ဗြဟ္မ၀ိဟာရ တရားသည် - မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဥပေက္ခာအားဖြင့် လေးပါးအပြားရှိသည်။
ယင်းမေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးနှင့် ပြည့်စုံစွာ နေထိုင်လျှင် မြင့်မြတ်သော နေထိုင်ခြင်းမျိုး ဖြစ်သော
ကြောင့်လည်းကောင်း၊ မြင့်မြတ်ကုန်သော ဗြဟ္မာတို့၏ နေထိုင်မူနှင့် တူသောကြောင့်လည်းကောင်း ထိုတရားလေးပါးတို့ကို ဗြဟ္မ၀ိဟာရဟု ခေါ်သည်။
ဤဗြဟ္မ၀ိဟာရ တရားလေးပါး၌ ပို့သ ပွားများသူများကလည်း ပုဂ္ဂိုလ်၊ သတ္တ၀ါ ပညတ်များဖြစ်သည်၊ အပို့ခံရသူများလည်း ပုဂ္ဂိုလ်၊ သတ္တ၀ါ ပညတ်များပင်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ပညတ်ရှိပါမှ ဗြဟ္မ ၀ိဟာရတရားဖြစ်ပေါ်နိုင်မည်၊ ဤတရားဖြစ်ပေါ်မှ လောကကြီး ငြိမ်းချမ်းသာယာမည်။
မြတ်စွာဘုရားရှင်သည် ပရမတ္ထသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် “ခန္ဓာ အာယတနတို့သည် မေတ္တာပွားကြကုန်၏” စသည်ဖြင့် ဟောကြားရပေလိမ့်မည်။
ယင်းသို့ ဟောကြားခဲ့သော် မည်သည့် ဝေနေယျ သတ္တ၀ါမျှ တရားတော်ကို သိရှိနားလည်နိုင်မည် မဟုတ်ချေ။
လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါတို့သည် မေတ္တာပွားကြကုန်၏ စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားမှသာ ဗြဟ္မ၀ိဟာရတရားများ တိုးပွားကာ ကြီးပွားချမ်းသာသော ငြိမ်းချမ်းသာယာသော လောကကြီးကို တည်ဆောက်နိုင်ပေမည်။
ထို့ကြောင့် မေတ္တာ စသည့် ဗြဟ္မ၀ိဟာရတရားများ အရေးပါ၍ ပဓာနဖြစ်ကြောင်းကို သိစေလိုသောဗေကြာင့် သမ္မုတိသစ္စာဖြင့် ဟောကြားရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment