လောက၌ အတတ်ပညာတစ်ရပ်ရပ်ကို ထူးချွန်ပြောင်မြောက်စွာ တတ်မြောက်လိုသူသည် ထိုအတတ်ပညာနှင့် ဆရာတို့အပေါ် ယုံကြည်မူရှိရမည်၊ မိမိကိုယ်တိုင် ကျန်းမာရေးကောင်းမွန်ရမည်၊ ထို့ပြင် ဟန်ဆောင်ပလွှား ၀ါကြွားခြင်းမရှိ ပကတိ ရိုးသားဖြောင့် မတ်ရမည်၊ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မူနှင့် အသိဉာဏ်လည်းရှိရမည်၊ သို့မှသာ မျှော်မှန်းထားသည့် အတတ်ပညာကို ပေါက်ပေါက်ရောက်ရောက် သင်ယူတတ်မြောက် နိုင်မည်ဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ ယဲုကြည်မူလည်းမရှိ၊ ကျန်းမာရေးလည်းညံ့၊ ရိုးသားဖြောင့်မတ်မူလည်းမရှိ၊ ကြိုးစားအားထုတ်မူနှင့် အသိဉာဏ်လည်းမရှိပါက ရည်ရွယ်မျှော်မှန်းထားသည့် အတတ်ပညာကို ထိရောက်စွာ သင်ယူတတ်မြောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်မည့်သူသည် -
(၁) ရတနာသုံးပါးကို မမှိတ်မသုံး ယုံကြည်ခြင်း၊
(၂) ကမ္မဋ္ဌာန်းတရားပွားများအားထုတ်နိုင်ရန် ကျန်းမာရေးကောင်းမွန်ခြင်း၊
(၃) ဆရာသမား၊ အတူနေတရားကျင့်ဖေါ်ကျင့်ဖက်တို့အပေါ်၌ မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်၍ ကောက်ကျစ်စွာပြောဆိုမူ(သာဌေယျ)၊ မိမိ၌ရှိသောအပြစ်ကို သူများအသိအောင်လှည့်စားဖုံးကွယ်မူ (မာယာ)တို့ မရှိဘဲ ဟုတ်တိုင်းမှန်စွာပြောဆိုပြုမူခြင်း၊
(၄) အကုသိုလ်တရားတို့ကို ပယ်ရှား၍ ကုသိုလ်တရားတိုးပွားစေရန် ထက်သန်သော လုံ့လ၀ီရိယရှိခြင်း၊
(၅) ရုန်နာမ်အဖြစ်အပျက်ကို သိမြင်နိုင်သည့် ဉာဏ်ပညာနှင့် ပြည့်စုံခြင်း-
ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံမှသော မဂ်ဖိုလ်တရားထူးကို ရရှိနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များ၌ မိန့်ဆိုထား၏၊ ဤအင်္ဂါရပ်များနှင့် မပြည့်စုံပါက မျှော်လင့်ထားသည့် တရားထူးများကို ရရှိနိုင်မည်မဟုတ်ချေ။
အထက်ဖော်ပြခဲ့ပြီး အင်္ဂါငါးပါးနှင့် ပြည့်စုံသူသည် မြတ်စွာဘုရား တည်းဟူသော ဆရာကောင်းထံနည်းယူ သြ၀ါဒခံ၍ ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လျှင် နေ့ချင်း၊ ညချင်းဖြစ်စေ၊ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက်၊ ခြောက်ရက်၊ ခုနှစ်ရက် အတွင်း၌ဖြစ်စေ မဂ်ဖိုတရားထူးကို ရရှိမည်ဖြစ်သည်။ ထိုအတွင်းမှ မရရှိနိုင်သေးလျှင် ၁၅-ရက်၊ တစ်လ၊ နှစ်လ၊ သုံးလ၊ လေးလ၊ ငါးလ၊ ခြောက်လ၊ ခုနှစ်လ အတွင်း၌ဖြစ်စေ (၁)နှစ်၊ (၂)နှစ်၊ (၃)နှစ်၊ (၄)နှစ်၊ (၅)နှစ်၊ (၆)နှစ်၊ (၇)နှစ် အတွင်း၌ဖြစ်စေ မဂ်ဖိုလ်တရားထူးကို ရရှိမည်ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment