ဗုဒ္ဓဘာသာတွေရဲ့ အဓိကအားကိုးရာက တရားတော်နဲ့ ကိုယ့်ကိုယ်ကို ဖြစ်ပါတယ်။ သံယုတ်၊ သုတ်မဟာဝါ၊ သုတ်ပါထေယျ၊ အပါဒါန်၊ ဓမ္မပဒ ပါဠိတော်တွေမှာ အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ၊ အတ္တသရဏာမာ အညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ၀ိဟရထ ဓမ္မသရဏာ၊ မာ အညသရဏာတရားတော်နဲ့ ကိုယ့်ကိုယ်ကိုသာ ကျွန်းကြီးသဖွယ် မှီခိုအားထားကြ၊ အားကိုးကြ၊ အခြား ဘာကိုမှ ဘယ်သူ့ကိုမှ အားမကိုးကြနဲ့လို့ ဟောထား ပါတယ်။ တရားကို သိအောင်လုပ်ပြီး ကိုယ်တိုင်ကျင့်ကြံကြလို့ ဆိုလိုပါတယ်။
ဒီနေရာမှာ ဂဏမောဂ္ဂလာန်နဲ့ ဘုရားရှင်ရဲ့ အမေးကိုသိဖို့ လိုပါတယ်။
ဂဏမောဂ္ဂလာန် - မြတ်စွာဘုရား၊ ဘုရားရှင်ရဲ့ တပည့်သာဝက အားလုံးဟာ တရားထူး ရကြပါသလား။
ဘုရားရှင် - အားလုံး တရားထူး မရကြပါဘူး၊ ရသူလဲရှိတယ်၊ မရသူလည်းရှိပါတယ်။
ဂဏမောဂ္ဂလာန - ဘယ့်နှယ်လဲ ဘုရားရှင်ကိုယ်တိုင် ဟောကြားပြသနေပါလျက် ဘာဖြစ်လို့အားလုံး တရားထူး မရပါသလဲ။
ဘုရားရှင် - ဒီကိစ္စမှာ သင့်ကိုပဲ ငါပြန်မေးဦးမယ်။ သာဝတ္တိပြည်သွားချင်တဲ့ လူနှစ်ယောက်က ဘယ်လမ်းက သွားရမလဲလို့ သင့်ကိုလာမေးရင် သင်က လမ်းမှန်ကို ညွှန်ပြမယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့လမ်း အတိုင်း သွားတယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့လမ်းအတိုင်းမသွားဘူး။ နှစ်ယောက်စံလုံး သာဝတ္တိပြည် ကိုရောက်ပါ့မလား။
ဂဏမောဂ္ဂလာန် - နှစ်ယောက်လုံး မရောက်ပါ၊ တပည့်တော်ညွှန်တဲ့အတိုင်း သွားသူသာ ရောက်ပါမယ်။ ကျန်တစ်ယောက်ကတော့ မရောက်ပါဘူး။
ဘုရားရှင် - အေး-ထိုနည်းတူပဲ၊ ငါဘုရားညွန်ကြား ပြသတဲ့အတိုင်း လိုက်နာကျင့်ကြံသူသာ တရားထူးကိုရပြီး မလိုက်နာ မကျင့်ကြံသူတွေကတော့ တရားထူး မရပါဘူး။ ငါဘုရားက လမ်းမှန်ညွှန်ပြသူသာ ဖြစ်တယ်၊ ငါဘုရား ညွှန့်ကြားတဲ့အတိုင်း မလိုက်နာသူတွေ အဖို့တော့ ငါဘုရားကော ဘာတတ်နိုင်မှာတုန်း။
ဂဏမောဂ္ဂလာန် - ဗုဒ္ဓမြတ်စွာဟာ ကယ်တင်ရှင်မဟုတ်၊ လမ်းမှန်ညွှန်ပြသူသာဖြစ်ကြောင်း၊ လမ်းမှန်အတိုင်း လိုက်နာ မလိုက်နာဆိုတာက လူသားရဲ့ တာဝန်ဖြစ်ကြောင်း သဘောပေါက်ပါပြီဘုရား။
အထက်ပါ ဘုရားရှင်ရဲ့ ဂဏမောဂ္ဂလာန် မေးဖြေပုံကို သဘောပေါက်ရင် တရားတော်နှင့် ကိုယ့်ကိုယ်ကိုသာ အားကိုးစရာဖြစ်တယ်ဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။
No comments:
Post a Comment