ဘုရားအလောင်းသိဒ္ဓတ္တမင်းသားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ မိုးသောက်ယံ အချိန်တွင် သုံးလောကထွတ်ထား သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မှုခဲ့လေသည်။ ထိုသို့ ဘုရားရှင် အဖြစ်သို့ ရောက်တော် မှုပြီးနောက် ဘုရားရှင်၏ သန္တာန်တော်၌ “သံသရာဝဋ်ဒုက္ခလွတ်မြောက်ရခြင်း သမ္မာသဗ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရရှိလာခြင်း” တို့ကို ပြန်လည် စဉ်းစားဆင်ခြင်တော်မှုရာ လွန်စွာ နှစ်သက်အားရ ၀မ်းမြောက်လှသော ပီတိတရား ဖြစ်ပေါ်လာပြီးနောက် “အနေကဇာတိသံသာရံ” အစချီ သော ဥဒါန်နှစ်ဂါထာကို စိတ်တော်ဖြင့်သာ ကျူးရင့်တော်မှုသည်။ ဤသို့ ကျူးရင့်ခြင်းသည် ဘုရားရှင်တိုင်း၊ ဘုရားဖြစ်တော် မှုကြသည်နှင့် တပြိုင်နက် ကျူးရင့်တော် မှုကြမြဲပင် ဖြစ်သည်။
ထိုဥဒါန်းဂါထာတော်တို့သည် မြတ်စွာဘုရား၏ ပထမဆုံးသော စကားတော်(ပထမဗုဒ္ဓ၀စန) ပင်ဖြစ်သောကြောင့် ပထမဆုံးသော စကားတော်ကို ရွတ်ဆိုပူဇော်၍ ဥဒ္ဒိဿကစေတီမျှသာဖြစ်သော ရုပ်ပွားဆင်းတုတော်အား ဗုဒ္ဓါဘိသေကမင်္ဂလာ ဆင်ယင်ကျင်းပခြင်းကို တီထွင်စီစဉ် ပေးခဲ့ကြလေသည်။
ထိုသို့ အနေကဇာတင်ပွဲ ပြုလုပ်ခြင်းဖြင့် သာမန်ဖြစ်သည့် ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ပြီး သည့်အခါ သက်တော်ထင်ရှား သဗ္ဗညူဘုရားကဲ့သို့ အလွန်တန်ခိုးအာနုတော်ကြီးမားလာသည်ဟု စိတ်တွင်ထင်မှတ် ယုံကြည်လာကြသည်။ ဤသို့ ရုပ်ပွားဆင်းတုတော်အပေါ်၌ သက်တော်ထင်ရှား ဘုရားနှင့် မခြား စိတ်စေတနာ ထားရှိနိုင်ခြင်းဖြင့် ဘုရားရှင်အစစ်ကို ကိုးကွယ် ပူဇော်သဖြင့် ရရှိသော လောကီလောကုတ္တရာအကျိုးထူးများနှင့် တူမျှသော အကျိုးကို ရရှိစေနိုင်၍ ဤအနေကဇာတင်ပွဲ ပြုလုပ်၍ ကိုးကွယ်ခြင်းသည် ကောင်းမြတ်လှပေသည်။
No comments:
Post a Comment