မြန်မာအမည် = ကျည်းပင်၊ ကျည်းနီပင်၊ ရေသကျည်းပင်
ရုက္ခဗေ၏အမည် = Barringtoia acutangula
မျိုးရင်း = Myrtaceae
မြန်မာများအနေဖြင့် လူကြီးလူငယ်မရွှေး ဆံပင်ဖြူခြင်းကို မနှစ်သက်ကြသည့်အလျောက် ဆံပင်နက်စေရန် ဆံပင်နက်ဆေးအမျိုးမျိုး သုံးစွဲကြပါသည်။ နိုင်ငံခြား ဆံပင်ဆိုးဆေးအမျိုးမျိုး သုံးစွဲရာတွင် တာရှည်မစွဲ၍ လစဉ်လိုလို ပုံမှန်ဆေးဆိုးကြရသည်။ ယင်းအပြင် ဆေးနှင့် မတည့်ပါကလည်း အဖုအပိမ့်အင်ပြင်များ ဦးရေပြားရောဂါများ ဖြစ်ပေါ်တတ်ပါသေးသည်။ ထိုအန္တရာယ်တို့မှ ကင်းဝေးပြီး ဆံပင်ကို နက်စေသည့် မြန်မာ့ဆေးဖက်ဝင် အပင်တစ်မျိုးမှာ ကျည်းနီပင် ဖြစ်ပါသည်။
မြန်မာဆေးကျမ်းများ အလိုအရ သွေး သည်းခြေ လေ ဟူသော ဒေါသ သုံးပါးကို နိုင်၏။ အထူးသဖြင့် လေကို ဖျက်ဆီးနိုင်၏။ ချာချာလည်အောင် မူးသောရောဂါကို ပျောက်စေနိုင်၏။ ဦးခေါင်းရောဂါ တို့ကိုလည်း ပယ်ပျောက်နိုင်၏။ ကျည်းရွက်သည် အူကို တွ့ရှုံ့စေ၏။ ကျည်းမြစ်သည် အေး၏။ အသက်ကို ရှည်စေ၏။ အစေ့ဆန်သည် ပူ၏။ ထိုးအောင့်နာကျင်ခြင်း၊ သားဖွားရာတွင် နာကျင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်၏ဟု ဆိုပါသည်။
ထို ကျည်းနီပင်ကို မြစ်ချောင်း၊ အင်းအိုင်၊ ကမ်းစပ်နားတွင် ပေါများစွာ ပေါက်ရောက်လေ့ ရှိပါသည်။ အပင်သဘာဝအားဖြင့် အမြဲစိမ်းပင်လတ်မျိုးဖြစ်ပါသည်။ အရွက်များ ရွက်လွှဲထွက်ပြီး များသောအားဖြင့် ကိုင်းထိပ်တွင် လှည့်ပတ်၍ ထွက်ပါသည်။ အရွက်မှာ (၄-၈) လက်မခန့် ရှည်ပါသည်။ ရွက်ဖျားပိုင်းကျယ်ပြီး ထိပ်ချွန်ကာ ရွက်ရင်းပိုင်းများ ကျဉ်းသွားပါသည်။ အရွက်အပေါ်မျက်နှာပြင် စိမ်းရောင်တောက်ပြီး အောက်မျက်နှာပြင်မှာ အမွေးနုလေးများပါရှိသည်။
ပန်းခိုင်တို့မှာ ကိုင်းထိပ်ဖျားမှ ရှည်လျားစွာတွဲလျားကျ၍ ပွင့်ပါသည်။ သေးငယ်သော ပန်းပွင့်တွင် ပွင့်ဖတ် ၄-ခုမှာ ခွက်ငယ်သဏ္ဌာန်ဖြစ်ပေါ်နေပြီး ပန်းဆီရောင် ပွင့်ချပ်လည်း(၄)ခု ပါရှိပါသည်။ ၀တ်ဆံများမှာ ၀တ်ဆံကိုင်းရှည်ပြီး ယင်းတို့မှာလည်း ပန်းဆီရောင်ဖြစ်၍ အပွင့်ကို ထင်ရှားလှပစေပါသည်။ မတ် ဧပြီလတို့တွင်ပွင့်ပြီး၊ ဇွန်၊ ဇူလိုင်လတွင် အသီးရင့်ပါသည်။ အသီးမှာ အရင်းပိုင်းသွယ်ပြီး အဖျားပိုင်းပိုကြီးသည့် အစေ့ပါသီးမျိုးဖြစ်သည်။
လေးမြှောင်ပုံရှိပြီး အမျှင်များ အသီးခွံတွင်ပါရှိပါသည်။ ရင့်မှည့်လျှင် ကြွေကျပြီး အလေ့ကျ ပြန်ပေါက်ပါသည်။ ရေတွင်မျော၍လည်း နေရာအနှံ့သို့ ရောက်လွယ်သောကြောင့်၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလွယ်တကူ တွေ့ရှိနိုင်ပါသည်။
လွယ်ကူပေါများစွာ တွေ့ရသော်လည်း သုံးတတ်ပါက ၊ အဖိုးတန်ဆေးပင်ဖြစ်ကြောင်း ဆေးဝါး အသုံးပြုပုံအရ သိသာထင်ရှားနေပါသည်။ ကျည်းသီးဆန်ကိုသွေး၍ ဦးခေါင်းတစ်ခုလုံးကို လိမ်းပေးခြင်းအားဖြင့်(၃)လခန့်ကြာပါက ဆံပင်ဖြူ ပြန်၍ နက်လာစေနိုင်ပါသည်။ ကျည်းသီးဆန်ကို ကြိတ်ချေပြီး သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်လျှင် အစာအိမ်အချဉ်ပေါက်ခြင်း၊ လေအောင့်ခြင်းတို့ကို ပျောက်စေပါသည်။ မျက်စိအောင့်ပါက အသီးဆံကို သွေးလိမ်းရပါသည်။
ကျည်းသီဆန်မူန့်ကို ၀က်ချေးပနဲပင်အား ကြိတ်ညှစ်၍ရသော အရည်နှင့်ဖျော်၍ နားကျပ်ပေးလျှင် နားပင်းရောဂါ ပျောက်ပါသည်။ ယင်းအဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေး၍ ရှူပေးပါက ခေါင်းတစ်ခြမ်းကိုက်သော ရောဂါပျောက်ပါသည်။ ကျည်းသီးဆန်ကို ပေါက်ပန်းဖြူရွက် ကြိတ်ညှစ်ရည်နှင့် ရော၍စားသုံးပေးလျှင် ပန်းသေရောဂါ ပျောက်ကင်းနိုင်ပါသည်။ ကြိတ်မှန်ရွက် ကြိတ်ညှစ်ရည်နှင့် အသီးဆန်ကိုသွေး၍ သောက်လျှင် ကိုယ်ရေ၀ါရောဂါနှင့် လေလုံးရောဂါများ ပျောက်ပါသည်။
သစ်ပုလွေအရည်နှင့် အသီးဆန်ကိုကြိတ်၍ လိမ်းပေးပါကလည်း ညှပ်ရိုးတစ်လျှောက် အနာပေါက်ခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါသည်။ ခါးနာလျှင် ကျည်းသီးဆန်နှင့် မရိုးရွက်ဆတူကြိတ်၍ လိမ်းကျံပေးလျှင် ပျောက်ပါသည်။ လည်ပင်းတစ်လျှောက်တွင် ပေါက်တတ်သော ကျပ်တီးနာကို ကျည်းသီးဆန်ကို ကြိတ်၍ နွားနို့ ထောပတ်စစ်စစ်နှင့် ဖျော်၍ လိမ်းပေးလျှင် ပျောက်စေနိုင်ပါသည်။ ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေး၍ မျက်စိ ကြက်မျက်သင့်နာ ဖြစ်လျှင် မျက်လုံးကို ကွင်းပေးပါက ပျောက်၏။ ကင်းမြီးကောက်ထိုးမိလျှင် ထိုနေရာကိုအသီးဆန်အား ရေနွေးနှင့် သွေး၍ လိမ်းပေးပါက အဆိပ်ပြယ်စေပါသည်။ ကျည်းရွက်ကို ကျိုသောက်လျှင် ၀မ်းဖောဝမ်းရောင်ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ ၀မ်းသွားစေလိုပါက ကျည်းမြစ်ကို ကျို၍ သောက်ရပါသည်။ ကျည်းသီးဆန်ကို အခြားဆေးအမည်များနှင့် ရောစပ်၍လည်း အမျိုးမျိုး သုံးနိုင်ပါသည်။

Thursday, 4 November 2010
ကျည်းပင်
အမျိုးအစား/ကဏ္ဍ
ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment