ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 20 September 2010

မေတ္တာပို့သူရဲ့ မေတ္တာကို မတုံ့ပြန်သူဟာ ဘာဖြစ်တတ်ပါသလဲ?


မေတ္တာဖြင့် မတုံ့ပြန်သူဟာ မေတ္တာရဲ့ တန်ခိုးရှိန်ကြောင့် ဒုက္ခရောက်ရတယ်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးဟာ ဒါန၊ သီလ၊ မေတ္တာဘာဝနာ ပွားနေတယ်။ အပြစ်ရှိလို့ နှင်ထုတ်လိုက်တဲ့ အမတ်တစ်ယောက်က ကောသလမင်းထံဝင်ပြီး ကုန်းတိုက်တဲ့အတွက် ကောသလမင်းက ဗြဟ္မဒတ်မင်းနဲ့ အမတ်တွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်။ ဗြဟ္မဒတ်မင်းဟာ ရန်သူကောသလမင်းကို အမျက်ဒေါသမထွက်ဘဲ မေတ္တာပွားနေရာ မေတ္တာဈာန်ကို ရရှိတယ်။ ထိုမေတ္တာတရားရဲ့ တန်ခိုးကြောင့် ကောသလမင်းရဲ့ ကိုယ်မှာ မီးမြိုက်ခံရသလို ပူလောင်နေတယ်။ ကောသလမင်းဟာ အထူးနာကျင် အခံရခက်တဲ့အတွက် ဘာကြောင့်ဒီလိုဖြစ်ကြောင်း လျှောက်ထားတော့မှ ကောသလမင်းဟာ ဗြဟ္မဒတ်မင်းကို သွားရောက် ကန်တော့ပြီး တိုင်းပြည်ကို ပြန်ပေးတယ်လို့ သေယျဇာတ်မှာ ပြတယ်။

ဧကရာဇ ဇာတ်တော်ထဲမှာလဲ ကောသလတိုင်းရှင် ဒုဗ္ဘိသေနမင်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကို တိုက်ခိုက်သိမ်းယူပြီး မင်းမှူးမတ်တွေကို ချုပ်နှောင်ထားတယ်။ ဗြဟ္မဒတ်မင်း ဒုဗ္ဘိသေနမင်းကို အာရုံပြုပြီး မေတ္တာပို့သလို့ မေတ္တာဈာန်ကို ရတယ်။ ဒုဗ္ဘိသေနမင်း ကိုယ်တွေပူလောင်လို့ ဗာရာဏသီမင်းကို ထောင်ကလွှတ်ပြီး ကန်တော့ရတယ်။

ရတနာသုံးပါးကို မကြည်ညိုဘဲ ဘုရားရှင်ကိုကြိုဆိုတဲ့ ရောဇမလ္လမင်းကို စိတ်နှလုံးနူးညံ့အောင်ပြုလို့ ညီတော်အာနန္ဒာ လျှောက်တဲ့အတွက် ဘုရားရှင်က ရောဇကို သီးသန့်အာရုံပြုကာ မေတ္တာဖြန့်ဝေတော်မှုတယ်။ ရောဇမလ္လမင်းဟာ အမိနဲ့ကွဲနေတဲ့ နွားငယ်လို အငြိမ်မနေနိုင်ဘဲ နောက်ဆုံး ဘုရားကျောင်းတော်ကို လိုက်လာရတယ်။

ဒီသေယျဇာတ် ဧကရာဇဇာတ် ရောဇမလ္လမင်းတို့ကို ထောက်ကြည့်ရင် မေတ္တာပို့သူ မေတ္တာရှင်ကို မေတ္တာနဲ့ မတုံ့ပြန်တဲ့လူဟာ မေတ္တာတန်ခိုးတော်အရ ပူလောင်ပြင်းပြစွာ ဒုက္ခရောက်ရတယ်။ မေတ္တာရှင်ဆီကို လာရောက်ဦးညွှတ်ရတယ်ဆိုတာနဲ့ မေတ္တာပို့လို့ ရောက်တယ်ဆိုတဲ့ သက်သေ သာဓကတွေ ဖြစ်ပါတယ်။

No comments:

Post a Comment