အနာဂါမ်ဖြစ်ပြီးသူသည် မိမိရရှိထားသော မဂ် ဖိုလ် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ရူပရာဂ(ရူပဘ၀ကို တပ်မက်တွယ်တာမူ) အရူပရာဂ(အရူပဘ၀ကို တပ်မက်တွယ်တာမူ၊ မာန(ထောင်လွှားမူ)၊ ဥဒ္ဓစ္စ(ပျံ့လွင့်မူ)၊ အ၀ိဇ္ဇာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့် အရဟတ္တမဂ်ကို ရရှိရန်အတွက် ဆက်လက်၍ ၀ိပဿနာ တရားကိုပင် အားထုတ်သည်၊ ရုပ်နာမ်သင်္ခါရတို့ကို မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန်နင်းနယ်ကြိတ်ခြေ၏။ ၀ိပဿနာဉာဏ်အဆင့်ဆင့်ကို ဖြစ်စေလျက် ၀ိပဿနာလမ်းမှန်သို့ သက်ဝင်နိုင်၏။ ထိုသို့ အားထုတ်သောအခါ ရှေးနည်းတူ သင်္ခါရုပေက္ခာဉာဏ်၏အဆုံး၌ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်တို့ဖြစ်၍ ဂေါတြဘူဉာဏ်ချုပ်သည်နှင့် မရှေးမနှောင်းတွင် အရဟတ္တမဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်လာလေသည်။ ဤအရဟတ္တဖိုလ်စိတ် ဖြစ်သည်မှစ၍ ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။ ကိလေသာအာသဝေါတရားများ ကုန်ခန်းပြီးသူ၊ သံသရာဘ၀ဇာတ်အဆုံးသို့ ရောက်သူ၊ လောကတွင် ပူဇော်အထူးကို ခံယူထိုက်သူဟု ဆိုလိုသည်။
ရဟန္တာပုဂ္ဂိုလ်သည် အောက်မဂ်သုံးပါးဖြင့် မပယ်သတ်ရသေးသည့် အကုသိုလ်အကြွင်းအကျန် မှန်သမျှကို အရဟတ္တမဂ် ဉာဏ်အခိုက်၌ပင် ပယ်သတ်သည်။ သံသရာဘ၀ဇာတ်သိမ်း၍ ခန္ဓာဝန်ငြိမ်းကာ (၃၁)ဘုံမှ လွတ်မြောက်သူဖြစ်သည်၊ မည်သည့် အာရုံနှင့် တွေ့ကြုံရစေကာမူ တုန်လူပ်ချောက်ချားခြင်းမရှိ၊ ၀မ်းသာဝမ်းနည်းခြင်းမရှိ၊ ပကတိငြိမ်သက်သည့် ဥပေက္ခာသဘောသာ ဖြစ်တော့သည်။ ပစ္စည်းလာဘ်လာဘ၊ အခြွေအရံ အသင်းအပင်းကျော်စောသတင်း၊ ချီးကျူးခြင်း စသည်တို့ကို သာယာမူမဖြစ်တော့ပေ။ မည်သည့် လောကဓံနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ၀မ်းနည်းဝမ်းသာခြင်းမရှိ၊ တုန်လူပ်ခြင်းမရှိ၊ ပကတိ ငြိမ်သက်လျက် ရှိပေသည်။ ထူးခြားချက်မှာ မိမိရရှိသည့် တရားထူးကို အခြားသတ္တ၀ါတို့အားလည်း ရရှိစေချင်သည့် စိတ်ထားရှိခြင်း၊ မိမိရဟန္တာဖြစ်ကြောင်း အခြားသူတို့အား မပြောကြားလိုခြင်းတို့ ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday, 7 November 2011
ရဟန္တာပုဂ္ဂိုလ်
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment