ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 15 November 2011

( ၆) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နှင့် သမ္မုတိသစ္စာ

ရှေးရှေးဘ၀တို့၌ နေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သောဉာဏ်ကို ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဟုခေါ်သည်။ ဤဉာဏ်ကို ရနိုင်သော ပုဂ္ဂိုလ် (၆)မျိုးရှိရာ သာသနာပ ရသေ့(တိတ္ထိ)များပင် ကမ္ဘာလေးဆယ်အထိ အောက်မေ့ သိမြင်နိုင်ကြ၏။ အမှန်စင်စစ် ဤဉာဏ်သည် ရှေးရှေးကဖြစ်ခဲ့ဖူးသော ဘ၀ပေါင်းများစွာကို အောက်မေ့သိမြင်နိုင်သည့် ဉာဏ်ဖြစ်၏၊ ရှေးရှေးဘ၀များကို သိမြင်နိုင်သဖြင့် “ရှေ့ဘ၀၊ နောက်ဘ၀” ရှိသည်ဟု လက်ခံယုံကြည်ရကား ဘ၀နှင့် ပတ်သက်၍ ပြဿနာ မရှိနိုင်ကြပေ။

မြတ်စွာဘုရားသည် တရားတော်များကို ပရမတ္ထသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် ခန္ဓာ၊ အာယတနတို့သည် ရှေးဘ၀ခန္ဓာအစဉ်များကို အောက်မေ့သိရှိနိုင်ကုန်၏ စသည်ဖြင့် ဟောကြားရပေလိမ့်မည်။ ယင်းသို့ ဟောကြားပါက မည်သူမျှ နားလည်နိုင်မည် မဟုတ်သည့်အပြင် ဘ၀ပြဿနာ၌ တစ်ဖက်စွန်းရောက်သွားနိုင်ပေမည်။ မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင်ပေသည်။

သေက္ခပုဂ္ဂိုလ်တို့သည် ရှေးဘ၀ခန္ဓာအစဉ်များကို အောက်မေ့သိရှိနိုင်ကြကုန်၏၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ရှေးဘ၀ခန္ဓာ အစဉ်များကို အောက်မေ့သိရှိနိုင်ကြကုန်၏ စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားမှသာ တရားတော်များကို သိရှိနားလည်နိုင်မည့်အပြင် ဘ၀ပြဿနာ၌ တစ်ဖက်စွန်း မရောက်ဘဲ အယူဝါဒရေးရာ၌ မဇ္ဈိမပဋိပဒါ အယူဝါဒ ဖြစ်နိုင်ကြပေမည်။

ယင်းသို့ အယူဝါဒရေးရာ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အရေးပါပုံကို သိစေလိုသောကြောင့် သမ္မုတိသစ္စာဖြင့် ဟောကြားရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment