ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 January 2013

တိရစ္ဆာန်ကောင်ချင်းတူလျက် အစားအစာ ကွဲလွဲချက်


အာဟာရကိုမှီလျက်က ကာမရာဂအား ဖြစ်ပေါ်စေခဲ့သည်ကို အထက်၌ ပြခဲ့ပြီးပြီ။ အသားစားသမား၏ ကာမအား၊ သီးနှံစားများ၏ ကာမအားကိုလည်းချင့်တွက်ပြခဲ့ပြီ။

(က) ထိုတွင် အခိုးဓာတ်ခေါ် တေဇောဓာတ်ကို ကိုယ်ထည်ထား၊ ကျန်ဓာတ်များကို အခြံအရံအဖြစ်ဖြင့် ခန္ဓာတည်ဆောက်ခွင့်ရ တိရစ္ဆာန်မျိုးတို့ကား ရာဂနောက် ဒေါသအထောက် အားကြီးလှသဖြင့် ခန္ဓာပူပြင်းလှချေ၏။ ရေစာဖြင့်လည်း မကူထောက်နိုင်ရာပြီ။


သို့ကြောင့် အရည်ဓာတ်မျှပါသော သီးနှံမျိုးတို့ဖြင့် မတင်းတိမ်နိုင်။ အပူလွှမ်းသဖြင့် သွေးခမ်းသူ လူနာကို သူတစ်ပါး သွေးသွင်းပေးလေမှ နေသာထိုင်သာ ရှိလေသည့်ပမာ၊ သွေးအားပြည့်စေသော သူ တစ်ပါးအသားကိုချည်းသာ ဖမ်းယူစားသုံးရလေရှာတော့၏။ အမူတ်ဓာတ်ခေါ် ၀ါယောဓာတ် ကိုယ်ထည်ထားလျက်က ကျန်ဓာတ်ကို အခြံအရံမျှသာထားကာ ခန္ဓာတည်ဆောက်ခွင့်ရ တိရစ္ဆာန်မျိုးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ချေတော့၏။ အခိုးဓာတ် လေဓာတ်တို့သည် ပူးတွဲမိတ်ဖက်ကြ၏။

ထိုနှစ်မျိုးတို့တွင် တေဇောဆောင်ကား ကျား၊ သစ်၊ မြွေ စသည် မြေသွားသတ္တ၀ါများ ဖြစ်တတ်ကြပြီး ၀ါယောဆောင်ကား သိန်း၊ လင်းယုန်၊ ဒီးဒုတ်စသည် ကောင်းကင်သွား တိရစ္ဆာန်ကောင်များ ဖြစ်လာတတ်ကြချေ၏။

(ခ) တစ်ဖန် မြေဓာတ်ခေါ် ပထ၀ီဓာတ်ကို ကိုယ်တည်ထားပြီး ကျန်ဓာတ်များကို အခြံအရံအဖြစ်ဖြင့် ခန္ဓာတည်ဆောက်ခွင့်ရတို့သည် မြက်၊ သီးနှံ စသည့်အစာတို့ကိုသာ အားပြုကြ၏။

ရေဓာတ်ကိုယ်ထည်ထားများလည်း ထိုနည်းမခြားပင် ဖြစ်ကြ၏။

၎င်းတို့သည် ဒေါသမဖက်၊ ကာမသက်သက်မျှသာ အားကြီးခြင်း၊ အပူအခိုး မထကြွခြင်း၊ သူတစ်ပါးအမျိုးဘက် မျက်နှာမလှည့်တတ်ခြင်း၊ ကောက်ကျစ်စဉ်းလဲမူ ကင်းစင်သဖြင့် သဘောထား ရိုးသားခြင်းများတို့ကြောင့် သီးနှံဖြင့်ပင် တင်းတိမ်၏။

၎င်းနှစ်မျိုးတွင်လည်း မြေဓာတ်အားကြီးသမားကား မြေသွား သတ္တ၀ါအဖြစ် နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ သမင်၊ ဒရယ် စသည်များဖြစ်လာကြရပြီး၊ ရေဓာတ်အားကြီးသမားမှာမူကား အချို့ကား ရေနေ ငါးကြီးများ၊ လင်းပိုင်၊ မိကျောင်း စသည်များ ဖြစ်ကြရပြီး အချို့ကား ကောင်းကင်သွား ငှက်များဘ၀ ဖြစ်ကြရ၏။ ငူ စသော ငှက်မျိုးတို့သည်လည်းကောင်း၊ ခိုစသည်တို့သည်လည်းကောင်း ဖြစ်ကြရကုန်၏။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment