ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 22 February 2013

လူဖြစ်ကျိုး ရူံးနိမ့်နေသော ကာလများ

အထက်၌ မေ့ခြင်း၏အခုကျိုးနှင့် နောင်ကျိုးများကို ပြသခဲ့၏။ ဤ၌ကား လူဖြစ်စဉ်ဝယ် နေလျက်က သေနေခြင်းနှင့် သေသဖြင့် သေရခြင်းများကို ခွဲဝေပြသမည်ဖြစ်၏။

(က) တိရစ္ဆာန်သည်ကား မသိခြင်းကို အခြေခံ၏။

(ခ) လူသည်ကား သိခြင်းကိုသာလျှင် အခြေခံ၏။


(က) ထိုတွင် တွေဝေသောအမြင်မှားမူ၊ မိန်းမောကျသွားမူ၊ မသိသော အမြင်မှားမူတို့ဖြင့် သိခွင့်ရသော အထင်ဖြင့်မြင်ခြင်း၊ အထင်ဖြင့်ကြိုက်ခြင်း၊ အထင်ဖြင့်မုန်းခြင်း သုံးမျိုးတို့သည် ကိုယ်ပိုင်သိများ မဟုတ်ကြပါ။

မောဟနှင့် လောဘ၊ ဒေါသတို့က ပြောပေးသော မသိများပင် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ မသိရာမှလာသော တိရစ္ဆာန်များ၏ အသိမျှဖြစ်ခြင်းကြောင့်၊ လူသုံးပစ္စည်းလည်း မဟုတ်ကြပါ၊ လူ့လက်ထက်ပွားများလည်း မဟုတ်ကြပါ၊ လူနှင့်လည်း လုံးဝ မဆိုင်ကြပါ။

(ခ) လူဟူသည် - ကြံစည်တော့မည်ဆိုလျှင် -

၁။ ဤအကြံကား ငါပျက်စီး၍ သူ့ကိုဖျက်ဆီးပေးရမည့် အကြံဆိုးတည်း။ သို့ကြောင့် အပြစ်မကင်း။ ပြီးသည်နှင့် ပြီးသဖြင့် အကျိုးလည်းမရှိ။

၂။ ဤအပြောမျိုးကား ငါဆင်းရဲပြီး သူဒုက္ခရောက်တော့မည့် အပြောတည်း။ သို့ကြောင့် အပြစ်မကင်း။ ပြီးသည်နှင့် ပြီးသဖြင့် အကျိုးလည်းမရှိ။

၃။ ဤအကျင့်မျိုးကား ငါပင်ပန်းပြီး သူနွမ်းကျေတော့မည့် အကျင့်တည်း။ သို့ကြောင့် အပစ်မကင်း၊ ပြီးသည်နှင့် ပြီသွားသဖြင့် အကျိုးလည်းမရှိ။

ဤသို့သိမှ လူအမည်ရ၏။

ထိုသို့သာ သိပိုင်နေလျှင် -

အခု သို့မဟုတ် နောက်လကုန်ပိုင်းဝယ် (အကြွေးယူစားထားသူ၏) လခထုတ်လျှင် အမှန်ချေရတော့မည်ကို အတတ်သိနေသည့်ပမာ အပြစ်မကင်းသော လျှပ်တစ်ပြက် ကောင်းပျက်ကလေးများဟူ၍ အသိမှတ်ပြုကာ -

ထိုအကြံမျိုး မကြံမိအောင် စောင့်စည်းပါတော့မည်။

အကြံမိသွားလျှင်လည်း နူတ်သို့မဆက်မိအောင် ချေဖျက်ပစ်ပါတော့မည်။ ပြောမိသွားလျှင်လည်း ကိုယ်ကျင့်သို့ တိုးမသွားမိအောင် ကြိုးစားပါတော့မည်။

ထိုလူသား ကြွေးကင်းလူသားတည်း။

တစ်ဖန် ထိုသို့ ကြံစည်တော့မည်ဆိုကတည်းက -

ဤအကြံသည် ငါ့ကိုလည်း ကိလေသာတို့က မဖျက်ဆီး၊ သူ့ကိုလည်း ငါထင်တိုင်း သွားရောက်စော်ကားရမည့် အကြံမျိုးလည်းမဟုတ်။

သို့ကြောင့် ငါကား စိတ်ချမ်းသာသွား၏။

သူကား သူကျိုးထိခိုက်မသွားပြီ။

ဤအကြံသည် ငါစွဲတဏှာများကိုလည်း သတ်ပြဓီးဖြစ်နေ၏။ သူ့အကျိုးတိုးပွားစေမည့် အကြံအစည်လည်းဖြစ်၏။

သို့ကြောင့် ငါရောသူပါ စိတ်ချမ်းသာ ကိုယ်ချမ်းသာစေမည့် အကြံတည်း။

၂။ ဤ အပြောမျိုးလည်း ကိလေသာတို့က မခိုင်းနိုင်၊ သူ့ကိုလည်း အကျိုးတိုးပွားရန် အကြံပေးစကားလည်း ဖြစ်နေ၏။

သို့ကြောင့် ငါရောသူပါ အကျိုးများတိုးပွားစေမည့် အပြောကောင်းတည်း။ ဤအပြောမျိုးသည် ငါ့ထံရှိ ကိလေသာကိုလည်း ပယ်ပြီးသားဖြစ်၊ သူ့ကိုလည်း ကူညီထောက်ပံ့ပေးတော့မည့် ကတိပေးဖိတ်ခေါ်ခြင်းစကားလည်း ဖြစ်ဘိ၏။

ထို့ကြောင့် ထိုစကား ငါအကျိုးများ-သူတိုးပွားစေမည့် တကယ့်အမှန်တည်း။

ဤအကျင့်မျိုးလည်း ငါ့မှာလည်းပဲ ကိုယ်မပင်ပန်း၊ စိတ်မညစ်နွမ်း၊ သူ့မှာလည်းပဲ ကိုယ်မပျက်စီး၊ စိတ်အချည်းနှီး မဖြစ်၊ သို့ကြောင့် ဤအကျင့်သည် အကျင့်ကောင်းတည်း။

ထိုလူသား ရသမျှအကျိုးများ အတိုးအညွှန့်စားတည်း။

ထိုလူသား ကြွေးကင်းသမား ကိုယ့်လုပ်စာ ကိုယ်စားရသူတည်း။

ထိုသူသည်သာ လူ့ထက်လူမြင့် တစ်ဆင့်ပြီးဆစ်ဆင့်တက်သာပြီဖြစ်၍ လူဆိုရ၏။ ထိုသူသည်သာ ရင်းစားမဆုံး၊ အတိုးနူန်းခံစားရသူ ဖြစ်သဖြင့် လူဆိုရ၏။ ထိုသူသည် မကောင်းရာဆို ဘေးဖယ်၊ ကောင်းရာကိုသာ ရွေးချယ်တော့မည်။ ထိုသူသည် အကျိုးမများက မကြိုးစား၊ အကျိုးများမှသာ ကြိုးစားတော့မည်။

ဤသည်ကား လူ့သရုပ် လူ့အဓိပ္ပာယ်တည်း။

ထိုသို့ အပိုင်သိ သိနေရန်မှာ သတိမပြတ်မှသာ ဖြစ်နိုင်၏။ အမှတ်မဲ့လူသား၌ ထိုအသိမျိုး ပွင့်ရိုးထုံးစံ မရှိသောကြောင့်တည်း။

သို့ဆိုသော် -

(က) လူသားတို့၏ တစ်ရက်တာအချိန်တွင် ညတစ်ဝက်သည် အမှတ်မဲ့လူသားမျှ ဖြစ်ရာ ထိုအိပ်မောကျနေသော တစ်ချိန်လုံးလုံး လူစိတ်မရှိတော့သော အချိန်များဆိုရ၏။

သို့ကြောင့် ထိုညတစ်ဝက်ကို လူစာရင်းအဖြစ်မှ ပယ်ဖျက်လိုက်ပါလေ။

(ခ) တစ်ဖန် တစ်ရက်တာကာလရှိ နေ့တစ်ဝက်တွင်လည်း နိုးပဟေ့ ဆိုကတည်းက ပင်ကိုနိုးလည်း နည်းပါး၏။ လူလူပ်နိုးလည်း နည်းပါး၏။ ယမန်နေ့ညက အိပ်ရာမ၀င်မီ ကြိုတင်စီစဉ်ထားသော ယနေ့နံနက်၊ ယနေ့တစ်ရက်၏ လုပ်ငန်းစဉ်များအပေါ် မေးတင်ထားသည့် သောကလူပ်နိုးခြင်းကြောင့် နိုးထရသည်က များ၏။

ထိုသောကသည် ရပေါက်ရလမ်း လုပ်ငန်းကို မေးငေါ့ပြ၍ လောဘကို နိုးဆော်၏။

ထိုလောဘသည်လည်း သောကအဖော် ခေါ်၍ ကသုတ်ကရက်ဖြင့် အလုပ်ဘက် ထွက်၏။ ထို လိုချင်မူလောဘ၊ လိုချင်ရာ မရမချင်း စိတ်မချမူ သောကတို့သည် လူသား၏ ပခုံးပေါ်ဝယ် ဘယ်တစ်ဘက် ညာတစ်ဘက် ခွစီးခိုင်းစေနေကြလေရာ။

ရံခါ အပြိုင်ပေါ်က မာန၊ လိုသလို ဖြစ်မလာက ဒေါသ၊ လုပ်သလောက် တွက်ချေမကိုက်သောအခါ ကုက္ကုစ္စ၊ စိတ်အနားမရသဖြင့် ခုခံအား ကျဆင်းသွားသောအခါ မောဟ၊ ကိုယ်ကြိုက်ရသဖြင့် ခံစားရသောအခါ ရာဂ သိမ်းပိုက်ရုံမျှဆိုက ဒိဋ္ဌိ။

အင်း-ထိုတစ်နေ့ ဤတစ်နေ့ စေ့စေ့စုံစုံ စာရင်းကုန်ကောက်လိုက်လျှင်ကား လူဆိုသော်မှလည်း လူလို ရှာဖွေသော ၀မ်းစာမျိုး မတွေ့ရစဖူးပြီ။ လူလို ခံစားသော ကာမချမ်းသာမျိုးလည်း မတွေ့ရစဖူးပြီ။ လူလိုခံစားသော ကာမချမ်းသာမျိုးလည်း မတွေ့ရစဖူးပြီ။ လူလိုလုပ်သော အလုပ်မျိုးလည်း မတွေ့စဖူးပြီ။

မင်းသွားပုံကြီးကလည်းကွာ နွားသိုးအရိုင်း မလိုက်တာကျနေတာပဲ။

မင်းစားပုံကြီးကလည်းကွာ ကျီးလန့်စာ စားကျနေတာပဲ။

မင်းလုပ်ပုံကြီးကလည်းကွာ နွားမူး စူးထိုးခံနေရသလိုချည်းပဲ။

ထိုစကားတို့သည် လူကိုနိုင်းသော တိရစ္ဆာန်အမူအကျင့်ချည်းသာ ဖြစ်ကြပါ၏။ သို့ဆိုသော် သင့်အမူအကျင့် မည်သို့လျှင် လူ့အကျင့် ဖြစ်နိုင်ပါတော့အံ့နည်း။

သို့ကြောင့် ထိုတစ်နေ့တာကာလကို လူစာရင်းမှ ပယ်ဖျက်လိုက်ပါလေ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment