ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 5 November 2010

အလှ၊ အချစ်နှင့် မေတ္တာဆိုသည်မှာ...

လှတဲ့အကြောင်းတွေ လှတာတွေကို အများကြီး ပြောတတ်တယ်။ ဒါပေမဲ့ လှတယ်ဆိုတာ ဘာလဲလို့မေးလာတဲ့အခါ ချက်ချင်းအဖြေပေးဖို့ ခက်နေတတ်တယ်။ လှတယ်ဆိုတာ ဘာလဲဆိုတဲ့ ဖွင့်ဆိုချက် Definition ပေးဖို့ခက်ပါတယ်။

တချို့ကတော့ “လှတယ်” ဆိုတာ အကျိုးပြုနိုင်မူစွမ်းရည် တစ်မျိုးမျိုးရှိခြင်း၊ ဖြစ်တယ်လို့ ဖွင့်ဆိုကြတယ်။ အလှဆိုသည်မှာ အကျိုးပြနိုင်စွမ်းရည် ရှိခြင်းလို့ ဖွင့်ဆိုတဲ့ သဘောပေါ့။

ဥပမာ … အမျိုးသမီးတစ်ဦးရဲ့ မျက်တောင်ဟာ ရှည်ပြီးကော့နေရင် ဒီမျက်တောင် ကော့ကော့ကလေးကို လှတယ်လို့ မြင်တယ်။ ဘာကြောင့်လှတာလဲဆိုရင် မျက်တောင်တိုတိုထက် ရှည်ရှည်ကော့ကော့ ကလေးဟာ “မျက်စိ” ကို ဖုံး၊ အမိုက် စသည့် အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းမူရှိလို့တဲ့။ ဒီလို ကာကွယ်မူ ပေးနိုင်စွမ်းတာ၊ မျက်လုံးကို အကျိုးပြုနိုင်မူ စွမ်းရည်ရှိတာဟာပဲ “ အလှ” တဲ့။

ယောက်ျားမှာ ကျန်းမာသန်စွမ်းခြင်း၊ ယောက်ျားပီသခြင်းအဖြစ်နဲ့ ကြွက်သား ဖွဲ့စည်းမူ ပေါ်ပေါ်လွင်လွင် ရှိတယ်။ ယောက်ျားပီသခြင်းဟာ “အလှ” ဖြစ်နေတယ်။ ဘာလို့လှတာလဲဆိုတော့ အဲဒီ ယောက်ျားရဲ့ ကျန်းမာသန်စွမ်းခြင်းဟာ အလုပ်ကောင်းစွာ လုပ်နိုင်ခြင်းဟာ အကျိုးပြုတဲ့ အစွမ်းသတ္တိရှိလို့ပဲတဲ့။ မိန်းမမှာတော့ ယောက်ျားလို ကြွက်သားဖွဲ့စည်းမူ မပေါ်လွင်ဘူး။ သူ့ခန္ဓာမှာ ဖုံးလွှမ်းထားတဲ့ အဆီပြင်တစ်မျိုးရှိနေလို့ မိန်းကလေးဟာ အသားအရေ စိုပြေပျော့ပျောင်း နူးညံ့နေတယ်။ ဒီအဆီပြင်ဟာ အစာရေစာ ပြတ်လပ်တဲ့အခါမှာ မိမိကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ထားတဲ့ သား သမီးအတွက်တော့ အသက်ဆက်ရှင်နေနိုင်အောင် ဖန်တီးပေး နိုင်စွမ်းရှိတယ်တဲ့။ ဒီလိုအကျိုးပြုနိုင်စွမ်း တဲ့အစွမ်းရှိလို့ အမျိုးသမီးရဲ့ အသားအရေ နူးညံ့ပျော့ပျောင်း စိုပြည်လန်းဆန်းခြင်းကို “လှတယ်” လို့ မြင်လာတာတဲ့။

ဒီနည်းအတူပဲ အမျိုးသမီးရဲ့ ရင်သားပြည့်ဝဖွံ့ဖြိုးခြင်းဟာ သားသမီးငယ် အသက်ရှင်ဖို့အတွက် နို့ချို တိုက်ကျွေးနိုင်ခြင်းဆိုတဲ့ အကျိုးပြမူရှိတယ်။ အမျိုးသမီးရဲ့ တင်ပါးအချိုးတကျ ပြည့်ဖြိုးကျယ်ပြန့် ခြင်းဟာ သားသမီးကို ကောင်းစွာ ကိုယ်ဝန်ဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးတရားရှိတယ်။ အကျိုးပြုနိုင်မူရှိတယ်။ ဒီလိုအကျိုးပြနိုင်မူအစွမ်း ရှိနေလို့ ပြည့်ဖြိုးကျယ်ပြန့်တဲ့ တင်ပါးကို လှပတယ်လို့ မြင်လာတာတဲ့။

ဒါကြောင့် အလှဆိုသည်မှာ အကျိုးတစ်စုံတစ်ရာ ပြနိုင်စွမ်းခြင်း သို့မဟုတ် အလှဆိုသည်မှာ အသုံးဝင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုကြတာဖြစ်လိမ့်မယ်။

ချစ်တယ်ဆိုတာဟာ အဲဒီ လှတာကို ရယူချင်၊ ပိုင်ဆိုင်ချင်တာဖြစ်ပါလိမ့်မယ်။ ပိုပိုလှတာတွေ့တော့ ပိုပိုချစ်သွားတာတွေ ရှိမှာပေါ့။ ငါးစိမ်းမြင် ငါးကင်ပစ် ဆိုတာမျိုးတွေလည်း ရှိမှာပေါ့။ ဒါဖြင့် ချစ်ခြင်းမှာ ပိုလှတာကို ပိုချစ်တဲ့ သဘောရှိနေတော့ “မေတ္တာ” နဲ့ ခြားနားနေတယ်၊ မေတ္တာမှာက “ပို”သွားတယ်။ “လျော့” သွားတယ်ဆိုတာ မရှိဘူး။

ဗုဒ္ဓစာပေတွေမှာ ဂေါတမမြတ်စွာဘုရားက အင်မတန်လှပတင့်တယ်တဲ့ ဇနပဒကလျာဏီနဲ့ လက်ထပ်တော့မယ့် ညီတော်နန္ဒမင်းသားကို ခေါ်ထုတ်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ခေါ်သွားလို့ လမ်းတစ်နေရာမှာ မျောက်အိုမကြီးတစ်ကောင်ကို တွေ့တော့ ဂေါတမမြတ်စွာဘုရားက နန္ဒကို “အဲဒီ မျောက်အိုမကြီးနဲ့ ဇနပဒလျာဏီ ဘယ်သူက ပိုလှသလဲ” လို့ မေးတယ်။ ညီတော်နန္ဒ စိတ်ဆိုးလိုက်မယ့်ဖြစ်ခြင်း တွေးကြည့်လို့ရပါတယ်။ အင်မတန်လှတဲ့ သူ့ဇနပဒလျာဏီနဲ့ ဒီမျောက်အိုမကိုများ နိုင်းပြီး မေးရသလားလို့ပေါ့။ ဒေါသတွေဖြစ်မှာပဲ။ ဒါနဲ့ ဂေါတမမြတ်စွာဘုရားက ညီတော်ကို နတ်ပြည်ခေါ်သွားပြီး နတ်သမီးကလေးတွေနဲ့ တွေ့ပေးလိုက်တယ်။ နတ်သမီးဆိုတော့ သိပ်ချောသိပ်လှနေမှာပေါ့။ ဂေါတမ မြတ်စွာဘုရားကို ညီတော်က “ဒီနတ်သမီးးတွေနဲ့ နိုင်းစာရင် ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲဘုရား” လို့ ဖြေတယ်တဲ့။ ပြောရက်တယ်။ ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲတဲ့။

ချစ်ခြင်းဆိုတာ … ဒီလိုပဲ … ဘက်လိုက်တတ်တယ်။ အလှသာတဲ့ဘက်ကို အလေးသာ ပေးလိုက်တယ်။ ဘက်လိုက်တယ်။ ချစ်ခြင်းဟာ အတည်ငြိမ်ဘူး ပို၍ ပို၍ လှတာနဲ့တွေ့ရင် ပို၍ ပို၍ ချစ်ချစ်သွားတယ်၊ ချစ်ခြင်းဟာ မခိုင်ခံ့ဘူး။ ယိမ်းယိုင်တယ်။ သစ္စာမဲ့တယ်။ ကတိဖျက်တယ်။ မိန်းမက မလှတော့ဘူးဆိုရင် ယောက်ျားက မြတ်နိုးမူတွေ လျော့လာတယ်။ ယုယုယယကြင်ကြင်နာနာတွေ သိပ်မရှိဘူး ဖြစ်လာတယ်။ ဆူဆူပူပူတွေ လုပ်လာတယ်။ အော်လား၊ ဟစ်လား၊ ဟိန်းလား၊ ဟောက်လားတွေ လုပ်တယ်၊ အရင်ကလို သိပ်မချစ်တော့လို့ တစ်ဖက်သူကလည်း စိတ်ဆင်းရဲတယ်။ ဟုတ်တယ်၊ အချစ်ဆိုတာ ပြောင်းလဲ ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။

မေတ္တာကတော့ ယိမ်းယိုင်ဖောက်ပြန်ခြင်းမရှိဘူးတဲ့။

ဇာတ်တော်တစ်နေရာမှာ သိပ်ကိုလှပတဲ့ အမျိုးသမီးငယ်ကို လက်ဆောင်ပဏ္ဏာတွေနဲ့ ချစ်ရေးဆိုလာသူရဲ့ ပြုမူပုံကို ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ ချစ်ရေးလာဆိုသူက ပထမအခေါက်မှာ အမျိုးသမီးအတွက် လက်ဆောင်ပဏ္ဏာကို ရွှေလင်ပန်းနဲ့ ထည့်လာတယ်။ အမျိုးသမီးက ငြင်းဆိုလိုက်တယ်။ နောက်တစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာ လက်ဆောင်ပဏ္ဏာတွေကို ငွေလင်ပန်းနဲ့ ထည့်ယူလာတယ်။ ဒီအခေါက်မှာလည်း အမျိုးသမီးက သူ့ကမ်းလှမ်းချက်ကို ငြင်းပြန်တယ်။ နောက်ဆုံးတစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာတော့ သူက လက်ဆောင် ပဏ္ဏာကို ကြေးလင်ပန်းနဲ့ ထည့်လာတယ်။

တစ်ခေါက်ထက် တစ်ခေါက် လက်ဆောင်ထည့်ယူလာပုံက ရွှေလင်ပန်းမှ ကြေးလင်ပန်းအဆင့်ကို ဆင်းသွားတယ်။ လက်ဆောင်ယူလာပုံ ညံ့ညံ့လာတာကို အမျိုးသမီးက သိတယ်။ ဒါကို အမျိုးသမီးက နောက်ဆုံးအခေါက်မှာ “ရှင် … ကျွန်မ သိက္ခာကို စော်ကားတာလား ဘယ်လိုလဲ” စသည်ဖြင့်ပေါ့ စိတ်ဆိုးပြီးမေးတော့၊ လက်ဆောင်ယူလာသူက သိက္ခာကို စော်ကားခြင်း မဟုတ်ရပါကြောင်း။ ထိုက်တန်ရာကိုသာ ယူလာခြင်းဖြစ်တဲ့အကြောင်း အလှဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး လှလှသွားတာမဟုတ်ဘဲ၊ အလှဆိုတာ တစ်နေ့ပြီးတစ်နေ့ လျော့လျော့သွားတဲ့ သဘောသာရှိတဲ့ အကြောင်း ဒါကြောင့် သူကလည်း လက်ဆောင်တန်ကြေးကို လျော့လျော့ယူခဲ့ခြင်းသာ ဖြစ်ပါကြောင်း ပြန်ပြောပါတယ်။

ဟုတ်မှာပေါ့လေ။ “အလှ” လျော့ရင် တန်ဖိုးကျကျသွားတယ်၊ ချစ်ခြင်းကလည်း ယိုင်ယိုင်သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ ရင့်ရော် ဟောင်းနွမ်းသွားတတ်တဲ့ သဘောရှိလိမ့်မယ်။ မေတ္တာရဲ့ သဘောကတော့ ယိမ်းယိုင်တာမရှိဘူး။ ဖောက်ပြန်တဲ့ သဘောမရှိဘူးလို့ ဖွင့်ဆိုဖို့ ပလေတိုရဲ့ Symposium မှာ ဆော့ခရတ္တိက စိစစ်နေပါတယ်။

2 comments:

  1. တွေးထောင့်ရယ်၊ အရေးအသားရယ် အရမ်းလှတဲ့ Postလေး တစ်ခုပါပဲ။

    ReplyDelete
  2. အလှတရားက အဲလောက် ကျယ်ပြန့်သလားဗျာ
    ကျနော်တော့ အလှတရားကို လွဲမှားစွာ ခံစားနေသလားလို့

    ကျေးဇူးတင်ပါတယ် ဗျ

    http://mmbravo.net

    ReplyDelete