ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 20 November 2010

ငါးပိဟင်းမျိုးစုံချက်နည်းနှင့် ပတ်သက်၍


ကြက်သားငံပြာရည်ကြော် (အခြောက်)

ပါဝင်သောပစ္စည်းများ -

ကြက်သား = ၂၀ကျပ်သား

ကြက်သွန်နီ = ၃လုံး

ကြက်သွန်ဖြူ = ၂လုံး

ငရုတ်သီးလေးစိတ်ကွဲ = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ဆီ = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ကြက်သားများကို ရေဆေးပြီး ဆားဖြင့်နယ်၍ ရေအနည်းငယ်ထည့် ပြုတ်ပါ။

- နူးလောက်လျှင် ချ၍ အသားများနွှင်ပါ။ နွှင်ထားသော အသားများကို မွမွလေးဖြစ်အောင် လုပ်ထားပါ။

- ပြီးလျှင် ထိုအသားများကို ဟင်းခတ်မူန့်၊ ဆား၊ နနွင်းတို့ဖြင့် နယ်ထားပါ။

- ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထားပါ။

- ထို့နောက် ဒယ်အိုးတွင် ဆီထည့်တည်ပြီး ကြက်သွန်ဖြူကို အလျင် ဆီဖြင့်ကြော်ပါ။

- ပြီးလျှင် ဆယ်ယူ၍ စစ်ထားပါ။

- ကြက်သွန်နီကိုလည်း ကြော်၍ နီရောင်သမ်းလာလျှင် ဆီစစ်ထားပါ။

- ထို့နောက် နယ်ထားသော ကြက်သားများကို ဒယ်အိုးထဲထည့်၍ ကြွပ်ကြွပ်ကလေးကြော်ပါ။

- ပြီးလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။

- ပြီးလျှင် ဆီဒယ်အိုးထဲသို့ ငရုတ်သီးလေးစိတ်ကွဲကို မီးနည်းနည်းဖြင့် ထည့်ကြော်ပါ။

- ငံပြာရည်ထည့်၊ ဟင်းခတ်မူန့်ထည့်ပါ။

- ပြီးလျှင် ကြော်ထားသော ကြက်သားများ လောင်းထည့်၍ ကြော်ပါ။
- ခွင်ပေါ်မှချ၍ အအေးခံပါ။

- အေးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များဖြင့် သမအောင် ရော၍ မွှေလိုက်ပါ။


ဂွေးသီးငါးပိချက်

ပါဝင်သောပစ္စည်းများ -

ဂွေးသီး = ၁၀လုံး

ကြက်သွန်နီ = ၃လုံး

ကြက်သွန်ဖြူ = ၂လုံး

ငရုတ်သီးပွတောင့် = ၁၀တောင့်

ဆီ = အနည်းငယ်

ဆား = အနည်းငယ်

နနွင်း = အနည်းငယ်

မျှင်ငါပိ = အနည်းငယ်

ငရုတ်သီးစိမ်း = ၁၀တောင့်

ပုစွန်ဆိတ် = ၅ကျပ်သား

ဟင်းခတ်မူန့် = အနည်းငယ်

ပြုလုပ်ပုံ -

- ဂွေးသီးများကို အခွံသင်၍ ရေဆေးပြီး ပြုတ်ပါ။

- နူးလာလျှင် ဆန်ခါနှင့် အနှစ်တိုက်ယူလိုက်ပါ။

- ငရုတ်သီးပွနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းထားပါ။

- ပြီးလျှင် ဆီအိုးတည်၍ ဆီသတ်ပါ။

- ပုစွန်ဆိတ်ကလေးများကိုလည်း မညက်တညက်ထောင်း၍ ထည့်ပါ။

- မျှင်ငါးပိကို ရေဖျော်၍ ထည့်ပါ။

- ထို့နောက် ဂွေးသီးများထည့်၍ မွှေကြော်ပါ။

- ဆီပြန်လျှင် ငရုတ်သီးစိမ်း အညှာခြွေ၍ အုပ်လိုက်ပါ။


ရင်ကမ်းသီးငါးပိချက်

ပါဝင်သောပစ္စည်းများ -

ရင်ကမ်းသီးအချို = ၁၀လုံး

ပုစွန်လှော် = အနည်းငယ်

ကြက်သွန်ဖြူ = ၅လုံး

မျှင်ငါးပိ = အနည်းငယ်

ဆီ = အနည်းငယ်

ငရုတ်သီးလေးစိတ်ကွဲ = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

နနွင်းမူန့် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးခူငါးပိကောင်ကို ရေစင်စွာဆေးပြီး အရွယ်တော် အတုံးကလေးများ တုံးထားပါ။

- ငရုတ်သီးပွတောင့်ကို ထောင်း၍ ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။

- ပုစွန်ခြောက်ကိုလည်း ငရုတ်သီးထည့်၍ ထောင်းထားပါ။

- ကြက်သွန်နီကို ပါးပါးလှီးပြီး နီရောင်လာအောင် ကြော်ထားပြီး ဆီစစ်ထားပါ။

- ပြီးလျှင် ဆီအိုးထဲသို့ ငါးပိကောင်တုံးကလေးများ ထည့်၍ ကြော်ပါ။ နည်းနည်းမာမာလေး ဖြစ်လာလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။

- ကျန်ဆီအိုးထဲသို့ ငရုတ်သီး ထောင်းထားသည်များထည့်၍ ဆီသတ်ပါ။ ငရုတ်နံ့ပျောက်လျှင် ဟင်းခတ်မူန့်ထည့်ပါ။

- ပြီးလျှင် ကြော်ထားသော ငါးခူ ငါးပိကောင်တုံးလေးများထည့်၍ ကြော်ပါ။ ခြောက်လာလျှင် သုံးဆောင်၍ ရပါသည်။

- အအေးခံ၍ အပေါ်မှ ကြော်ထားသော ကြက်သွန်နီကြော်များ အုပ်လိုက်ပါ။


ကကတစ်ငါးဆာနယ်ချက်

ပါဝင်သောပစ္စည်းများ -

ကကတစ် = ၂၀ကျပ်သား

ခရမ်းချဉ်သီး (ကိုင်းသီးပိုးကောင်) = ၄လုံး

ကြက်သွန်ဖြူ = ၂လုံး
ကြက်သွန်နီ = ၂လုံး

ငရုတ်ပွတောင့် = ၆တောင့်

ငံပြရည် = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်း = အနည်းငယ်

ငရုတ်သီးစိမ်း = အနည်းငယ်

ဆား = ၅ကျပ်သား

ပြုလုပ်ပုံ -

- ကကတစ်ကို ရေဆေးပြီး ဗိုက်ခွဲ အူများထုတ်လိုက်ပါ။

- ပြီးလျှင် ဗိုက်ထဲသို့ ဆားများထည့် သိပ်လိုက်ပါ။ ကိုယ်လုံးပေါ်လည်း ဆားနယ်ပါ။ ပါးဟက်ထဲလည်း ဆားထည့်ပါ။

- ထို့နောက် စဉ်းနီတုံးဖြင့် ဖိပြီး အပေါ်မှ အလေးတစ်ခုခု ဖိထားလိုက်ပါ။ ထိုကဲ့သို့ တစ်နေကုန်အောင် ဖိသိပ်ထားလိုက်လျှင် ကကတစ်ငါးဆာနယ် နောက်နေ့ ဖြစ်သွားသည်။

- ထိုကကတစ်ငါးဆားနယ်များကို ရေစင်အောင်ဆေးပြီး အတုံးကလေးများ တုံးထားပါ။

- ငရုတ်ပွတောင့်ကို ထောင်း။ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်၍ ထောင်းပါ။

- ဆီအိုးတည်၍ ဆီသတ်ပါ။

- ခရမ်းချဉ်သီးလှီး၍ အစေ့ညှစ်ထုတ်ပြီး ဆီသတ်အိုးထဲ ထည့်မွှေပါ။

- ပြီးလျှင် ငါးဆားနယ်တုံးကလေးများ ထည့်ပါ။

- ဟင်းခတ်မူန့်နှင့် ငံပြာရည် အနည်းငယ်ထည့်ပါ။

- ဆီကျန်ရေကျန်လေးတွင် ငရုတ်သီးစိမ်းနှင့် နံနံပင်များအုပ်၍ သုံးဆောင်ပါ။

ဆတ်သားခြောက်ငါးပိကြော်

ပါဝင်သောပစ္စည်းများ -

ဆတ်သားခြောက် = ၂၀ကျပ်သား

ငရုတ်သီးလေးစိတ်ကွဲ = ၅ကျပ်သား

ကြက်သွန်ဖြူ = ၂လုံး

ကြက်သွန်နီ = ၃လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ဆား = အနည်းငယ်

နနွင်း = အနည်းငယ်

ပြုလုပ်ပုံ -

- ဆတ်သားခြောက်များကို အနေတော် အတုံးကလေးများတုံး၊ ရေဆေးပြီး ရေဖြင့်ထည့်၍ ပြုတ်ပါ။

- အနေတော်လောက်တွင် ဆတ်သားတုံးကလေးများကို အသားနွှင်ပါ။

- ပြီးလျှင် ဟင်းခတ်မူန့် ဆားနှင့် နနွင်း အနည်းငယ်တို့ဖြင့် နယ်ထားပါ။

- ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ကြော်၍ စစ်ထားပါ။

- ပြီးလျှင် ဆီအိုးထဲတွင် ငရုတ်သီးလေးစိတ်ကွဲကို ထည့်၍ ဆီသတ်ပါ။

- ထို့နောက် ကြော်ထားသော ဆတသားများ ထည့်၍ ကြော်ပါ။

- ဟင်းခတ်မူန့်နှင့် ဆားအနည်းငယ်ထည့်၍ကြော်ပါ။ ခြောက်လျှင် ချ၍ အအေးခံပါ။

- အေးလျှင် ကြော်ထားသော ကြက်သွန်ကြော်မများ ထည့်၍ သမအောင် မွှေလိုက်ပါ။


ငါးမြွေထိုးကျပ်တိုက် ငါးပိကြော်

ပါဝင်သောပစ္စည်းများ -

ငါးမြွေထိုးကျပ်တိုက် = ၁၀ကျပ်သား

ကြက်သွန်နီ = ၂လုံး

ကြက်သွန်ဖြူ = ၁လုံး

ငရုတ်သီးလေးစိတ်ကွဲ = ၅ကျပ်သား

ဆား = အနည်းငယ်

ဟင်းခတ်မူန့် = အနည်းငယ်

နနွင်း = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ဈေးမှ အရိုးနွှင်ပြီးသား ငါးမြွေထိုးကျပ်တိုက်ကို ၀ယ်ပါ။

- ငါမြွေထိုးများကို ကတ်ကြေးဖြင့် အရွယ်တော် လှီးဖြတ်ပါ။

- ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကိုလည်း လှီးထားပါ။

- ရှေးဦးစွာ လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ကြော်၍ နီရောင်လာလျှင် ဆီစစ်ထားပါ။

- ဒယ်အိုးထဲသို့ လှီးဖြတ်ထားသော ငါးမြွေထိုးများကို ထည့်၍ မီးနည်းနည်းဖြင့် ကြွပ်ရွလာအောင် ကြော်ပါ။

- ကြော်ပြီး ငါးမြွေထိုးများကို ဆီစစ်ထားပါ။

- ပြီးလျှင် ဆီအိုး အောက်ချ၍ ငရုတ်သီးလေးစိတ်ကွဲထည့်၍ ဗြေက်ာပါ။ ငရုတ်သီးနံ့ပျောက်လျှင် ငါးမြွေထိုးများထည့်၍ ကြော်ပါ။

- ဖိုပေါ် မီးနည်းနည်းဖြင့် ပြန်တင်ပြီး ဆား၊ ဟင်းခတ်မူန့်၊ အနည်းငယ်စီထည့်၍ သမအောင်မွှေပါ။ ခွင်ပေါ်မှချ၍ အအေးခံပါ။

- အေးလျှင် ကြော်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များဖြင့် ရောမွှေလိုက်ပါ။


အလှူငါးပိကြော်

ပါဝင်သောပစ္စည်းများ -

ငရုတ်သီးအပွတောင့် = ၅၀ကျပ်သား

ပုစွန်ခြောက် = တစ်ပိဿာငါးဆယ်

ကြက်သွန်နီ = ၂ပိဿာ

ကြက်သွန်ဖြူ = ၅၀ကျပ်သား

မန်ကျည်းသီး = ၃၀ကျပ်သား

ဟင်းခတ်မူန့် = လိုသလောက်

ငံပြာရည် = လိုသလောက်

နနွင်း = အနည်းငယ်

ဆီ = တစ်ပိဿာငါးဆယ်

ပြုလုပ်ပုံ -

- ရှေးဦးစွာ င၇ုတ်သီးအပွတောင့်များကို ရေစင်စွာဆေးပြီး ထောင်းထားပါ။

- ကြက်သွန်ဖြူများပါ ရောထည့်၍ ထောင်းထားပါ။

- ပြီးလျှင် ငရုတ်သီးနှင့် ကြက်သွန်ဖြူများကို ဇလုံတစ်ခုထဲ ထည့်ထားပါ။

- ထို့နောက် ပုစွန်ခြောက်များကိုလည်း ညက်အောင်ထောင်းထားပါ။

- မန်ကျည်းသီးကို ရေစိမ်ထားပါ။

- ကြက်သွန်နီကို ပါးပါးလှီးထားပါ။

- ဒယ်အိုးတွင် ဆီထည့်ပြီးတည်ပါ။ ဆီကျက်လျှင် နနွင်းအနည်းငယ်နှင့် ကြက်သွန်နီ လှီးထားသည်များ ထည့်၍ ကြော်ပါ။

- မီးအေးအေးဖြင့် ပျော့အိလာအောင် အကြာကြီးကြော်ပါ။

- ပြီးလျှင် ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူများပါ ထည့်ကြော်ပါ။

- ငရုတ်သီးနံ့ပျောက်လျှင် ပုစွန်ခြောက်မူန့်များ ထည့်၍ ကြော်ပါ။

- ပုစွန်ခြောက်နံ့ပျောက်လျှင် မန်ကျည်းရည်ထည့်ပါ။

- ပြီးလျှင် ငံပြာရည်၊ ဟင်းခတ်မူန့်တို့ လိုသလောက်ထည့်၍ ခြောက်လာအောင် အကြာကြီးမွှေ၍ ကြော်ပါ။

- စေးစေးလေးနှင့် ခြောက်ခြောက်လေးကြော်ပါ။

- အလှူအတွက် အလွန်သင့်တော်သော ငါးပိကြော်တစ်ခွက် ဖြစ်ပါသည်။


ငါးခြောက် ငံပြာရည်ကြော် (အခြောက်)

ပါဝင်သောပစ္စည်းများ -

ငါးရံ့ခြောက် (သို့) နှစ်သက်ရာငါးခြောက် = ၁၀ကျပ်သား

ငရုတ်သီးပွ လေးစိတ်ကွဲ = နှစ်ကျပ်ခွဲသား

ကြက်သွန်နီ = ၂လုံး

ကြက်သွန်ဖြူ = ၁လုံး

ငံပြာရည် = အနည်းငယ်

ဆီ = အနည်းငယ်

ပြုလုပ်ပုံ -

- ငါးခြောက်များကို အရွယ်တော် အတုံးသေးသေးတုံးပြီး ရေဆေး၍ စစ်ထားပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို နီရောင်လာအောင်ကြော်၍ ဆီစစ်ထားပါ။

- ပြီးလျှင် ငါးရံ့ခြောက်များကို ကြော်၍ ဆီစစ်ထားပါ။

- ဆီအိုးပြန်တည်ပြီး ငရုတ်သီးထည့်၍ ကြော်ပါ။

- ငရုတ်သီး ကျက်လျှင် ကြော်ထားသော ငါးခြောက်များထည့်၍ ငံပြာရည် (သို့) ဆားအနည်းငယ် ထည့်၍ မွှေပါ။

- အတန်ကြာမှ ချ၍ အအေးခံပြီး ကြော်ထားသော ကြက်သွန်ကြော်များ ထည့်၍ မွှေလိုက်ပါ။


ဘာလချောင်ကြော်

ပါဝင်သောပစ္စည်းများ -

ငရုတ်သီးပွတောင့် = ၅ကျပ်သား

ပုစွန်ခြောက် = ၂၀ကျပအ်သား

ကြက်သွန်နီ = ၂၀ကျပ်သား

ကြက်သွန်ဖြူ = ၅လုံး

ဟင်းခတ်မူန့် = အနည်းငယ်

ငံပြာရည် = အနည်းငယ်

နနွင်း = အနည်းငယ်

ဆီ = ၂၀ကျပ်သား

ပြုလုပ်ပုံ -

- ငရုတ်သီးအပွတောင့် များကို ညက်အောင်ထောင်းပါ။

- ကြက်သွန်ဖြူနှစ်လုံး ထည့်၍ထောင်းပါ။

- ကြက်သွန်နီကို ပါးပါးလှီး၍ ကြော်ပြီး ဆီစစ်ထားပါ။

- ကြက်သွန်ဖြူ ၃လုံးကိုလည်း ကြော်ထားပါ။

- ပုစွန်ခြောက်ကို ညက်ညက်ထောင်းထားပါ။

- ဆီအိုးတည်ပြီး ဆီကျက်လျှင် ထောင်းထားသော ငရုတ်သီးများ ဆီသတ်ပါ။ ထိုထဲသို့ ငံပြာရည် အနည်းငယ်ထည့်၍ ခြောက်အောင် ဆီသတ်ပါ။

- ပြီးလျှင် ပုစွန်ခြောက်များ ထည့်ပြီး အဆက်မပြတ် မွှေပေးပါ။

- ဟင်းခတ်မူန့် ထည့်ပါ။

- ကြွပ်ကြွပ်လေးဖြစ်အောင် မပြန်မွှေပေးပါ။

- အပေါ့ အငန်မြည်း၍ အအေးခံပါ။

- အေးလျှင် ကြော်ထားသော ကြက်သွန်ကြော်များထည့်၍ မွှေပေးပါ။

- ကြွပ်ကြွပ်ကလေးနှင့် အရသာရှိသော ဘာလချောင်ကြော် ဖြစ်ပါသည်။

- အစပ်နည်း၍ ကလေးများ အလွန်ကြိုက်ပါသည်။

No comments:

Post a Comment