သံသရာဝဋ်ဆင်းရဲလည်ကြောင်းဖြစ်၍ သံသရာဝဋ်၏ အမြစ်အရင်းဖြစ်သော တရားနှစ်ပါးမှာ -
၁။ အ၀ိဇ္ဇာ
၂။ တဏှာ - တို့ဖြစ်သည်။
ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် လောကသုံးပါးမှ လွတ်မြောက်ပုံ
ပဋိစ္စသမုပ္ပါဒ်စက်တွင် အ၀ိဇ္ဇာနှင့် တဏှာနှစ်ပါးသည် ၀ဋ်သုံးပါးတရားတို့၏ လည်ရာလည်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်စက်၏ အကြောင်းရင်းအကြောင်းစ ဖြစ်သောကြောင့် လည်းကောင်း၊ သံသရာဝဋ်၏ ပင်မ အမြစ်ကြီးနှစ်သွယ်ဖြစ်ကြသည်။ တနည်းအားဖြင့်ဆိုသော် အ၀ိဇ္ဇာ၊ တဏှာဟူသော အနုသယကိလေသာကြီးနှစ်ပါးသည် ၀ဋ်တရားတို့၏ ဦးခေါင်းကြီး နှစ်လုံးနှင့် တူပေသည်၊ သတ္တ၀ါတို့၌ ခေါင်းအင်္ဂါသည် အချုပ်အချာပဓာနဖြစ်သကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာ တရားနှစ်ပါးတို့သည်လည်း ပဋိစ္စသမုပါဒ်ဝဋ်ကြီး၏ အချုပ်အချာ ဦးခေါင်းများဖြစ်ကြ၏၊ မြွေသတ္တ၀ါ၏ဦးခေါင်းကို ဆုပ်ကိုင်သောအခါ ဆုပ်ကိုင်သူ၏လက်မောင်းသည် ရှည်လျားသောမြွေကိုယ်၏ ရစ်ပတ်ခြင်းကို ခံရသကဲ့သို့ ၀ဋ်တရားတို့၏ ဦးခေါင်းကြီးများဖြစ်သည့် အ၀ိဇ္ဇာနှင့် တဏှာတို့ကို စွဲကိုင်ထားသောကြောင့် သတ္တ၀ါတို့သည် သံသရာဝဋ်တည်းဟူသော ရှည်လျားသော ကိုယ်ကြီးဖြင့် အထပ်ထပ်ရစ်ပတ်မူကို ခံနေကြရခြင်းဖြစ်ပေသည်။
ထို့ပြင် ပဋိစ္စသမုပ္ပါဒ်စက်ကို ရှေ့ပိုင်းဘ၀စက်၊ နောက်ပိုင်းဘ၀စက် ဟူ၍ နှစ်ပိုင်းခွဲလိုက်လျှင် အ၀ိဇ္ဇာနှင့် တဏှာတို့သည် ထိုဘ၀စက်ကြီးနှစ်ခု၏ ခေါင်းကြီးများပင်ဖြစ်သည်။ အ၀ိဇ္ဇာသည် အ၀ိဇ္ဇာမှ ဝေဒနာအထိ (အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ) ရှေ့ပိုင်းဘ၀စက်၏ ခေါင်းကြီးဖြစ်၍ တဏှာသည် တဏှာမှ ဇာတိအထိ (တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ) နောက်ပိုင်း ဘ၀စက်၏ စက်ခေါင်းကြီး ဖြစ်သည်။
ဥပမာအားဖြင့် ရှေ့ပိုင်းတွင် စက်ခေါင်းတစ်လုံး၊ နောက်ပိုင်းတွင် စက်ခေါင်းတစ်လုံး တပ်ဆင်ထားသည့် မီးရထားကြီးနှင့် တူသည်၊ ထိုစက်ခေါင်းကြီးနှစ်လုံး တပ်ဆင်ထားသော မီးရထားကြီးသည် တောကြိုတောင်ကြား တောင်နံပါး စသော လမ်းကောက်လမ်းကျဉ်းများ၌ ရှေ့ခေါင်း၊ နောက်ခေါင်းတို့ဖြင့် တက်တုံ ဆင်းတုံ၊ ကွေးကောက်တုံဖြင့် တသုန်သုန်သွားလာ၍ နေဘိသကဲ့သို့ အ၀ိဇ္ဇာ၊ တဏှာတည်းဟူသော ရှေ့ခေါင်း နောက်ခေါင်းနှစ်လုံးတပ်ထားသော ဘ၀စက်ယန္တရာ သံသရာရထားကြီးသည်လည်း တက်တုံ ဆုတ်တုံ ကွေ့ကောက်တုံတို့ဖြင့် သုံးဆယ့်တစ်ဘုံဝယ် တသုန်သုန် လှည့်လည်သွားလာနေပေသည်။
သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကြီး၌ ဘ၀သံသရာလည်ပတ်ကြောင်း စက်ခေါင်းကြီးနှစ်လုံးဖြစ်သည့် အ၀ိဇ္ဇာ၊ တဏှာဟူသော ကိလေသ၀ဋ်ကို အမြစ်ပါမကျန် တွန်းလှန်ပယ်သတ်နိုင်မှ သံသရာထွက်ပေါက်ရ၍ လောကသုံးပါးမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် အ၀ိဇ္ဇာနှင့် တဏှာတို့ကို ချုပ်ငြိမ်းအောင် ၀ိပဿနာတရား ရူမှတ်ပွားများအားထုတ်ရမည်။ အ၀ိဇ္ဇာချုပ်သွားသောအခါ သင်္ခါရ၊ ၀ိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဟူသော ရှေ့ပိုင်းဘ၀စက်ကြီး ချုပ်ငြိမ်းသွား၏။ ဝေဒနာ တဏှာချုပ်သောကြောင့် ဥပါဒါန်၊ ဘ၀၊ ဇာတိ စသော နောက်ပိုင်းဘ၀ စက်များချုပ်ငြိမ်းပြီး သံသရာမှ ရှင်းရှင်းကြီး ကျွတ်လွတ် ထွက်မြောက်သွားလေတော့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday, 25 November 2011
ဝဋ်မြစ် (၂) ပါး
အမျိုးအစား/ကဏ္ဍ
လောက (၃)ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment