ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 7 January 2013

ဝဋ္ဋသုတ်တော်ဝတ္ထု ဖြစ်စဉ် ပါဠိတော် အနက် အကျိုးသွား

ဝဋ္ဋသုတ်တော် ၀တ္ထုဖြစ်စဉ်
မြတ်စွာဘုရားသည် တပည့်သား သံဃာတော် တို့နှင့်အတူ မာဂဓတိုင်းအတွင်း ဒေသစာရီ လှည့်လည်တော် မူရာ တစ်ခုသော တောနက်အရောက်တွင် တောမီးကြီးလောင်သည်နှင့် ပက်ပင်းတိုးမိ ကြလေသည်။

သစ်ပင်ကြီးများ တ၀ုန်းဝုန်းလဲကျအောင် လောင်ကျွမ်းသော တောမီးကြီး၏ အရှိန်ကို မြင်တွေ့ရသော ရဟန်းတော်များမှာ ဆောက်တည်ရာမရ တုန်လူပ်ချောက်ချားကြ၍ အချို့က ပြေးလွှားရန် ကြံကြသည်။ အချို့က လျှိုမြောင် ချောက်ကြားမှာ ပုန်းအောင်းရန် ကြံကြသည်။ အချို့က မီးဖြတ်မီးတားလုပ်၍ ပုန်းအောင်းရန် ကြံကြသည်။ အားလုံးပင် ဣနြေ္ဒမရဖြစ်နေကြလေသည်။


ဤတွင် ဥာဏ်အမြော်အမြင်ရှိသော ရဟန်းတော်များမှာ “ငါတို့သည် မြတ်စွာဘုရားနှင့်အတူတကွ ကြွလာကြသဖြင့် ဣနြေ္ဒမရ မဖြစ်သင့်၊ ဘုရားရှင်၏ အထံတော်မှာသာ ခစားကြကုန်အံ့” ဟုဆိုကာ မြတ်စွာဘုရားထံတော်ပါး၌ စုရုံးကာနေကြလေသည်။

အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းလာသော တောမီးကြီးမှာလည်း မြတ်စွာဘုရားနှင့် ရဟတန်းတော်များအနီး ၃၂-တောင် ပတ်လည်အကွာတွင် ဆက်ကာ မီးမလောင်တော့ဘဲ ငြိမ်းအေး သွားလေတော့သည်။

ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းများက မြတ်စွာဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို အံ့သြ ချီးမွမ်းတော်မူ ကြလေလျှင် ဘုရားရှင်က “ဤ မီးတောက် မီးလျှံများ ငြိမ်းအေးရခြင်းသည် ငါ၏ဘုန်းတော် မဟုတ်၊ ရှေးယခင်က ငါဘုရား နုစဉ်ဘ၀က သစ္စာပြုခဲ့သော နေရာဒေသဖြင်၍ မည်သည့်နည်းနှင့်မျှ မီးမလောင်နိုင်ချေ” ဟု မိန့်ကာ အတိတ်ဘ၀ကို ဟောတော်မူလေသည်။

ငါဘုရား နုတော်မူစဉ်က ဤတောမှာပင် ငုံးငှက်ငယ် ဖြစ်ခဲ့လေသည်။ အတောင်အလက် မစုံလင်မီ မိဘများကို နူတ်သီးဖြင့် အစာခွံ့ရသည့်ဘ၀တွင် ယခုလောင်သော မီးကဲ့သို့ တောမီးကြီးလောင်လေရာ တောတွင်းရှိ သက်ရှိသတ္တ၀ါမှတ်သမျှ အသက်လွတ်ရေး ပြေးလွှား တိမ်းရှောင်၍ ဤတောကို စွန့်ခွာ သွားကြလေသည်။

အလောင်းတော် ငုံးငှက်ငယ်မှာ အသိုက်တွင်းမှနေ၍ ဤသို့ သစ္စာပြု၏။“ငါ့၌ အတော်ရှိ၏၊ သို့သော် မပျံနိုင်သေး။ ငါ့၌ ခြေထောက်ရှိ၏၊ သို့သော် မသွားနိုင် မလှမ်းနိုင်သေး။ ငါ့၌ မိဘနှစ်ပါးရှိ၏၊ သို့သော် ဤနေရာ၌မရှိ၊ စွန့်ခွာသွားကြကုန်၏။ ဤ မှန်ကန်သော သစ္စာစကားကြောင့် ငါ့အား မီးဘေးမှ ကင်းလွတ်စေသတည်း”
ဟူ၍ သစ္စာပြုတော်မူ၏။ ထိုအခါ အလောင်းတော် ငုံးမင်း စံရာအသိုက် သစ်ပင်နှင့် ၃၂-တောင်ကွာ ပတ်လည်အရောက်တွင် တောမီးသည် ရေနှင့် တွေ့ရသကဲ့သို့ ငြိမ်းအေးခြင်းသို့ ရောက်ရှိခဲ့သည်။

ယခု ချစ်သားတို့နှင့် ငါဘုရား ရပ်တန့်နေသော ၃၂-တောင် ပတ်လည်ရှိ ဤနေရာသည် ထိုငုံးမင်း ဖြစ်စဉ်က စံကာ သစ္စာပြုခဲ့သည့်နေရာ ဖြစ်သောကြောင့် ဤဘဒ္ဒကပ်ကမ္ဘာ တည်အောင်သည် နေရာတွင် လုံးဝမီးမလောင်နိုင်-ဟု ဟောဖော်ညွှန်ပြသည်ကစ၍ ၀ဋ္ဋသုတ်တော်ဖြစ်ပေါ် ရွှတ်ဆိုခဲ့ကြပါသတည်း။


၆။ ၀ဋ္ဋသုတ်ပါဠိ
၇၂။ ပုရေန္တံ ဗောဓိ-သမ္ဘာရေ၊

နိဗ္ဗတ္တံ ၀ဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ 

မဟာ သတံ္တ ၀ိဝဇ္ဇယိ။

၇၃။ ထေရဿ သာရိပုတ္တဿ၊ 

လောက-နာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာ တေဇံ၊ 

ပရိတ္တံ တံ ဘဏာမ ဟေ။

၇၄။ အတ္ထိ လောကေ သီလ ဂုဏော၊
သစ္စံ သောစေယျ နုဒ္ဒယာ။

တေန သစ္စေန ကာဟာမိ၊
သစ္စ-ကိရိယ မုတ္တမံ။

၇၅။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ 

သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စ-ဗလ မ၀ဿာယ၊ 

သစ္စ-ကိရိယ မကာသဟံ။

၇၆။ သန္တိပက္ခာ အ-ပတနာ၊ 

သန္တိ ပါဒါ အ-၀ဉ္စနာ။
မာတာ ပိတာစ နိက္ခန္တာ၊ 

ဇာတဝေဒ ပဋိက္ကမ။

၇၇။ သဟ သစ္စေ ကတေ မယှံ၊
မဟာ-ပဇ္ဇလိတော သိခီ။

ဝဇ္ဇေသိ သောဠသ ကရီသာနီ၊
ဥဒကံ ပတွာ ယထာ သိခီ။

သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။



၆။ ၀ဋ္ဋသုတ်အနက်
၇၂။ ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဉာဏ်၏ အဆောက်အဦးဖြစ်သော ပါရမီသုံးဆယ်တို့ကို။ ပုရေနံ္တ၊ ဖြည့်တော်မူထသော။ ၀ဋ္ဋဇ္ဇာတိယံ၊ ငုံး၏အမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်ထသော။ မဟာသတ္တံ၊ ဘုရားလောင်းကို။ ယဿပရိတ္ထဿ၊ အကြင် ပရိတ်တော်၏။ တေဇေန၊ တန်ခိုးအာနုဘော်ကြောင့်။ ဒါဝဂ္ဂိ၊ တောမီးသည်။ ၀ိဝဇ္ဇယိ၊ ဖဲကြဉ်၏။

၇၃။ သာရိပုတ္တဿ၊ သာရိပုတ္တရာ အမည်ရှိတော်မူသော။ ထေရဿ၊ မထေရ်အား။ လောကနာထေန၊ လူသုံးပါးတို့၏။ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ ကမ္ဘာပတ်လုံး တည်ထသော။ မဟာတေဇံ၊ ကြီးသော အာဓနုဘော်ရှိထသော။ တံပရိတ္တံ၊ ထိုငုံးမင်းပရိတ်ကို။ ဟေဒ၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

၇၄။ လောကေ၊ လောက၌။ သီလဂုဏော၊ သီလ၏ ကျေးဇူးသည်လည်းကောင်း။ သစ္စံ၊ သစ္စာသည် လည်းကောင်း။ သောစေယျဉ္စ၊ ကိုယ်နူတ်နှလုံး စင်ကြယ်သည်၏ အပြစ်သည်လည်းကောင်း။ အနုဒ္ဒယာစ၊ သတ္တ၀ါတို့အား သနားခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတေနသစ္စေန၊ ထိုသို့သော သစ္စာစကားဖြင့်။ အနုတ္တရံ၊ အတုမရှိသော။ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို။ အဟံ၊ ငါသည်။ ကာဟာမိ၊ ပြုဖူး၏။

၇၅။ ဓမ္မဗလံ၊ သစ္စာတရား၏အစွမ်းကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်၍။ ပုဗ္ဗကေ၊ ရှေး၌ဖြစ်တော် မူကုန်ပြီးသော။ ဇိနေ၊ မြတ်စွာဘုရားတို့ကို။ အဟံ၊ ငါသည်။ သရိတွာ၊ အောက်မေ့၍။ သစ္စဗလံ၊ သစ္စာ၏အစွမ်းကို။ အာဝဿယ၊ အမှီပြု၍။ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို။ အကာသိ၊ ပြုဖူး၏။

၇၆။ ဇာတဝေဒ၊ အို…တောမီး။ မေ၊ ငါ၏။ ပက္ခာ၊ အတောင်တို့သည်။ သန္တိ၊ ရှိကုန်၏။ အပတနာ၊ မပျံနိုင်ခဲ့။ မေ၊ ငါ၏။ ပါဒါ၊ ခြေတို့သည်။ သန္တိ၊ ရှိကုန်၏။ အ၀ဉ္စနာ၊ မသွားတတ်ခဲ့။ မေ၊ ငါ၏။ မာတာပိတာစ၊ အမိအဘတို့သည်လည်း။ နိက္ခန္တာ၊ ထွက်သွားကုန်ပြီ။ ဇာတာဝေဒ၊ အို… တောမီး။ ပဋိက္ခမ၊ ဖဲ့ကြဉ်လေလော။

၇၇။ သာရိပုတ္တ၊ သာရိပုတ္တရာ။ ဣတိ၊ ဤသို့။ မယှံ မယာ၊ ငါငုံးမင်းသည်။ သစ္စေ၊ သစ္စာကို။ ကတေ၊ ပြုသည်ရှိသော်။ သစ္စကတေန၊ ပြုအပ်သော သစ္စာနှင့်။ သဟဒ၊ တကွ။ သိခီ၊ တောမီးသည်။ ဥဒကံ၊ ရေသို့။ ပတွာ၊ ရောက်၍။ ၀ဇ္ဇေသိယထာ၊ ဖဲကြဉ်သကဲ့သို့။ မဟာပဇ္ဇလိတော၊ ကြီးသောအလျှံရှိသော။ သိခီ၊ တောမီးသည်။ သောဠှသကရီသာနိ၊ တစ်ဆယ့်ခြောက်မင်း ပယ်စာသို့တိုင်တိုင်။ ၀ဇ္ဇေသိ၊ ဖဲကြဉ်လေ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ မေ၊ ငါ၏။ သစ္စေန၊ သစ္စာစကားနှင့်။ သမော၊ တူသောတရားသည်။ နတ္ထိ၊ မရှိ။ သောပါရမီ၊ ဤပါရမီသည်ကား။ မေ၊ ငါ၏။ သစ္စပါရမီ၊ သစ္စာပါရမီတည်း။

ဝဋ္ဋသုတ္တံ၊ ၀ဋ္ဋသုတ် ပရိတ်တော်သည်။

နိဋ္ဌိတံ၊ ပြီးပြီ။





အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ကိုးကား

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်

No comments:

Post a Comment