ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 20 September 2010

မေတ္တာဟာ ပို့လို့ ရောက်ပါသလား?


မေတ္တာဟာ ပို့လို့ ရောက်ပါတယ်။ ပရိယာပိဋက ပါဠိတော်မှာ “ချစ်သား သာရိပုတြာ၊ ငါဘုရားဟာ သုဝဏ္ဏသာမ ဖြစ်စဉ် သိကြားမင်း ဖန်ဆင်းပေးသော ကျောင်း၌နေကာ တောထဲမှာ ခြင်္သေ့၊ ကျားတို့ကို မေတ္တာပွားနေသည်။ ခြင်္သေ့၊ ကျားသစ်၊ ၀ံ၊ ကျွဲ၊ သမင်၊ ၀က်တို့နှင့်အတူ နေခဲ့တယ်။ တိရစ္ဆာန်တွေက ငါ့ကိုမကြောက်၊ ငါကလဲ တိရစ္ဆာန်တွေကို မကြောက်၊ မေတ္တာစွမ်းအား ထောက်ပံ့ထားသည်ဖြစ်၍ ထိုအခါ တောထဲမှာ ငါမွေ့လျော်ခဲ့တယ်” ဟု ဘုရားရှင်က ဟောပါတယ်။

မြန်မာနိုင်ငံမှာ အထူးကျော်ကြားတဲ့ တောရဆရာတော် ဦးသီလဟာ တောထဲမှာ ကျားတွေ ဆင်တွေနဲ့ အတူတူ အန္တရာယ်မရှိဘဲ နေခဲ့တယ်။ ဒီနေရာမှာ သုဝဏ္ဏသာမနဲ့ ဆရာတော် ဦးသီလတို့ရဲ့ မေတ္တာဟာ ဆင် ကျား ခြင်္သေ့စတဲ့ တောရိုင်းသတ္တာဝါတွေဆီ ရောက်လို့သာ တောရိုင်းကောင်တွေဟာ သုဝဏ္ဏသာမနဲ့ ဆရာတော်ဦးသီလတို့ကို မေတ္တာတုံ့ပြန် ချစ်ခင်တာ ဖြစ်တယ်။ ဒါကြောင့် မေတ္တာဟာ ပို့လို့ရောက်တယ်လို့ မှတ်နိုင်ပါတယ်။

ဝိသာခမထေရ်ဟာ စိတ္တလတောင်ကျောင်းမှာ လေးလသီတင်းသုံးပြီး ပြောင်းရွှေ့မယ်အလုပ်မှာ မြစိမ်းပင်နတ်က ငိုပါတယ်။ ဘာကြောင့် ငိုသလဲလို့ မထေရ်ကမေးတော့ အရှင်ဘုရား ကြွမယ်ဆိုလို့ ငိုတာပါလို့ လျှောက်ပါတယ်။ အရှင်ဘုရား ဒီမှာ သီတင်းသုံးတဲ့အတွက် ဒီအရပ်မှာရှိတဲ့ နတ်၊ ဘီလူး စသည်တွေဟာ အချင်းချင်း မေတ္တာစိတ်ဖြင့် ချစ်ခင်ကြပါတယ်။ အရှင်ဘုရား ကြွသွားရင်ဖြင့် နတ်၊ ဘီလူးတွေဟာ ငြင်းခုံခိုက်ရန်ဖြစ်ပြီး ကြမ်းတမ်းတဲ့ စကားတွေကို ဆိုကြမယ်လို့ လျှောက်ထားတယ်။ ဒီဝိသာခါမထေရ်ရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရင် မေတ္တာပို့လို့ရောက်ပါတယ်။ မေတ္တာပို့တဲ့သူမှာသာ အကျိုး ၁၁-ပါးရတာ မဟုတ်ပါဘူး။ မေတ္တာကို ခံယူတဲ့လူအချင်းချင်းဟာ မေတ္တာတန်ခိုးကြောင့် အချင်းချင်း ချစ်ခင်ကြတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် မေတ္တာဟာ ပို့လို့ရတယ်လို့ အခိုင်အမာ မှတ်သားနိုင်ပါတယ်။

No comments:

Post a Comment