ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 18 November 2011

(ဃ) ပုဂ္ဂလပညတ်ကျမ်းနှင့် သမ္မုတိသစ္စာ

ပုဂ္ဂလပညတ်စသော ပညတ်အမျိုးမျိုးကို ခွဲခြား သတ်မှတ်ပြသော ကျမ်းသည် ပုဂ္ဂလပညတ်ကျမ်းမည်၏။ (ပုဂ္ဂလ = ပုဂ္ဂိုလ် + ပညတ် = သတ်မှတ်ချက်)

ဤပုဂ္ဂလပညတ်ကျမ်း၌ - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော ပရမတ္ထတ တရားတို့၏ အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် ၀ိဇ္ဇမာနပညတ်မည်၏။

လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမစသော လူတို့ သုံးစွဲသော အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အ၀ိဇ္ဇမာန ပညတ်မြည်၏။

ဝိဇ္ဇမာန ပညတ်တို့ကို ခန္ဓပညတ်စသည်ဖြင့်သာ ပြ၍ အ၀ိဇ္ဇမာန ပညတ်ကိုမူ ပုဂ္ဂိုလ်တစ်မျိုး နှစ်မျိုးစသည်ဖြင့် ချဲ့ထွင်း၍ ဟောပြထားသည်။

ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ အဘိဓမ္မာသုံးကျမ်းကို ဟောပြီးသောအခါ ပရမတ္ထသစ္စာတရားများကိုသာ နာကြားရသည့် နတ်ဗြဟ္မာတို့၏ သန္တာန်၌ သံသယ ၀င်လာနိုင်သည်။ ဤအဘိဓမ္မာသုံးကျမ်းလုံး၌ လူ၊ နတ်၊ ဗြဟ္မာ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံစသော သမ္မုတိသစ္စာ ပညတ်စကားများ လုံးဝမပါဝင်ခဲ့ချေ။ ခန္ဓာ၊ အာယတနစသော ပရမတ္ထသစ္စာ တရားများသား ပါဝင်ခဲ့သည်။

ထို့ကြောင့် ကမ္ဘာလောကကြီး၌ ပရမတ္ထသစ္စာတရားများသာ ရှိသလော၊ သမ္မုတိသစ္စာ ပညတ်တရားဟူသည် မရှိလေသလောဟု သံသယ၀င်လာနိုင်၏။ ပညတ်ဟူသည် မည်သို့မျှ အသုံးမ၀င်ဟု မှတ်ထင်ကာ တစ်ဖက်စွန်းသို့လည်း ရောက်သွားနိုင်ပေသည်။

လောက၌ ပရမတ္ထတရားသက်သက်မျှရှိ၏ဟု ယူဆလိုက်လျှင် တစ်ဖက်စွန်းရောက်နိုင်သကဲ့သို့ သမ္မုတိသစ္စာ ပညတ်သာ အဓိကဖြစ်၏၊ အရေးပါ၏ဟု ယူဆလိုက်လျှင်လည်း တစ်ဖက်စွန်းသို့ ရောက်နိုင်ပြန်သည်။ မြတ်စွာ ဘုရားရှင်၏ တရားတော်မှန်လျှင် လက်ဝဲစွန်း၊ လက်ယာစွန်းဟူသော အစွန်းနှစ်ဖက်မှ လွတ်ကာ မဇ္ဈိမပဋိပဒါ(အလယ်အလတ်ကျင့်စဉ်) လမ်းသာ အမှန်ဖြစ်ရပေသည်။

မြတ်စွာဘုရား၌ ကျင့်စဉ်များတွင် လှူဒါန်းမူ ဒါနပြုလုပ်ရာ၌ အလှူခံပုဂ္ဂိုလ်ပညတ်ကိုပင် လှူဒါန်းကြရသည်။

သီလဆောက်တည် ကျင့်သုံးရာ၌လည်း အခြားသတ္တ၀ါ၏ အသက်ကို မသတ်ရမူ၊ အခြားသတ္တ၀ါ၏ ပစ္စည်းကို မခိုးရမူစသည်ဖြင့် သတ္တ၀ါပညတ်ကို အစွဲပြု၍ သီလတရားဖြစ်ပေါ်ရ၏။

သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသော ပုဂ္ဂိုလ်တို့ကို ခွဲခြားရာ၌လည်း၊ ပုဂ္ဂိုလ်ပညတ်ဖြင့်ပင် ခွဲခြားကြရသည်။

မေတ္တာပွားရာ၌လည်း “ပုဂ္ဂိုလ်၊ သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” ဟု ပုဂ္ဂိုလ်၊ သတ္တ၀ါစသော ပညတ်ကိုပင် မေတ္တာပွားရသည်။ ဈာန်အဘိညာဉ်ရရန် သမထတရား အားထုတ်ရာ၌လည်း ကသိုဏ်းပညတ်ကိုပင် အာရုံပြု၍ အားထုတ်ရသည်။

သို့ဖြစ်၍ ပညတ်သည် ဒါန၊ သီလ၊ သမထစသော လောကီနယ်ပယ်၌ မပါလျှင်မပြီး အရေးကြီးသော တရားပင်ဖြစ်၍ ပယ်၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားပွဲကြီး၌ ပုဂ္ဂလ ပညတ်ကျမ်းကို ကျမ်းအမည်နှင့် လျော်ညီစွာ ပုဂ္ဂလပညတ် သမ္မုတိသစ္စာကို ရှေ့တန်း တင်၍ ဟောတော်မူရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment