၇၇၄။ မိန်းမ ကျင်ကြီးတွင်းမှ တက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူဖြစ်လေသနည်း၊ မိန်းမ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်ကြောင့် မြည်တမ်းနေဘိသနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၅။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ “ဒုဂ္ဂတိဘုံ”သို့ ရောက်နေရသော ပြိတ္တာဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမူကို ပြုမိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။
၇၇၆။ မိန်းမ သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူ ကံကို ပြုခဲ့သနည်း၊ အဘယ်မကောင်းမူကံ၏ အကျိုးအားဖြင့် ဤဆင်းရဲသို့ ရောက်ရသနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၇။ အရှင်ဘုရား အကျွန်ုပ်၏ ကျောင်း၌ နေသော (ကျောင်းထိုင်) ရဟန်းသည် ငြူစူတတ်သူ ဒါယကာ၌ ၀န်တိုတတ်သူ သူတပါးပေးလှူသည်ကို တားမြစ်သောအားဖြင့် ကြမ်းတမ်းသော မစ္ဆရိယရှိသူ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်သူဖြစ်၍ အကျွန်ုပ်အိမ်၌ ပစ္စည်းတပ်မက်မောသော စိတ်ဖြင့် မပြက် ၀င်ထွက်နေပါ၏။
၇၇၈။ အကျွန်ုပ်သည် ထိုရဟန်း၏ စကားကို ကြားရသောကြောင့် ရဟန်းတို့ကို ဆဲရေးခဲ့ဘူးပါ၏၊ ထိုကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာမက လျှောက်၏)။
၇၇၉။ မိန်းမ အဆွေခင်ပွန်းမဟုတ်ပဲ အဆွေခင်ပွန်းအသွင်ဖြင့်ဖြစ်၍ သင်၏အိမ်သို့ မပြတ်ကပ်ရောက်တတ်သော ပညာမဲ့သော ရဟန်းသည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘ၀၌ အဘယ်ဂတိသို့ လားရောက်သနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၈၀။ အရှင်ဘုရား အကျွန်ုပ်သည် ယုတ်မာသော မကောင်းမူရှိသော ထိုရဟန်း၏ ဦးခေါင်းထက်၌သာလျှင် တည်နေရပါ၏၊ ပြိတ္တာဘုံသို့ ရောက်သော ထိုရဟန်းပြိတ္တာသည် အကျွန်ုပ်၏ အလုပ်အကျွေးသာလျှင် ဖြစ်ပါ၏။
၇၈၁။ အရှင်ဘုရား သူတပါးတို့ စွန့်ပစ်အပ်သော ကျင်ကြီးသည် အကျွန်ုပ်၏ အစာဘောဇဉ်ဖြစ်ပါ၏၊ ရဟန်းပြိတ္တာသည်ကား အကျွန်ုပ် စွန့်ပစ်အပ်သော ကျင်ကြီးကို စားသောက်မှီခိုလျက် အသက်မွေးရပါ၏ (ဟု ပြိတ္တာမက လျှောက်၏)။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment