ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 18 February 2013

မေ့ခြင်းနှစ်မျိုး၊ မသိမူနှစ်ထွေ

မေ့ခြင်းသည် -

(က) အိပ်မောကျသွားရာမှလည်း သတိလွတ်သဖြင့် မေ့သွားတတ်၏။

(ခ) အနာရောဂါ ဖိစီးခံရရာမှလည်း ဝေဒနာ မကျော်နိုင်သဖြင့် မေ့သွားတတ်၏။

ထို မေ့ခြင်းနှစ်မျိုးစလုံးတွင် မသိခြင်းသို့သာ ဥက္ခောင်းစိုက်ကြရလေ၏။


ထိုတွင် -

အိပ်မောကျရာမှ မေ့သွားခြင်းကား ထင်ရှားပါ၏။

ပြင်းထန်သော အနာ၊ ဒဏ်ရာများ၏ ထိုးနှက်ချက်ကို အသက်စောင့်စည်းထားပေးရာ ဓာတ်အားများက မခုခံနိုင်တော့သဖြင့် မေ့မျောသွားခြင်းကိုသာ ဤ၌ အလေးပေးဖော်ပြပေးထားပါသည်။

ထိုမေ့မျောနေသော လူမမာ၌ ကိုယ်ပိုင်သိဟူ၍ ဘာမျှ မရှိတော့ပါပြီ။ ထိုစဉ် အသက်မထွက်သေးသမျှ (မသသေးသမျှ) စိတ်သည် မိမိတို့ အာရုံခံစားတတ်ခါစမှ ယနေ့တိုင်အောင် အတွင်းရှိ စွဲမိစွဲရာ အမည်ခင် အာရုံဟောင်းများဆီသို့သာ လိပ်ပြာတစ်ကောင်ပန်းရုံတော လူးလာခေါက်ပြန်ပမာ ခံစားနေရလေ့ရှိပါသည်။

ထိုခံစားမူသည် မသိသည်ကား မဟုတ်၊ သို့သော် ဘာမျှ မသိချေ။ အစွဲကသာ သိ၍ ပင်ကိုသိ အလျင်းမပါဝင်သောကြောင့်ပင် ထိုစကား ငါတို့ ဆိုရပါ၏။

သည့်အတူပင်လျှင် -

ယနေ့ အမေ့သားတို့ ခံစားလေ့ရှိသမျှ အသိတို့သည် မသိသည်ကားမဟုတ် သို့သော် ဘာမျှ မသိ၌ပင် ထည့်သွင်းကာ စာရင်း ကောက်ယူစေပါမည်။

အဘယ်ကြောင့်ဆိုသော် -

ယနေ့ ခံစားနေရသော အမေ့သားများ၏ ဒဏ်ရာဒဏ်ချက်ကြောင့်တည်း။

(က) မမြင်လိုက်နှင့် ကြိုက်သွားပြီ။ အကျိုးအပြစ် ဘာမျှမသိတော့ ခံလိုက်ဦးပေါ့ တစ်ချက်။

(ခ) မမြင်လိုက်နှင့် မုန်းသွားပြီ။ အကျိုးအကြောင်း ဘာမျှမသိ ခံလိုက်ဦးပေါ့ တစ်ချက်။

ထိုတစ်ချက်တစ်ချက်တို့သည် တစ်နေကုန် တစ်သက်လုံးလုံး မြင်တိုင်း၊ ကြားတိုင်း၊ နမ်းမိတိုင်း၊ စားမိတိုင်း၊ ထိတွေ့မိတိုင်း၊ တွေးမိတိုင်းလျှင် အတိုင်းထက်အလွန် ဒဏ်ချက်များ များပြားလှပြီး ပြင်းလွန်းလွန်းလှချေ၏။ ရုပ်၌ဖြစ်သော ဒဏ်ရာဆိုက အပ်ချစရာနေရာပင် ရှိမည်မဟုတ်တော့ပါပြီ။

ထိုမျှရက်ဆက် တစ်သက်လုံးလုံး ကုန်းကြုံးခံစားနေရရှာလေသူ လူသားတစ်ဦး၌ တွေ့လျက်က မေ့၊ မေ့လျက်က မမျောအဘယ်မှာ ခံနိုင်ပါအံ့နည်း။

ထိုမျှ အသည်းအသန် နာလန်မထူနိုင်ရှာတော့သည့် အဆင့်ထိ အခြေအနေ ဆိုးဝါးနေသော လူသားတစ်ဦး၌ ကိုယ့်အကြောင်းလည်း ကိုယ်မသိ၊ သူ့အကြောင်းလည်း ကိုယ်မသိဟူသော မသိခြင်းနှစ်မျိုး အမည်းရိပ် မိုးလာတော့မည်မှာ သေချာနေပြီ။ သည့်အတူ ဘယ်ရောက်နေသည် နောင်ဘယ်သွားရမည်ကိုလည်းကောင်း၊ ယခုပင်လျှင် ငါ ဘယ်မှာရောက်နေသည် ဘာဖြစ်နေသည်ကိုလည်းကောင်း၊ ထိုမသိနှစ်မျိုးတို့သည် မေ့မျောသူ၌ ကြီးစိုးနေချေတော့ပြီ။

(က) ယနေ့ သင်ဘာဖြစ်နေသနည်း၊ သူ ဘာဖြစ်နေသနည်း။

(ခ) ယနေ့ သင့်၌ အကျိုးအပြစ် ဘယ်နှစ်ကြိမ်စီနည်း။

(ဂ) ယနေ့ သူ့၌လည်း အကျိုးနှင့်အပြစ် ဘယ်နှစ်ချီစီနည်း။

မေးစမ်းတီးခေါက် စမ်းကြည့်ရန်ပင် မသိတတ်နိုင်တော့ပြီ၊ ပြင်ပမျက်မြင်ဝယ် စိတ်ထင်ရာ ကိုယ်လုပ်မိသည်ကိုမျှ ကိုယ့်အကြောင်းကို မသိသေးလျှင် ကိုယ့်၏အတွင်းရှိ ရုပ်သဘာဝ၊ နာမ်သဘာဝတို့၏ အခြေအနေမှန်ကိုကား ဘယ်သို့ သိတော့မည်နည်း။

ဤကား မသိခြင်း၏ သရုပ်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment