နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁) တိလောကဟု၊ မရနိုင်းတူ၊ ဘက်မပြူသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ၀မ်းတွင်းအမြဲသွတ်။
(၂) ကယောက်ကယက် ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲ၍ အမြဲမှတ်။
(၃) ဆရာသမား၊ မိဘအားကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။
(၄) ဘုရားခြေရင်း၊ ကျောင်းအသင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လယ်၍မပြတ်၊ တံမြက်ခတ်။
(၅) သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ် သွား၍ခပ်။
(၆) ရေခပ်သွားလည်း ကစား၍သာမနေနှင့်၊ ကစား၍သာ၊ ရေမှာကြာသော်၊ သဲဒဏ်ရေဒဏ်၊ ပေးရန်မှန်သည်၊ ခံမည်သာကြံတော့ မင်းတို့ကျော။
(၇) နေ့ညဉ့်နံနက်၊ ကျိန်းစက်မွေ့ရာ၊ သင်ဖြူးဖျာကို၊ ခင်းကာယူငြား၊ ခေါက်သွင်းထား။
(၈) သင်္ကန်းသပိတ်၊ ပရိက္ခရာ၊ ကြွသွားခါသော်၊ ယူရာသည်များ ပြင်၍ထား။
(၉) ခရီးပန်းပင်၊ လာသည်မြင်သော်၊ အလျင်ယူလှမ်း၊ ၀တ်သင်္ကန်းကို။ ချွေးစွန်းမူကား၊ နေပူဖြန့်လွှား၊ သွင်းခေါက်ထား။
(၁၀) ရေချမ်းကပ်လျက်၊ ခြေလက်ဆုပ်နယ်၊ မူကြီးငယ်ကို၊ လွဲဖယ်မသွား၊ ယပ်လေခပ်၍ နေထံပါး။
(၁၁) ကိုယ်လက်ဖိန်း၍၊ ကျိန်းစက်သောခါ၊ တစာစာနှင့်၊ ပြာပြာလောင်လောင်၊ တဟောင်ဟေဒာင်သည်၊ ခေါင်ခေါင်ကြမ်းကို မနင်းနှင့်။
(၁၂) ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်တိုး၍၊ မသွားနှင့်။
(၁၃) စားဖွယ်စားရာ၊ ကပ်သောခါလည်း၊ ချဉ်လာနီးစေ၊ ခြေစုံနေ၍၊ ရိုသေကိုင်းညွှတ် ချဉ်း၍ကပ်။
(၁၄) ဘုဉ်းပေးဆိုတမ်း၊ ရဟန်းတို့အား၊ စားမည်လားဟု၊ စကားသည့်နှယ် မမေးနှင့်။
(၁၅) မိဦး ဘဦး၊ ဆရာ့ဦးကို ခူး၍အလျင် မစားနှင့်။
(၁၆) မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်၊ လိုချင်သောအား၊ စားချင်ငြားက၊ ၀ပ်တွားခယ တောင်းပါကြ။
(၁၇) သပိတ်ဆွမ်းခွက်၊ ဆောင်ရွက်မပြတ်၊ ဆွမ်းဟင်းဗျပ်ကို ပွတ်တုံညစ်ကြေး၊ မြူမှေးမတင်၊ စင်အောင်ဆေး။
(၁၈) ကျောင်းတွင်အိမ်တွင်၊ မသန့်စင်၍၊ မြင်သည်ရှိသော်၊ ယူငင်သိမ်းဆည်း၊ အထည်းသိုငြား၊ ကောင်းကောင်းထား။
(၁၉) အမူနည်းများ၊ ခန့်ထားရှိသော်၊ တစ်ခွန်းခေါ်က၊ ကြားသော်ခဏ ချဉ်းကပ်ကြ။
(၂၀) ကိစ္စရှိငြား၊ သွားသည်များ၊ လျင်လျားခဏလာပါကြ။
(၂၁) ဖျားနာကျောင်းတွင်၊ ရှိခဲ့လျှင်သော်၊ ကြင်ကြင်နာနာ ညီညာဖြဖြ၊ ဆေးဝါးပေး၍ လုပ်ကျွေးကြ။
(၂၂) သီတင်းသုံးချင်း၊ ချစ်ဟုန်ပြင်းသည့်၊ ပဉ္စင်းနှင့်ရှင်၊ ညီသွင် အစ်ကို၊ လွန်ကြည်ညိုသည်၊ ငါ့ကိုအဖ မှတ်ကြပါ။
(၂၃) အသက်ကြီးငယ်၊ ၀ါကြီးငယ်ကို၊ လွှဲဖယ်မသွေ၊ နှိမ်ချလေ။
(၂၄) ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ညကြည်ဖြူ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ ဆိုရစေ။
(၂၅) တရားပေစာ၊ ဟောသောခါလည်း၊ နူတ်မှာမစောင့် တထောင့်စကား၊ တတားဟားသည်၊ ရိုင်းကာ မိုက်မဲ မပြောနှင့်။
(၂၆) လှူဖွယ်တန်းဖွယ်၊ ကြီးငယ်တည်တည်၊ ရောက်လာသည်ကို၊ လဲခါခဏ၊ သူ့ခွက်ယောက်ကို၊ မပျောက်နေ့နည ပေးလိုက်ကြ။
(၂၇) ကွမ်းဆေးမီးလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏတည်ပါကြ။
(၂၈) မင်းသွား ငါသွား၊ ငြင်းခုံပွားအောင်၊ စကားတောက်ဆပ် မဆိုအပ်။
(၂၉) မပြတ်မခြာ၊ ဆူလှယ်လာ၍၊ ငါ၏ထံပါး၊ ဝေစားရရ၊ နေပါကြ။
(၃၀) ရဟန်းသံဃာ၊ တည်းခိုလာသော်၊ သင့်ရာအထူး၊ သင်ဖြူးဖျာနှင့်၊ လာ၍ဖြဖြ ခင်းကုန်ကြ။
(၃၁) ပရိသတ်လည်း၊ မပြတ်ကျောင်းတွင် ရှိလျှင်တထွေ၊ တပည့်တွေကို၊ တပြေ(ပြည်)တစ်ရွာ၊ သွားသောအခါလည်း၊ ညီညာလျောက်ပတ်၊ လက်ကတော့ကို၊ ကောင်းကောင်းထိုးကုန်လတ်။
(၃၂) မလျှပ်မပေါ်၊ ခေါ်လျှင်လည်းရ၊ ထကြွမွေ့သိမ်၊ ဣနြေ္ဒနှင့်၊ ငြိမ်ငြိမ်နေဘိ၊ မျက်စိမငြိမ်း၊ နားမငြိမ်းသည်၊ ဟိန်းဟဲ့မဆိုစေရနှင့်။
(၃၃) မျက်မှောက်ကောင်းငြား၊ ပြင်တစ်ပါးမှာ၊ တခြားမကျင့်ကြလေနှင့်။
(၃၄) မသင့်တတ်ငြား၊ ရန်စကားဖြင့်၊ ထွေပြားပွေလီ၊ တစီစီနှင့်၊ တဟဒီဟီသည်၊ ကျီစား၍လည်းမနေနှင့်။
(၃၅) ဟီနနတ္ထ၊ မဆဲကြနှင့်၊ ကြီးကငယ်သည်၊ နင်ဟယ်ကိုမျှ၊ မဆိုကြနှင့်၊ ရန်စချုပ်ချည်၊ ရှောင်လွဲဖည်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ၊ မတို့ကြနှင့်၊ ချစ်လှရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေဟဒု၊ မအေအရင်း၊ တစ်ဝမ်းတွင်းသို့၊ သားရင်းတူကွ၊ မှင်ကုန်ကြ။
(၃၆) သင်္ကန်းအ၀တ်၊ ချွတ်ထားပစ်လေ၊ မရိုသေ၍၊ ကလေက၀၊ စုတ်ရှလတ်လည်း သူ့အ၀တ်ကို မ၀တ်နှင့်။
(၃၇) တစ်ယောက်ကိစ္စ၊ ကိုင်တွယ်ကြသော်၊ ခြေကြွလက်သ မနေရာသည်၊ တတ်ပါသမျှ ညီညာကြ။
(၃၈) ဆရာနေခင်း၊ အင်ပျဉ်းညောင်စောင်း၊ လဲလျှောင်းဘုံလျှို၊ ထိုထိုထက်မ၊ မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။
(၃၉) ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့်ကြောင့်နှင့်၊ ပေါင်ထောင် လက်ကား၊ အပါး ကြပ်ကြပ် မနေအပ်။
(၄၀) ရှင်နှင့်သူငယ်၊ သောက်ရေအိုးကို တခြားတယ်၊ သုံးဖွယ်မသင့်၊ ကျောင်းဦးရေကိုလည်း မသောက်နှင့်။
(၄၁) ကြီးသူငယ်သူ၊ ရှင်လူကစ၊ ဟူသမျှလည်း၊ မိဘဆရာ၊ ဘယ်မှာမမှတ်၊ ယုတ်မြတ်မသိ၊ ကျိုးမရှိဘဲ၊ မိမိကိုသာ ထောမနာလျက်၊ ဆထက်လွန်စွာ၊ တို့သူငါကို၊ မပါမည်လား၊ ဘယ်ခန့်ငြားဟု၊ တုတုပပ၊ ပြစ်မှားကြလျှင်၊ မိဒဏ်ဘဒဏ်၊ ဆရာ့ဒဏ်ကို၊ ခံရလိမ့်မယ် မယွင်းစွ။
(၄၂) ရဟန်းသံဃာ၊ အရိယာကို၊ လူသာမဏတို့ ချို့ချို့ငဲ့ငဲ့၊ ကဲ့ရဲ့ကျီစား၊ လှည့်စားမပြု၊ တုဖက်မဆို၊ ရိုသေကြစေ၊ မြွေပွေး, မြွေဟောက်၊ မထိစောက်သို့ ရွံ့ကြောက်စေ။
(၄၃) မွေတော်ဓာတ်တော်၊ ရုပ်ထုတော်ကို၊ ဖူးမြော်မပြတ်၊ ရှေးကျောင်းဦးမှာ၊ ဖြည့်ကြ၀တ်တက်၊ နံနက်မိုးသောက်၊ ချိန်ခါရောက်သော်၊ ၀တ်လျှောက်မပျက်၊ လက်အုပ်တင်ထား၊ ဘုရား တရား သံဃာ၊ ရတနာသုံးပါး၊ ဂုဏ်တော်များကို၊ ကြိုးစားလုံ့လ ဆောက်တည်ကြ။
(၄၄) ငါကသည်စာ၊ သည်ဂါထာကို၊ မြဲစွာကြပ်မက်၊ ဆရာအပ်သော်၊ တတ်လှစေချင်၊ ငါ့ကိုသင်ဟဒု၊ ထိပ်တွင်လည်းရွက် လျင်လျင်ရအောင် ကြိုးစားကျက်။
(၄၅) အချိန်တန်၍၊ စာအံဆိုလျှင်၊ မရွှင်မျက်နှာ၊ မသာမချို၊ ထိုထိုအကြံ၊ ကြီးစွာဖန်၍၊ မအံတစ်ခါ၊ အံတစ်ခါနှင့် မျက်နှာတစ်ပါး၊ စာတခြားလည်း၊ စကားပြောဟော၊ သသောသောသည်၊ ရယ်မော၍လည်းမနေနှင့်။
(၄၆) မပြတ်သအံ၊ တညံညံသည်၊ စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည်လဲညသတ်၊ ပြတ်ပြတ်သားသား၊ စကားဆိုထွေ ပီလှစေ။
(၄၇) သင်ပုန်းထန်းရွက်၊ ပေထက်စီကာ၊ ရေးသောခါလည်း အက္ခရာကို၊ သေချာလှစေ၊ စာလုံးကိုလည်း လှလှစေ။
(၄၈) မပျင်းမရိ၊ လုံ့လရှိ၍၊ သတိအထဲ၊ အရိုးစွဲအောင်၊ တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဉ့်နက်၊ သင်ကျက်သမျှ၊ စစကုန်စေ၊ နေ့ကိုအလွတ်ရွတ်နိုင်စေ။
(၄၉) ရဟန်းမောင်ရှင်၊ သူငယ်သွင်သို့၊ မသင်မရွတ်၊ မဖတ်စာပေ၊ မရေမရာ၊ နေ့သာကုန်ငြား၊ ရက်သာများအောင်၊ စကားဖောင်ဖွဲ့၊ တုံလှည့်ကျယ်ပွား၊ စကားပြောဟော၊ တသောသောသည်၊ ရယ်မော၍လည်း မနေနှင့်။
(၅၀) တစ်ယောက်တခြား၊ စကားမဆို၊ ကိုယ်စီကိုယ်င၊ သင်ပုန်းပေမှာ၊ လက်မကွာအောင် စာရေးကြ။
(၅၁) နားပန်ဆံနှင့်၊ နောက်ဆံလည်းထား၊ ဖြူထွားခေါင်းပေါင်း၊ နားတောင်းဝတ်ကာ၊ ပန်းပန်ကာနှင့် သီကာမြူးရွှင်၊ ရွှေ, ငွေဆင်၍၊ သင်တို့သည့်နှယ် မကျင့်နှင့်။
(၅၂) သင်္ကန်းမှာလည်း၊ ပိန္နဲအပြင်၊ လှစေချင်၍၊ လွင်လွင်ပပ၊ ပြုကြမသင့်၊ နနွင်းဆိုးနှင့်၊ တိန်းညက်ဆိုးကိုလည်း မ၀တ်နှင့်။
(၅၃) ဒသသီဆယ်ပါး၊ ဘုရားမုခပါဌ်၊ ရှင်ကျင့်ဝတ်ကို၊ စောင့်ကြပ်မြဲထွေ၊ ညီလှစေ။
(၅၄) ရှေးဆရာမွန်၊ ရှင်သီလ၀ံသ၊ ထေရ်ဂုဏ၏၊ နှံ့မျှအကျော်၊ မိန့်တော်နူတ်ထွက်၊ ဆုံးမချက်ကို၊ သက်သက်သာသာ၊ ပါဌ်ဂါထာနှင့်၊ လင်္ကာမဟုတ်၊ ကျမ်းရိုးထုတ်ကို၊ နူတ်ဖြင့်မှတ်မည်၊ ခက်လှသည်ကြောင့်၊ ရမည်မှန်စွာ၊ လွယ်ပါစေကြောင်း၊ စိတ်ဖြင့်ကြံ၍၊ ဉာဏ်ဖြင့်လောင်းသည်၊ ကောင်းကောင်းကျက်မှတ်ကြလေကုန်။
(၅၅) ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။
(၅၆) သို့ပင်တစေ၊ မနေရသာ၊ ကျောင်းကခွာသော်၊ နောင်ခါနေစင်တ ရှိတတ်စွ။
(၅၇) အတတ်ပညာ၊ တတ်မှသာလျှင်၊ ကျောင်းမှာနေကျိုး၊ နပ်မည်ပ။
(၅၈) ဆုံးမစကား၊ ဆိုသည်များကို၊ မှတ်သားဝမ်းထဲ၊ စိတ်မစွဲလျှင်၊ သံဒဏ်ရေဒဏ်၊ ပေးရမှန်သည်။ ခံမည်သာကြံတော့ မင်းကိုကျော။
(၅၉) ယခုအခါ၊ သာသနာတွင်မူ လူဖြစ်မည်မျှ၊ ရခဲလှ၏။ လူမှ သာမဏေ၊ ဖြစ်စေမြတ်ခြင်း၊ ပဉ္စင်းသံဃာ၊ ဖြစ်ပြန်ပါမူ၊ ဆိုရာမရှိ မြတ်ခေါင်ထိဟု၊ သိကြပါစေ၊ သည့်ထက်သာသည်၊ မြတ်စွာဆုသာ လှမ်းပါလေ။
(၆၀) ရှင်သီလ၀ံသ၊ ထေရ်ဂုဏ၏၊ ဆုံးမစကား၊ မနာကြားက၊ လားလိမ့်ပါယ်ရပ်ရွာ။
(၆၁) ပစ္စုပ္ပန္န၊ ခုဘ၀၊ နေရကိုယ်ထီးသာ။
(၆၂) ပညာမရ၊ လျှပ်ပေါ်လှ၊ သူမျာ့နောက်လိုက်သာ။
(၆၃) နောက်လိုက်ဝန်ထမ်း၊ လူညစ်နွမ်း၊ ၀မ်းမျှမ၀ပါ။
(၆၄) မျက်နှာညိုးပါး၊ လူ့ငနွား၊ အများစေစားရာ။
(၆၅) စေားလေလေ၊ ပိုးမသေ၊ ခြေနှင့်ကျောက်စရာ။
(၆၆) ခြေကျောက်ပါးတီး၊ လူမိုက်ကြီး၊ နူတ်သီးတစာစာ။
(၆၇) ဘယ်ငှာကိုမျှ၊ ခွဲမရ၊ တလ္လရွံဖွယ်သာ။
(၆၈) ၀တ်ရာတောင့်တ၊ ၀မ်းမ၀၊ ချေးရသူ့ဥစ္စာ။
(၆၉) ရခါသော်ကား၊ ငတောင်းစား၊ ရှောင်ရှားနေလေပါ။
(၇၀) တောမှာပုန်းအောင်း၊ မိုးလေခေါင်၊ ပြောင်းရွှေ့ရပ်ဝေးစွာ။
(၇၁) ရပ်ရွာတစ်ပါး၊ ရောက်တုံငြား၊ လားလားမလုပ်ပါ။
(၇၂) ပမာသွင်သွင်၊ တွေ့လေမြင်၊ ကိုယ်ငင်ထိုးတွန်းကာ။
(၇၃) ကြင်နာရိပွတ်၊ တလျပ်လျပ်၊ ရက်ပြတ်ငတ်ဖို့ပါ။
(၇၄) ရှာဖွေချေးငှား မရငြား၊ သွား၍ ခိုးလေပါ။
(၇၅) ခိုးခါမိလေ၊ ထိုးခုတ်လေ၊ ကျလေပါယ်ရပ်ရွာ။
(၇၆) ဤစာရွှေကျမ်း၊ ဆုံးမခန်း၊ ရဟန်းလူရှင်၊ လွန်ကြင်လည် ထင်လိမ့်ယခုခါ။
(၇၇) ၀ါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။
(၇၈) လိမ္မာသိတတ်၊ လောကဓာတ်၊ တက်လိမ့်များဂုဏ်အင်။
(၇၉) သိမြင်ကျမ်းဂန်၊ သူ့ထက်လွန်၊ ဂုဏ်မွန်အများထင်။
(၈၀) ရှင်လူအများ၊ လွန်ခန့်ညား၊ သိကြာနတ်အသွင်။
(၈၁) ရွှင်ရွှင်လန်းလန်း ပွင့်သစ်ပန်း၊ မနွမ်းမျက်နှာမြင်။
(၈၂) မြင်မြင်သမျှ၊ ကြည်ညိုကြ၊ သိပ္ပဂုစ်မြတ်ရှင်။
(၈၃) လိုအင်ပြည့်စုံ၊ ရောက်လာပုံ၊ ဂုဏ်ကြောင့်လွန်ပေါ်ထင်။
(၈၄) ရင်ခွင်တစ်ပါး၊ ပြောင်းလဲသွား၊ ဖိုးများကျောက်အသွင်။
(၈၅) ကောင်းကင်မိုးဝ၊ ရောင်ထွန်းပ၊ လပြည့်ဝန်းအသွင်။
(၈၆) သံသရာဘ၀၊ ပြောင်းလှည့်ကြွ၊ ဝေဒနတ်ဘုံတွင်။
(၈၇) များပင်နတ်ပေါင်း၊ ရံသိန်းသောင်း၊ လောင်းတော်နတ်အသွင်။
(၈၈) ပဉ္စင်းငါးမည်၊ နတ်တို့စည်၊ မည်သည့်အဆုံးအပ်။
(၈၉) ဒေ၀ကညာ၊ ဆင်းကလျာ၊ ရလှာပတ်ကုံးအင်။
(၉၀) ပျော်ရွှင်ခံစား၊ လွန်ရှည်လျား၊ ဘုရားမိတေးတွင်။
(၉၁) အလျင်လက်ဦး၊ သူ့ထက်ထူး၊ ဖူးရမချွတ်ပင်။
တိလောကဟုဆုံးမစာ ပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment