လူသားအပါအ၀င် သက်ရှိအားလုံးတို့သည် အသက်ရှင် ရပ်တည်ရေး အတွက် အစာအာဟာရများကို မှီဝဲ စားသုံးနေကြရသည်။ သဗ္ဗေသတ္တာ အာဟာရ ဒိဋ္ဌိကာဟူသော စကားထင်ရှားရှိသည်။ အစာ စားသုံးမှသာ လူပ်ရှား ရုန်းကန်မူ(၀ါ) အလုပ်လုပ်ရန် အင်အားကို ရသည်။ ကိုယ်ခန္ဓာတည်ဆောက်မူနှင့် အတူ သဘာဝ အပူ၊ အအေးဒဏ်၊ ရောဂါဘယ အန္တရာယ်များကို ခုခံနိုင်စွမ်းကို ရသည်။ စားတတ်လျှင် တချို့သော ရောဂါများပင် ပျောက်ကင်းစေနိုင်သည်။ ထို့ကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာဟူသော တိုင်းရင်းဆေးပညာပေး ဆောင်ပုဒ် အထင်အရှားရှိခဲ့ခြင်း ဖြစ်သည်။
ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက် ဟူသော မြန်မာ့ဆိုရိုးစကား၏ အဓိပ္ပာယ်မှာ အစားအစာ၏ အရေးပါပုံကို ဖွင့်ဆိုနေသည်။ အာဟာရသည် အသက်နှင့်ထပ်တူ အရေးကြီးကြောင်း ပြဆိုနေသည်။
မြတ်ဘုရားစကား
လူတို့သည် အစာ အာဟာရမှီဝဲခြင်းနှင့် ပတ်သက်၍ အကျိုးအပြစ်ကို သမ္မာသမ္ဗုဒ္ဓ ဉာဏ်တော်ရှင် မြတ်ဘုရားက ဇီဝကသုတ်(မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်) ၌ ဟောကြားခဲ့လေသည်။ ဇိဝကသုတ်ကို ဟောကြားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အသားစားခြင်း၊ မစားခြင်း ကိစ္စကို အခြေခံ၍ ဟောတော်မူခဲ့သော်လည်း အာဟာရနှင့် ပတ်သက်၍ လိုက်နာစရာများ ပါဝင်နေသည်။
မြတ်ဘုရားက အစာ မှီဝဲ သုံးဆောင်ရာ၌ ရှောင်ကြဉ်ရန်(၄)ပါး၊ ဆောင်ရန်(၄)ပါးနှင့် အစာအာဟာရ အကျိုး(၅)ပါးကို ခွဲခြား ဟောကြားခဲ့ပါသည်။
ရှောင်ရန်(၄)ပါး၏ အချုပ်သဘောမှာ -
- အစားအစာကို မြူးထူးပျော်ပါး လိုမူ အတွက် မစားရာ
- မာန်ယစ်လိုမူ အတွက် မစားရာ
- တန်ဆာဆင်ယင် အလှမြင့်လိုမူအတွက် မစားရာ
- တင့်တယ် ထည်ဝါလိုမူအတွက် မစားရာတို့ ဖြစ်သည်။
ဆောင်ရန်(၄)ပါး အချုပ်သဘောမှာ -
- အစားအစာကို ခန္ဓာကိုယ် တည်မြဲနေနိုင်ရုံမျှ စားပါ။
- မျှတသင့်တော်ရုံသာ စားပါ။
- ဆာလောင် မွတ်သိပ်ခြင်း ပယ်ဖျောက်ရန် အလို့ငှာစားပါ။
- သာသနာတော် အကျင့်ကို ကျင့်သုံး ချီးမြှောက်ရန် အလို့ငှာ စားပါ တို့ ဖြစ်ကြသည်။
အစာ အာဟာရ စားသုံးခြင်း၏ အကျိုး(၅)ပါးကို အောက်ပါအတိုင်း ဟောခဲ့ပြန်သည်။
- ဝေဒ၏နာဟောင်း ရှိနေခဲ့လျှင် ပျောက်ကင်းစေခြင်း
- ဝေဒနာအသစ် မဖြစ်စေခြင်း
- မျှတ၊ သင့်တင့်မူ ဖြစ်စေခြင်း
- အပြစ်မရှိ (အပြစ်မဖြစ်) စေခြင်း
- ချမ်းသာစွာ နေထိုင် ကျင့်သုံးရခြင်း
- အထက်ပါ အကျိုး(၅)ပါး အနက် ကျရောက်ဆဲ ဝေဒနာများမှ ပျောက်ကင်းခြင်းနှင့် ကျရောက်မည့် ဝေဒနာမှ ကာကွယ် ဟန့်တားနိုင်ခြင်းအကျိုး ဟောပြချက်တို့သည် ကျန်းမာခြင်းအတွက် အဖိုး မဖြတ်နိုင်သော စကားများ ဖြစ်သည်။
ရောဂါဖြစ်ရခြင်း အကြောင်းရင်း
ရောဂါရခြင်း၏ အဓိက အကြောင်းရင်းမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားများ ဟူ၍ ဆေးပညာက ဆိုမိန့်ထားသည်။
အတိတ် ကံ၊ ပစ္စုပ္ပန် ကံ အကြောင်းများကြောင့်သော်လည်းကောင်း၊ လွှမ်းမိုး ချုပ်ကိုင်နေသော “စိတ်” အကြောင်းကြောင့် သော်လည်းကောင်း၊ ပူခြင်း၊ အေးခြင်း၊ မိုးရွာခြင်း၊ လေတိုက်ခြင်း စသော ရာသီဥတု သဘာဝ အကြောင်းကြောင့် သော်လည်းကောင်း၊ အာဟာရ စားသုံးမူ ဓလေ့စရိုက် အကြောင်းကြောင့် သော်လည်းကောင်း အဓိကအားဖြင့် လူတို့တွင် အနာ ရောဂါများ ရနေကြသည်။
လွဲမှားသော အာဟာရ
အနာရောဂါ ဖြစ်ကြောင်းလေးပါးတွင် အာဟာရကြောင့် ဖြစ်ရသော အနာရောဂါမှာ အများဆုံးဖြစ်သည်။ လူသည် မိုးလင်းသည်မှ နေ၀င် မိုးချုပ် မအိပ်မီ ကာလအတွင်း အာဟာရ တစ်မျိုးပြီးတစ်မျိုး စားနေကြသည်။ ထို အစာများတွင် သင့်မြတ်သည့် အာဟာရမျိုးလည်း ပါဝင်နိုင်သည်။ မသင့်မြတ်သည့် အာဟာရမျိုးလည်း ပါဝင်နေနိုင်သည်။
သင့်မြတ်သည့် အာဟာရမျိုးပင် ဖြစ်ပါစေ အလွန်အကြူးစားမိပါက မသင့်မြတ်နိုင်။ အစား အာဟာရ၏ အတိုင်း အရှည်၊ ပမာဏသဘောနှင့် မိမိ ၀မ်းမိး မျှတရုံ စားတတ်မှ ကျန်းမာနိုင်မည်။ ၀မ်းမီး (အစာချက်အား) နှင့် အာဟာရ သင့်မြတ်စွာ မှီိဝဲစေတတ်သည့် အသိပညာသည် တိုင်းရင်း ဆေးပညာ၏ အခြေခံ ဖြစ်သည်။
“စားတတ်လျှင် ဆေး၊ မစားတတ်လျှင် ဘေး” ဟူစော စကားမှာ တိုင်းရင်း ဆေးပညာက လူတို့အတွက် အစာအာဟာရ ရွေးချယ် စားသုံးတတ်အောင် သတိပေးနေသည်။
အရသာခြောက်ပါး
လူတို့စားသုံးသည့် အာဟာရ အမျိုးအမည် အရသာအားဖြင့် ခွဲခြားလိုက်သော ခြောက်မျိုးထက် မပိုလွန်ချေ။ ယင်းတို့မှာ အချို၊ အချဉ်၊ အခါး၊ အဖန်၊ အငန်၊ အစပ်တို့ ဖြစ်သည်။ အာဟာရ တစ်မျိုးစီတွင် ဦးဆောင် အရသာ တစ်မျိုးမျိုး ပါဝင်နေသည်။ ယင်း ဦးဆောင်နေသော အရသာ၏ အကျိုး၊ သို့မဟုတ် အပြစ်နှစ်ပါးမှာ စားသုံးမိသူတို့အား အကျိုးသက်ရောက်နေသည်သာ ဖြစ်သည်။
ပမာအားဖြင့် သံပရာသီးသည် အချဉ် အရသာ ထင်ရှားစွာ ဦးဆောင်နေသည်။ ပုံမှန်အားဖြင့် သလိပ်ဓာတ်ကို ဖျက်၍(ပျက်စေ၍) လေဓာတ်ကို အကျိုးပြုနေသည်။ သို့သော် အလွန်အကျွံ မှီဝဲပါက သည်းခြေဓာတ် (အပူ) ပွား၍ သွေးဓာတ်ကို ပျက်ကာ လူကို အားနည်းစေတတ်သည်။ အဖျားခံရှိလျှင် အဖျားဝင် လာနိုင်သည်။
သကြားသည် ချိုသော အရသာ ရှိသဖြင့် စားသုံးလျှင် နှစ်သက်ခြင်း၊ အားရှိစေခြင်း အကျိုးကို ဖြစ်စေသည်။ သည်းခြေ (အပူဓာတ်) ကို နှိမ်နိုင်သည်။ သို့သော် အချိုလွန်ကဲအောင် စားမိပါက သလိပ်ဓာတ် ပွားခြင်း၊ ၀မ်းမိးညံ့ခြင်း၊ ကိုယ်လက် ထိုင်းမိုင်း လေးလံခြင်း၊ ဆီးလွန်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာပေမည်။
သလပိကို တိုက်ဖျက်၍လည်း သည်းခြေပွားစေတတ်သော သံပရာသီးနှင့် သည်းခြေကိုနိုင်သော သလိပ်ဖြစ်စေသော သကြား(အချို) တို့ အချိုးအစား တည့်မှန်စွာ ပေါင်းစပ်သောအခါ လူတို့အား အကျိုးပြုလှသော အာဟာရ ဖျော်ရည် တစ်မျိုး ပေါ်လာသည်။
သကြား သံပရာရည်သည် ဆေးပညာ အမြင်ဖြင့် ရော၈ါရှိသူကို ရောဂါ ပျောက်ကင်းစေအောင်ပြုစွမ်းသည်။ ကျန်းမာသူ သောက်လျှင် ပိုမို ကျန်းမာ ရွှင်လန်းနိုင်သည်။
အရသာတို့၏ သဘော
အစားအစာတို့တွင် ပါဝင်နေသော အရသာများအား တွဲဖက် စားသုံးတတ်လျှင် အစာသည်ပင် ဆေးသဘော သက်ဝင်ရလေသည်။ အသက်ရှည်ရာ အနာကင်းကြောင်း ဖြစ်ရသည်။ အရသာခြောက်ပါး တစ်မျိုးနှင့်တစ်မျိုး အကျိုးအပြစ်ခြင်း မတူကြ။ သီးခြားစီ ရှိနေသည်။ ယင်း အရသာများအား အဆင်ပြေစွာ (ဆေးသဘောဆောင်၍) တွဲဖက် စားသုံးတတ်သည့် ဓလေ့ကို မြန်မာ့ရိုးရာ ယဉ်ကျေးမူအဖြစ် လေးစားဖွယ် တွေ့နိုင်သည်။
မြန်မာတို့၏ စားသုံးမူ ဓလေ့သည် အရှေ့တိုင်း ဆေးပညာ၊ တိုင်းရင်းဆေးပညာ နည်းနာများနှင့် အညီအညွတ် ရှိနေသည်။
ငါးပိထောင်းနှင့် ဖန်ခါးသီး။ ကြောင် လျှာ သီး ချက်နှင့် မြေပဲကြော် + အာလူးကြော်။ ကြက်ဟင်းခါးသီးချက်နှင့် မြေပဲ။ မျှစ်နှင့် ပီလော + ရုံးပတီ။ ချဉ်ပေါင်ရွက်နှင့် မျှစ်။ မိုနှင့် ငရုတ်သီး။ မန်ကျည်းသီးစိမ်းနှင့် ငါးပိတစ်ငါးပိကောင်။ လက်ဖက်နှင့် ချင်း + ကြက်သွန်ဖြူ။ ဥမျိုးစုံနှင့် ဆား။ ထောပတ်ထမင်းနှင့် ရှောက်သံပရာ ဖျော်ရည်။ စသည့် စားသုံးမူ ဓလေ့များမှာ အရသာတို့၏ သဘောကို သင့်မြတ်စွာ တွဲဖက်၍ အာဟာရလည်းဖြစ်၊ ဘေး အန္တရာယ်လည်း မရောက်၊ ဆေးသဘောလည်း သက်ဝင်အောင် စားသုံးခြင်း ဖြစ်လေသည်။
အစပ်လွန်က အချို။ အချိုလွန်က အစပ်။ အဖန်လွန်က အငန်။ အငန်များက အဖန်။ အခါးလွန်က အဆိမ့်။ အချိုအဆိမ့်လွန်က အခါး။ အချွဲလွန်က အချဉ်၊ အချဉ်ကို အချွဲစသည်ဖြင့် အာဟာရလွန်မူကို ဖြေနိုင်ရန် တွဲဖက် စားသုံးပေးရသည်။
ကျန်းမာအောင် စားသုံး
လူတို့တွင် နေထိုင်ပုံ ဓလေ့၊ စရိုက အလုပ်အကိုင် တို့ကို မူတည်၍ အစာအိမ် မီး၊ အစာကြေချက်အား ကောင်းခြင်း၊ ညံ့ခြင်း (၀ါ) ထက်ခြင်း၊ နုန့်ခြင်း ဖြစ်နေတတ်သည်။ မမာအားဖြင့် ဆိုက်ကား နင်းနေသူ၏ ၀မ်းမီးမှာ လူပ်ရှားမူ များလွန်းနေသဖြင့် ပါ စ က အကောင်းလွန်နေ တတ်ပြီး စားပွဲ၌ ထိုင်၍ ဦးနှောက် အလုပ်လုပ်နေရသူတို့အဖို့မူ ၀မ်းမီးမှာ ညံ့နေတတ်သည်။
ထက်နေ၊ လွန်နေသော ၀မ်းမီး၊ ရှိသူတို့အဖို့ ကောက်ညှင်းပေါင်း၊ အာလူး၊ ကုလားပဲ၊ ချဉ်ဆီ စသည့် အဆိမ့်အအိမ့်များသည် သင့်မြတ်လှသော်လည်း လူပ်ရှား နေထိုင်မူနည်းနေသူ အတွက်မူ ဘဲဥကြော် တစ်လုံးသည်ပင် မသင့်မြတ်နိုင်။ ညံ့သော ပါစက ၀မ်းမိး ရှိနေသူ အတွက်မူ အတိုင်းအရှည် အရနည်းပါးသော၊ ပူနွေးသော၊ အဆီနည်းသော၊ ကြေလွယ်သော အစားအစာများမှာ အကျိုး ဖြစ်စေမည် ဖြစ်သည်။
ပန်လည်း ပိန်ချင်သည် စားလေသမျှမှာလည်း အချိုအဆိမ့်၊ အဆီအစေး။ သား၊ ငါး၊ ပုစွန်။ ခဏတိုင်းလည်း စားသည်။ ထိုပုဂ္ဂိုလ် ပိန်ဖို့ဝေးလှသည်။ ၀မြဲသာတိုး၍ ၀မည်။
လူက ၀လည်းဝချင်သည်။ စားတတ်သော အာဟာရမှာလည်း ချဉ်ချဉ် စပ်စပ် ပူပူချည်း။ အစားကလည်း နည်းသေး။ အအိပ်အနေကလည်း နည်းပါး။ ပူပင်သောကကလည်း ပိုနေပြန်။ ထိုပုဂ္ဂိုလ် မ၀နိုင်။ ပိန်မြဲ ပိန်နေမည်သာ။ ထို့ကြောင့် ဘေးမဖြစ်ဘဲ ဆေးဖြစ်အောင် သင့်တင့် ညီညွတ်စွာ စားသုံးကြပါစို့။

Monday, 1 November 2010
စားတတ်လျှင်ဆေး၊ မစားတတ်လျှင်ဘေး
အမျိုးအစား/ကဏ္ဍ
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment