ဤလောက၌ သတ္တ၀ါများစွာတို့သည် ဆင်းရဲဒုက္ခများနှင့် မကြုံတွေ့လိုကြ၊ ချမ်းသာသုခများကို ခံစားလျက် ငြိမ်းချမ်းပျော်ရွှင်စွာ နေလိုကြ၏၊ သို့သော် သတ္တ၀ါများစွာတို့သည် မတွေ့လို မကြုံလိုသော ဆင်းရဲဒုက္ခများကို ရှောင်ကွင်း၍ မရဘဲ ခံစားနေကြရ၏။ ရောဂါဝေဒနာအမျိုးမျိုး ဖိစီးနှိပ်စက်ခြင်း ခံနေကြရ၏။ နုပျိုစွာ အသက်ရှည်လိုကြလျက် အိုမင်းရင့်ရော်နေကြရ၏။ မသေချင်ဘဲလျက် သေကြရ၏။ မိမိ ချစ်ခင်နှစ်သက်သူများနှင့် မခွဲမခွာချင်ဘဲလျက် သေကွဲ ရှင်ကွဲ နေကြရ၏။ မိမိ မချစ်မနှစ်သက်သူများနှင့် မပေါင်းဆုံချင်ဘဲလျက် ပေါင်းဆုံနေကြရ၏။ ထို့ပြင် အခြားသော လောကဓံတရားဆိုးများကိုလည်း တွေ့ကြုံခံစားနေကြရ၏။
သတ္တ၀ါများစွာတို့သည် ထိုဆင်းရဲဒုက္ခအဖုံဖုံကို တစ်ခဏ တစ်ဘ၀မျှသာ ကြုံတွေ့ခံစားနေကြရသည် မဟုတ်၊ ဆင်းရဲဒုက္ခအားလုံး၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်သေးသမျှ ရှည်ကြာသော ဘ၀သံသရာခရီးတလျှောက်လုံးမှာပင် တွေ့ကြုံခံစားနေကြရမည်ဖြစ်၏။ လောက၌ ချမ်းသာကြွယ်ဝ ပြည့်စုံလှသော စည်းစိမ်ရှင် တန်ခိုးရှင် အာဏာရှင်ကြီးများလည်း အို-နာ-သေ ဘေးဒုက္ခများကို အံမတုနိုင်ကြချေ။ ထို အို-နာ-သေ ဘေးဒုက္ခတို့ကား အမိက သားအတွက်၊ သားက အမိအတွက်၊ လူချင်း လဲကာ ခံစားပေး၍ မရနိုင်သော ဘေးဒုက္ခကြီးများဖြစ်၏။
ထိုသို့ ဆင်းရဲဒုက္ခများကို ခံစားနေကြရခြင်း၏ အဓိကတရားခံကား ရရှိထားသည့်ဘ၀ကို အပြစ်မမြင်သော အ၀ိဇ္ဇာ(မောဟ)နှင့် ချစ်ခင်တွယ်တာတတ်သော တဏှာ(လောဘ)တို့ပင်တည်း၊ ထိုအ၀ိဇ္ဇာနှင့် တဏှာတို့၏ လက်ချက်ကြောင့် သတ္တ၀ါများစွာတို့သည် အသစ်အသစ်သော ဘ၀များကို ထူထောင်နေကြခြင်းဖြစ်၏၊ ရရှိတိုင်းသော ဘ၀များတွင်လည်း အို-နာ-သေ ဒုက္ခများကို ခံစားပြီးယင်း ခံစားနေကြရပြန်၏။ အမှန်စင်စစ် ဘ၀အသစ်ဖြစ်နေသမျှ ဆင်းရဲဒုက္ခနှင့် ကင်းလွတ်နိုင်ကြမည် မဟုတ်ချေ။ ထိုဆင်းရဲဒုက္ခများမှ ကင်းလွတ်လိုလျှင် ဘ၀အသစ်မဖြစ်ရအောင် ကြိုးစားကြရမည် ဖြစ်သည်။ ထို့ကြောင့် ဘ၀သစ်ကို ထူထောင်ပေးတတ်သော အ၀ိဇ္ဇာနှင့် တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်စေရန် ရုပ်နာမ်တို့၏ အပြစ်နှင့် ဒုက္ခအားလုံးငြိမ်းရာနိဗ္ဗာန်ကို သိမြင်အောင် ကျင့်ဆောင်အားထုတ်ရပေမည်။ အားထုတ်ကျင့်ကြံရမည့် နည်းလမ်းကား အခြားမဟုတ်၊ သမထ ၀ိပဿနာပွားများခြင်းပင် ဖြစ်သည်။
ဤသမထ၀ိပဿနာ ကျင့်ကြံအားထုတ်ခြင်းသည် နာမ်ပိုင်းဆိုင်ရာ အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်သည့်အပြင် ရုပ်ပိုင်းဆိုင်ရာတွင်လည်း ကျန်းမာရေးကောင်းခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်သည် ဂိရိမာနန္ဒအမည်ရှိသော ရဟန်းတစ်ပါးသည် ပြင်းထန်စွာ မမာမကျန်းဖြစ်နေကြောင်း အရှင်အာနန္ဒာက မြတ်စွာဘုရားအား လျှောက်ထားရာ ထိုရဟန်းထံသို့ သွားရောက်၍ ၀ိပဿနာတရား ဟောကြားရန် အရှင်အာနန္ဒာကိုပင် စေလွှတ်ခဲ့၏။ အရှင်ဂိရိမာနန္ဒသည် အရှင်အာနန္ဒာဟောကြားသော ၀ိပဿနာတရားကို နာယူရူပွားရသဖြင့် ရောဂါဝေဒနာများ ပျောက်ကင်းခဲ့သည်။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း ပရိနိဗ္ဗာန်ပြုခါနီး ဝေသာလီပြည် ဝေဠုဝရွာ၌ ၀ါကပ်သီတင်းသုံးနေစဉ် အလွန်ပြင်းထန်သော ရောဂါဝေဒနာ စွဲကပ်တော်မူ၏၊ မဟာဝိပဿနာ ဖလသမာပတ်တရားဆေးဖြင့် ချက်ချင်းငြိမ်းပျောက်တော်မူစေခဲ့ကြောင့် ဒီဃနိကာယ် မဟာဂ္ဂပါဠိတော်၌ လော့လာတွေ့ရှိရ၏။
ခြုံ၍ဆိုရလျှင် စိတ်ဓာတ်ကြံ့ခိုင်ရေး၊ ကြီးပွားတိုးတက်ရေး၊ ပစ္စုပ္ပန်ဘ၀ငြိမ်းချမ်းသာယာရေး၊ သံသရာဘ၀ငြိမ်းချမ်းသာယာရေး၊ လောကီရေး၊ လောကုတ္တရာရေး စသော ကောင်းကျိုးများကို ရရှိစေနိုင်သော သမထ၀ိပဿနာ ဘာဝနာတရားများကို လက်တွေ့ကျင့်ကြံ ရူပွားနိုင်ကြစေရန် ဤအခန်းတွင် ဖော်ပြလိုက်ရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Tuesday, 1 November 2011
သမထ၀ိပဿနာရူပွားနည်း
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment