ကျင့်မူ သုံးမျိုးတို့တွင် -

(က) အပြစ်မဲ့ သူတော်ကောင်းများအပေါ် သွားရောက်အနိုင်ကျင့်ရာမှ ဖြစ်ရမည့် သံသရာဝဋ်သည် ငရဲကောင်ဘ၀ဖြင့် ခံစားရပေလိမ့်မည်။

(ခ) သာမန်လူသားတို့အပေါ် သွားရောက်အနိုင်ကျင့်ရာမှ ဖြစ်ရမည့် သံသရာဝဋ်သည် ပြိတ္တာ၊ အသူရကာယ်ဘ၀ဖြင့် ဆင်းရဲမူ ခံစားရပေလိမ့်မည်။

(ဂ) အကယ်တိတိ တိရစ္ဆာန်များအပေါ် သွားရောက်အနိုင်ကျင့်ရာမှ ရလာမည့် သံသရာဝဋ် ဖြစ်နေလျှင်ကား သေစားသေစေအမိန့် ချခံရလေသည့်ပမာ မိမိသည်ပင် တိရစ္ဆာန်ဘ၀သို့ ပြန်လည်ရောက်သွားရပြီး မိမိသည်ပင် သူတစ်ပါး ၀ါးမျိုခြင်း၊ စားသောက်ခြင်း ခံရမည့် သူတစ်ပါးအကြံခံ အသတ်ခံဘ၀၀ဋ်သို့ လည်ရပေလိမ့်ဦးမည်။ ထိုဝဋ်သည် တစ်ဖက်သားများနှင့် တွဲဖက်လည်ရသော ကလဲ့စားအချေခံ ၀ဋ်တစ်မျိုးတည်း။

လူသည် ဉာဏ်ကြီး၏။ ဉာဏ်ကြီးသလောက် မကောင်းမူပြုရာ၌လည်း အပြစ်ကြီး၏။ သို့ကြောင့် လူ့ဘ၀မှနေ၍ ပြုကျင့်သော မကောင်းမူသည် အပါယ်လေးဘုံသို့ ခရီးဆက်ကြရပြီး ကောင်းမူဖြစ်လျှင်ကား လူမှ လူ၊ လူမှ နတ်သို့သာတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment