ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 10 November 2011

တရုတ်ပြည်၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

ဗုဒ္ဓသာသနာတော်မရောက်မီက တရုတ်ပြည်၌ တာအိုနှင့် ကွန်ဖြူးရှပ် အယူဝါဒများကို ယုံကြည်သက်ဝင်ခဲ့ကြသည်။ သို့သော် ထိုအယူဝါဒနှစ်ခုလုံးမှာ လူတို့၏နေနည်း ထိုင်နည်း လူ့ကျင့်ဝတ်များသာဖြစ်၍ ဘာသာတရားတစ်ခု၏ သဘောလက္ခဏာများ မရှိကြချေ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း(၄၀၀)ခန့် (ခရစ်မပေါ်မီ နှစ်တစ်ရာခန့်)တွင်မှ အာရှအလယ်ပိုင်း ခိုတန်၊ ကူချစသောဒေသများမှ ပိုးလမ်းမကြီး(Silkroute) အတိုင်း လာရောက်ကြသော ကုန်သည်များနှင့် ရဟန်းတော်များ ယူဆောင်လာကြသဖြင့် တရုတ်ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။

သာသနာတော် နှစ်(၆၀၀)ခန့်၌မူ ဟန်မင်းဆက်ဘုရင်များသည် အိန္ဒိယနိုင်ငံမှ ရဟန်းတော်များကို တရုတ်ပြည်သို့ပင့်ဆောင်၍ သာသနာပြုစေကြသည်။ ထိုရဟန်းတော်များသည် မဟာယာနဗုဒ္ဓဘာသာကျမ်း အမြောက်အမြားကို ယူဆောင်လာပြီး တရုတ်ဘာသာသို့ ပြန်ဆိုကြသည်။ ထိုရဟန်းတော်များထဲမှ ကဿပမာတင်္ဂ မထေရ်နှင့် ကုမာရဇိဝ မထေရ်တို့မှာ အထင်ရှားဆုံးပညာရှင်များ ဖြစ်ကြလေသည်။

သာသနာတော်နှစ် ၉-ရာစုမှ ၁၂-ရာစုအတွင်း၌ တရုတ်ရဟန်းတော်များလည်း အိန္ဒိယနိုင်ငံသို့ကြွရောက်၍ စာပေကျမ်းဂန်များ သင်ကြား လေ့လာပြီး မဟာယာနကျမ်းစာ အမြောက်အမြားကို ယူဆောင်လာကာ ဘာသာပြန်ခဲ့ကြသည်။ ထိုရဟန်းတော်များထဲမှ ရဟန်းတော် ဖါဟီယန်၊ ရွှင်ကျန်နှင့် အိကျင်တို့သည် ခရီးသွားမှတ်တမ်းများကိုလည်း စေ့စေ့စပ်စပ်ရေးသားခဲ့ကြသဖြင့် နှောင်းခေတ် ဗုဒ္ဓဘာသာလေ့လာသူများ အတွက် လွန်စွာအကျိုးကျေးဇူး များပြားခဲ့ပါသည်။

သာသနာတော်နှစ် ၁၁-ရာစုတွင် အိန္ဒိယရဟန်းတော် ဗောဓိဓမ္မ တရုတ်ပြည်သို့ ကြွရောက်ပြီး ဈင်ဂိုဏ်းကိုတည်ထောင်ခဲ့သည်၊ ယခုအခါ ထိုဈင်ဂိုဏ်းသည် တရုတ်ပြည်၌ ကွယ်ပျောက်၍ ဂျပန်နှင့် ကိုရီးယားနိုင်ငံများ၌ ထွန်းကားလျက်ရှိသည်။ ဥရောပနှင့် အမေရိကတိုက်နိုင်ငံများ၌လည်း ပြန့်နှံ့လျက်ရှိလေသည်။

ဈင်ဂိုဏ်းနှင့် အလားတူ တရုတ်ပြည်ဖြစ် အခြားဂိုဏ်းတစ်ဂိုဏ်းလည်း ရှိသေး၏။ ထိုဂိုဏ်းမှာ သာသနာတော် နှစ် ၁၂၀၀-ခန့်က ပေါ်ထွန်းလာသော သုခ၀တီဗျူဟာဂိုဏ်းဖြစ်၏။

ဗုဒ္ဓဘာသာသည် တရုတ်ပြည်၌ အကြပ်အတည်း အခက်အခဲများကြားမှ ပြန့်ပွားခဲ့ရခြင်းဖြစ်၏။ ကွန်ဖြူးရှပ်အယူဝါဒသည် မင်းဆွေမင်းမျိုးတို့ ကိုးကွယ်သော အယူဝါ၏ဖြစ်ခဲ့လေရာ ဗုဒ္ဓဘာသာတဖြည်းဖြည်း တိုးတက်ကြီးပွားလာသည်ကို မနှစ်မြို့နိုင်သော ဘုရင်နှင့်မှူးကြီး မတ်ကြီးတို့က အကြောင်းအမျိုးမျိုးရှာ၍ ဗုဒ္ဓဘာသာကို နှိပ်ကွပ်ဖျက်ဆီးခဲ့သော အချိန်အခါများလည်း ရှိခဲ့သည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ပရိယတ် ပဋိပတ်အလုပ် အားမထုတ်ဘဲ အကျင့်သိက္ခာ ချွတ်ယွင်းပျက်ပြားကြသဖြင့် နှိပ်နင်းခြင်းခံကြရသည့် အချိန်အခါများလည်း ရှိခဲ့လေသည်။

သို့သော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဗုဒ္ဓဘာသာ အားကောင်းလာသဖြင့် ယခုအချိန်တွင် တာအိုနှင့် ကွန်ဖြူရှပ်ဝါဒတို့ထက် ပို၍ စည်ပင်ထွန်းကားလျက်ရှိပေသည်။

ကွယ်လွန်သူ ဘိုးသွားစဉ်ဆက်တို့ကို ပူဇော်ကန်တော့သော (Ancester Worship) အယူဝါဒမှာလည်း ယနေ့ တိုင်ထွန်းကားလျက်ရှိလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

1 comment: