ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 10 November 2011

ထိုင်းနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

ထိုင်းနိုင်ငံ၌ ရှေးဦးစွာနေထိုင်ခဲ့ကြသော လူမျိုးများသည် ထိုင်းလူမျိုးများ မဟုတ်ကြ။ မွန်လူမျိုးများဖြစ်ကြသည်။ ထိုင်းလူမျိုးမှာ တရုတ်ပြည် အနောက်တောင်ပိုင်းမှ ယခုထိုင်းနိုင်ငံဟုခေါ်သော ဒေသသို့ ခရစ်နှစ် ၁၁-ရာစုနှင့် ၁၂-ရာစုနှစ်အတွင်း၌ တဖြည်းဖြည်းရွှေ့ပြောင်းဝင်ရောက်လာကြသော လူမျိုးတစ်စုသာ ဖြစ်လေသည်။

ထိုင်းနိုင်ငံ၏ ရှေးဦးလူမျိုးများဖြစ်သော မွန်တို့သည် ယခုခေတ် ဗန်ကောက်မြို့တော်၏ အနောက်ဘက် မိုင်(၃၀)ခန့်ဝေးသော နခုန့်ပထုမ်ဒေသ၌ စတင်နေထိုင်ကြပြီး အရှေ့ဘက်နှင့် မြောက်ဘက်အရပ်ဒေသ များသို့ တဖြည်းဖြည်း ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ နခုန့်ပထုမ်ဆိုသည်မှာ နဂရ ပထမပင်ဖြစ်၍ ပထမဦးဆုံး တည်ထောင်သောမြို့ဟု ဆိုလိုသည်။ နခုန့်ပထုမ်ဒေသသည် အသောကမင်းကြီး သာသနာပြု စေလွှတ်ခဲ့သော သုဝဏ္ဏဘူမိအရပ်တွင် ပါဝင်သည်ဟု ယူဆကြသည်။ ယင်းအယူအဆအရဆိုသော် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၅၀-ခန့်ကပင် ယင်းဒေသ၌ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိနေပြီဟု ဆိုရပေမည်။ သို့သော်လည်း ခိုင်မာသော အထောက်အထားကိုမူ မတွေ့ရသေးချ။

ထိုဒေသ၌ ရှေးဟောင်းပစ္စည်းများဖြစ်သည့် အိန္ဒိယပြည် ဂုတ္တခေတ် ဘုရားရုပ်ထုများ၊ စဥ့်ထွင်းများ၊ ဓမ္မစကြာပုံတော်များကို တူးဖော်တွေ့ရှိခဲ့ကြရသည်။ ယင်းအထောက်အထားများအရ ခရစ်နှစ် ၁-ရာစု၊ ၂-ရာစု လောက်မှာပင် ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိနေပြီဟူ၍ ယူဆရသည်။ ထိုဗုဒ္ဓဘာသာဝင် မွန်လူမျိုးတို့သည် ယခု ထိုင်းနိုင်ငံဟုခေါ်သော ဒွါရာဝတီပြည်၌ ခရစ်နှစ် ၁၁-ရာစုအထိ ယဉ်ကျေးမူအဆင့်မြင့်မားသော ဒေသခံလူများများအဖြစ်ဖြင့် နေထိုင်ခဲ့ကြလေသည်။

ခရစ်နှစ် ၈-ရာစု၌မူ အရှေ့ဘက် ဖူနန်(ကမ္ဗောဇ) နိုင်ငံမှ ခမာလူမျိုးတို့သည် အနောက်ဘက်မွန်တို့နိုင်ငံသို့ တဖြည်းဖြည်းတိုးဝင်ကာ မွန်တို့နှင့် ရောနှောနေထိုင်ခဲ့ကြသည်။ ထိုစဉ်က ခမာတို့သည် မဟာယာန ဗုဒ္ဓဘာသာနှင့် ဗြဟ္မဏဘာသာ(ဟိန္ဒူဘာသာ)ကို ကိုးကွယ်ခဲ့ကြသည်။

ခရစ်နှစ် ၉-ရာစုမှစ၍ ခမာလူမျိုးနှင့် ခမာယဉ်ကျေးမူ ပိုမိုအားကောင်းလာကာ မွန်တို့အပေါ် လွှမ်းမိုးကြီးစိုးလာခဲ့သဖြင့် ခရစ်နှစ် ၁၁-ရာစု နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ မွန်ယဉ်ကျေးမူ တဖြည်းဖြည်းတိမ်ကောလာပြီး မွန်တို့သည်လည်း အနောက်ဘက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြလေသည်။

ခမာ(ကမ္ဗောဇ) လူမျိုးတို့သည် ခရစ်နှစ် ၁၁-ရာစုမှ ၁၃-ရာစုနှစ် ရှေ့ပိုင်းအထိ ပိုမို၍ အင်အားကြီးမား တန်ခိုးထွားလာခဲ့ရာ ယခုထိုင်းနိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းအထိ အုပ်စိုးခဲ့ကြသည်။ တရုတ်ပြည်အနောက်တောင်ပိုင်းမှ တောင်ဘက်သို့ တဖြည်းဖြည်းဆင်းလာကြသော ထိုင်းလူမျိုးတို့သည် ခရစ်နှစ် ၁၁-ရာစုတွင် ကမ္ဗောဇနိုင်ငံသို့ ရောက်လာကြပြီး ခမာတို့၏ အုပ်စိုးမူအောက်၌ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် ထိုင်းတို့သည် အုပ်စိုးသူခမာတို့ကိုးကွယ်သော မဟာယာနဗုဒ္ဓဘာသာနှင့် ဗြဟ္မဏဘာသာတို့ကိုပင် ကိုးကွယ်ခဲ့ကြသည်။ ခမာတို့ တန်ခိုးထွားနေသောခေတ်ဖြစ်၍ ခမာတို့၏ မဟာယာနဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့သည် ထိုင်းလူမျိုးတို့၏ ဘာသာစကား၊ စာပေယဉ်ကျေးမူပေါ်သို့ အင်အားကြီးမားစွာ လွှမ်းမိုးခဲ့သဖြင့် ယခုတိုင် ထိုင်းတို့၏ဓလေ့ထုံးစံနှင့် ပွဲလမ်းသဘင်အခမ်းအနားတို့၌ မဟာယာနနှင့် ဟိန္ဒူဘာသာအရိပ်အငွေ့များကို တွေ့ရှိနေရသည်။

ခရစ်နှစ် ၁၃-ရာစုအလယ်ပိုင်းတွင် ထိုင်းတို့သည် တဖြည်းဖြည်းအင်အားစုဆောင်း၍ ခမာတို့ကို တိုက်ထုတ်လိုက်ကြပြီး မြောက်ပိုင်း၌ လန္နာ(Lanna) နိုင်ငံကိုလည်းကောင်း၊ အလယ်ပိုင်း၌ ဆူခေါထိုင်း(sukhothai) နိုင်ငံကိုလည်းကောင်း တည်ထောင်လိုက်ကြသည်။ ဤလန္နာနှင့် ဆူခေါထိုင်း နှစ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အစဖြစ်၏။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံဟု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုင်းလူမျိုးတို့သည် ခမာတို့၏ လက်အောက်ခံဘ၀၌ပင် ခရစ်နှစ် ၁၂-ရာစု၌ ပုဂံပြည်မှ ထေရ၀ါ၏ ဗုဒ္ဓဘာသာကို တစ်စ တစ်စ လက်ခံကျင့်သုံးခဲ့ကြသည့် လန္နာနှင့် ဆူခေါထိုင်းနှစ်နိုင်ငံကို တည်ထောင်ပြီးသည့် အချိန်တွင်မူ သဒ္ဓါတရားပြည့်ဝ၍ ဘုန်းတန်ခိုးရှိသော ထိုင်းဘုရင်တို့သည် သီရိလင်္ကာသို့ ရဟန်းတော်များကို စေလွှတ်၍ ပညာသင်ယူစေခြင်း၊ သီရိလင်္ကာမှ ပညာတတ် ဆရာတော်များကို ထိုင်းနိုင်ငံသို့ ပင့်ဆောင်ခြင်း စသည်ဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြရာ ခမာတို့လက်အောက်ခံဘ၀၌ ကိုးကွယ်ခဲ့သော မဟာယာနနှင့် ဗြဟ္မဏဘာသာတို့ တဖြည်းဖြည်း အားသေးမှေးမှိန်ကာ ကွယ်ပျောက်သွားခဲ့ကြသည်။ ထေရ၀ါ၏ ဗုဒ္ဓဘာသာသည်သာလျှင် ယခုအချိန်အထိ စည်ပင်ပြန့်ပွား ထွန်းကားခဲ့ရာ နိုင်ငံတော်ဘာသာအဖြစ်သို့ပင် ရောက်ရှိနေပေသည်။

ခရစ်နှစ် ၁၉-ရာစု အလယ်ပိုင်း၌ ထိုင်းနိုင်ငံကို အုပ်စိုးသော ပဉ္စမရာမမင်းဆက်ဖြစ်သည့် မောင်းကွတ်(mongkut) ဘုရင်သည် ဘုန်းတန်းခိုးကြီးမား၍ ဘာသာတရားကိုလည်း အလွန်ကြည်ညိုကိုင်းရိုင်းသည်။ ကိုယ်တော်တိုင် (၂၇)နှစ်တိုင်တိုင် မွန်ဆရာတော်ကြီးထံ ရဟန်းဝတ်ဖြင့်နေပြီးမှ မင်းပြုခဲ့သည်။ သာသနာတော် သန့်ရှင်းစေရန်နှင့် ၀ိနည်းစည်းမျဉ်း တင်းတင်းကြပ်ကြပ် လိုက်နာကျင့်ကြံစေရန် ရည်သန်၍ ထမယုတ်ဟုခေါ်သော ဓမ္မယုတ္တိဂိုဏ်းကို စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံ ဗုဒ္ဓသာသနာတော်၌ မဟာနိကိုင်(မဟာနိကာယဂိုဏ်း) ထမယတ်ဂိုဏ်းဟူ၍ သံဃာဂိုဏ်း (၂)ဂိုဏ်း ဖြစ်ပေါ်လာလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment