ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 16 November 2011

(၈) လောကသမ္မုတိ အပ္ပဟာန = လောက၌ သမ္မုတိသစ္စာကို မပယ်နိုင်ပုံ

သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာနှစ်ပါးတွင် သမ္မုတိသစ္စာသည် ပရမတ္တအားဖြင့် ထင်ရှားမရှိသောကြောင့် အ၀ိဇ္ဇမာန ပညတ် မည်၏၊ ပရမတ္တ သဘာဝအားဖြင့် ထင်ရှားမရှိသော်လည်း အမှတ်တရားပင်ဖြစ်၏။

မြတ်စွာဘုရားသည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ဖြစ်သော်လည်း လူတို့၏ အသုံးအနူန်း ဝေါဟာရ ပညတ်များကို အတည်ပြုဟောကြားတော်မူ၏၊ ထိုသို့ ဟောကြားမှလည်း သတ္တ၀ါများ သဘောပေါက်နားလည်ကြမည် ဖြစ်ပေသည်။ ဘ၀ပြဿနာနှင့် အယူဝါဒ နေရာမှာလည်း မြင်လာပေမည်။

အကယ်၍ သမ္မုတိသစ္စာကို ပယ်လိုက်ပါက မည်သည့်ပညာရှင်မျှ လောကကြီးကို တိုးပွားအောင် တည်ထောင်နိုင်မည် မဟုတ်ပေ။ အမိ၊ အဖ၊ ဆရာသမား၊ သားသမီး၊ မောင်နှမ၊ မိန်းမ ယောက်ျားစသည်များ မရှိတော့သဖြင့် လောကကြီး တစ်ခုလုံး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လောကကြီး ဖြစ်သွားနိုင်၏၊ သီလရှိသော ပုဂ္ဂိုလ်၊ သီလမဲ့သော ပုဂ္ဂိုလ်၊ ယုတ်မာသော ပုဂ္ဂိုလ်၊ မြင့်မြတ်သော ပုဂ္ဂိုလ်စသည်ဖြင့် အယုတ်၊ အလတ်၊ အမြတ် ခြားနားမူလည်း မရှိနိုင်တော့ပေ၊ မိဘ ဆရာသမားတို့အား ကျေးဇူးဆပ်ရခြင်း၊ ရိုသေလေးစားခြင်း၊ ကျွေးမွေးစောင့်ရှောက်ရခြင်း၊ လှူဒါန်းပေးကမ်းရခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ ဘာဝနာ အားထုတ်ရခြင်း စသည်တို့လည်း မရှိနိုင်တော့ချေ။

သမ္မုတိသစ္စာသည် လောကကြီးတ်စခုလုံးကို စည်းမဲ့ကမ်းမဲ့ တိရစ္ဆာန်လောကကြီး ဖြစ်မသွားအောင် ထိန်းသိမ်းထားနိုင်သည့်အပြင် ငြိမ်းချမ်းသာယာသော လောကကြီးဖြစ်အောင် ဖန်တီးပေးနိုင်၏၊ ကျေးဇူးဆပ်ခြင်း(ကတညုတမင်္ဂလာ)၊ ရိုသေလေးစားခြင်း(ဂါရ၀မင်္ဂလာ)၊ ကျွေးမွေးစောင့်ရှောက်ခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ ဘာဝနာ အားထုတ်ခြင်း စသည့် ကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်၏။

ဤသို့သမ္မုတိသစ္စာခေါ် ပညတ်တရားသည် လောကီနယ်၌ အလွန်အရေးပါအရာရောက်သောကြောင့် မြတ်စွာဘုရားသည် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း သမ္မုတိသစ္စာဒေသနာတော်ကို ဆိုခဲ့ပြီးသော အကြောင်းရှစ်မျိုးအရ ဟောကြားတော်မူခြင်းဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment