ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 11 October 2011

၎ - ရေ၀တီပေတ၀တ္ထု

၇၁၄။ အလွန်ယုတ်မာသော အကျင့်ရှိသော တစုံတယောက်အား တစုံတခုကိုမျှ ပေးလှူလေ့မရှိသောကြောင့် အပါယ်တံခါးပွင့်နေသော ရေ၀တီ ထလော့၊ အကြင်ငရဲ၌ မကောင်းသော အလားရှိကုန်သော ငရဲသူသတ္တ၀ါတို့သည် ဆင်းရဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍ ညည်းတွားကြရကုန်၏၊ ထိုငရဲသို့ သင့်ကို ငါတို့ ပို့ဆောင်ကြကုန်အံ့။

၇၁၅။ ဤသို့လျှင် ပြောဆိုကြကုန်၍ ယမမင်း၏ တမန်နှင့် တူကုန်သော ချင်းချင်းနီသော မျက်စိရှိကုန်သော ကြီးသော ကိုယ်ရှိကုန်သော ထိုဘီလူးနှစ်ယောက်တို့သည် ရေ၀တီ၏ လက်မောင်းတို့ကို တယောက်တဖက်စီ ကိုင်ဆွဲကြ၍ တာဝတိံသာနတ်အပေါင်း၏ အထံသို့ ဆောင်ယူသွားကြကုန်၏။

၇၁၆။ နေ၏ အရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသော အဆင်းရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော ပြိုးပြိုးပြက်သော တင့်တယ်လျောက်ပတ်သော ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော နတ်သားနတ်သမီးတို့ဖြင့် ပြွမ်းသော နေရာင်ကဲ့သို့ တပြောင်ပြောင် ထွန်ပသော ကျယ်ပြန့်သော ဤဗိမာန်သည် အဘယ်သူ၏ ဗိမာန်ပေနည်း။

၇၁၇။ စန္ဒကူးနံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်းအပြင်) နှစ်ဘက်လုံး တင့်တယ်စေပါကုန်၏၊ ထိုဗိမာန်သည် နေ၏ အရောင်အဆင်းကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ နတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား အဘယ်သူပါနည်း (ဟု ရေ၀တီကမေး၏)။

၇၁၈။ ဗာရာဏသီပြည်၌ ၀န်တိုမူ “မစ္ဆရိယ” မရှိသော အလှူရှင်ဖြစ်သော အလှူခံတို့၏ အခြင်းအရာကို သိတတ်သော နန္ဒိယမည်သော ဥပါသကာသည် ရှိခဲ့၏၊ နတ်သားနတ်သမီးတို့ဖြင့် ပြွမ်းသော နေရောင်ကဲ့သို့ တပြောင်ပြောင်ထွန်းပသော ဤဗိမာန်သည် ထိုနန္ဒိယဥပါသကာ၏ ဗိမာန်ပေတည်း။

၇၁၉။ စန္ဒကူးနှစ်နံ့သာဖြင့် လိမ်းကျံအပ်သော နတ်သမီးအပေါင်းတို့သည် ဗိမာန်ကို (အတွင်းအပြင်) နှစ်ဘက်လုံး တင့်တယ်စေကြကုန်၏၊ ထိုဗိမာန်သည် နေ၏အရောင်အဆင်းကဲ့သို့ တပြောင်ပြောင်ထွန်းပသော အဆင်းရှိသည်ဖြစ်၍ ထင်၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဖြစ်၍ ဗိမာန်၌ မွေ့လျော်နေသူကား ထိုနန္ဒိယဥပါသကာပင်တည်း (ဟု ဘီလူးတို့က ဖြေ၏)။

၇၂၀။ အကျွန်ုပ်သည် နန္ဒိယ၏ မယားပါတည်း၊ စည်းစိမ်ဥစ္စာအားလုံးကို အစိုးရသော အိမ်ရှင်မ ဖြစ်ခဲ့ပါ၏။ ယခုအခါ၌ အကျွန်ုပ်သည် လင်၏ဗိမာန်၌ မွေ့လျော်ပါအံ့၊ ငရဲသို့ ကြည့်ရူရန်ပင် အလိုမရှိတော့ပါ (ဟု ရေ၀တီက ဆို၏)။

၇၂၁။ အလွန်ယုတ်မာသော အကျင့်ရှိသော ရေ၀တီ ဤငရဲသည် သင်၏ ငရဲတည်း၊ သက်ရှိလောက လူ့ဘ၀က သင်သည် ကောင်းမူကို မပြုခဲ့၊ ၀န်တိုသော ချုတ်ချယ်တတ်သော ယုတ်မာသော သဘောရှိသောသူသည် နတ်ပြည်သို့ လားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်း (ဟု ဘီလူးတို့က ဆို၏)။

၇၂၂။ အသို့နည်း မစင်မကြယ် စက်ဆုပ်ဖွယ်ဖြစ်သော ကျင်ကြီးကို၎င်း ကျင်ငယ်ကို၎င်း တွေ့မြင်ရ၏၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ရှိသော ကျင်ကြီး ရှိလေသနည်း၊ အဘယ်ကြောင့် ဤငရဲသည် မကောင်းသော အနံ့ဖြင့် နံစော်လေသနည်း (ဟု ရေ၀တီက မေး၏)။

၇၂၃။ ရေ၀တီ အသူတရာနက်လှစွာသော ဤငရဲသည် မစင်ကြယ်သော ကျင်ကြီး ကျင်ငယ်စသည်ကို ယိုစီးစေတတ်သောကြောင့် သံသ၀က ငရဲမည်၏၊ သင်သည် ယင်းငရဲ၌ အနှစ်အထောင်မက ကျက်ရလတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၇၂၄။ အသို့နည်း၊ အကျွန်ုပ်သည် ကိုယ်နူတ်စိတ်ဖြင့် အဘယ်မကောင်းမူကို ပြုခဲ့မိပါသနည်း၊ အဘယ်မကောင်းမူကြောင့် အကျွန်ုပ်သည် အသူတရာနက်လှစွာသော မစင်ကြယ်သော ကျင်ကြီးကျင်ငယ်စသည်ကို ယိုစီးစေတတ်သော သံသ၀ကမည်သော ငရဲကို ရအပ်ပါသနည်း (ဟု ရေ၀တီက မေး၏)။

၇၂၅။ သင်သည် သမဏဗြာဟ္မဏတို့ကို၎င်း အခြားသော ဖုန်းတောင်းယာစကာတို့ကို၎င်း မဟုတ်မမှန်သော စကားဖြင့် လှည့်ပတ်တတ်၏၊ ထိုမကောင်းမူအကုသိုလ်ကံကို သင်သည် ပြုခဲ့၏။

၇၂၆။ ရေ၀တီ ထိုမကောင်းမူအကုသိုလ်ကြောင့် သင်သည် အသူတရာနက်လှစွာသော သံသ၀ကအမည်ရှိသော ငရဲကို ရအပ်၏၊ ယင်းငရဲ၌ သင်သည် အနှစ်အထောင်မက ကျက်ရလတ္တံ့။

၇၂၇။ လက်တို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ ခြေတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နားတို့ကိုလည်း ဖြတ်ကုန်လတ္တံ့၊ နှာခေါင်းတို့ကိုလည်း ဖတ်ြကုန်လတ္တံ့၊ ထိုမှတပါးလည်း ကျီးငှက်အပေါင်းတို့သည် စုရုံးချဉ်းကပ်ကြကုန်လျက် တုန်လူပ်နေသော သင့်ကို ခဲစားကြကုန်လတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၇၂၈။ တောင်းပန်ပါ၏၊ အကျွန်ုပ်ကို (လူ့ပြည်သို့) ပြန်ပို့ကြပါကုန်လော့၊ အကြင်ကုသိုလ်ကို ပြုကုန်၍ ချမ်းသာခြင်းသို့ ရောက်ကုန်၏၊ နောင်အခါ၌ အဖန်တလဲလဲ ပူပန်မူ (နောင်တ)လည်း မရှိကုန်၊ အကျွန်ုပ်သည် အလှူပေးခြင်းဖြင့်၎င်း အညီအညွတ်ကျင့်ခြင်းဖြင့်၎င်း စောင့်စည်းခြင်းဖြင့်၎င်း ဣနြေ္ဒကို ဆုံးမခြင်းဖြင့်၎င်း များစွာသော ထိုကုသိုလ်ကို ပြုပါတော့အံ့ (ဟု ရေ၀တီက ဆို၏)။

၇၂၉။ သင်သည် ရှေးအခါက (ကုသိုလ်ကို) မေ့လျော့ခဲ့၍ ယခုမှ ငိုကြွေးမြည်တမ်းဘိ၏၊ သင်ကိုယ်တိုင် ပြုခဲ့သော ကံတို့၏အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့ (ဟု ဘီလူးတို့က ဆို၏)။

၇၃၀။ (အကျွန်ုပ်) မေးအပ်သည်ရှိသော် နတ်ပြည်မှ လူ့ပြည်သို့ လာပြီးလျှင် လက်နက်ကိုပယ်ချထားပြီး ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့အား အလှူကို ပေးလှူရာ၏၊ အ၀တ်အရုံကို၎င်း အိပ်ရာနေရာကို၎င်း ဆွမ်းအဖျော်ကို၎င်း ပေးလှူရာ၏၊ မှန်၏၊ ၀န်တိုသော ချုတ်ချယ်တတ်သော ယုတ်မာသော သဘောရှိသူသည် နတ်ပြည်သို့ လားရကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို မရနိုင်သည်သာတည်းဟု အဘယ်မည်သော နတ်သည် အကျွန်ုပ်ကို ပြောဆိုပါမည်နည်း။

၇၃၁။ အကျွန်ုပ်သည် ဤငရဲမှ လွတ်မြောက်ပြီးလျှင် လူ့ဘ၀ကို ရသည်ရှိသော်အလှူခံတို့၏ အခြင်းအရာကို သိသည်ဖြစ်၍ သီလနှင့်လည်း ပြည့်စုံလျက် အလှူပေးခြင်းဖြင့်၎င်း အညီအညွတ်ကျင့်ခြင်းဖြင့်၎င်း စောင့်စည်းခြင်းဖြင့်၎င်း ဣနြေ္ဒတို့ကို ဆုံးမခြင်းဖြင့်၎င်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့။

၇၃၂။ အထူးကြည်လင်သောစိတ်ဖြင့် သစ်သီးအရံ ပန်းအရံတို့ကိုလည်း စိုက်ပျိုးပါတော့အံ့၊ ကူးသန်းသွားလာရန် ခက်သောအရပ်၌ တံတားတို့ကိုလည်း ဆောက်လုပ်ပါတော့အံ့၊ ရေအိုးစင်တို့ကို၎င်း ရေတွင်းရေကန်ကို၎င်း ပြုပါတော့အံ့။

၇၃၃-၄။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သောနေ့၌၎င်း တဆယ့်ငါးရက်မြောက်သောနေ့၌၎င်း ရှစ်ရက်မြောက်သောနေ့၌၎င်း ဥပုသ်နေ့တို့၏ အကြိုနေ့အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်ထိန်းပါတော့အံ့၊ အခါခပ်သိမ်း သီလတို့ကို စောင့်စည်းပါတော့အံ့၊ အလှူပေးခြင်း၌ မမေ့လျော့သည်သာဖြစ်ပါတော့အံ၊ အကျွန်ုပ်သည် ဤငရဲကို ကိုယ်တိုင် မြင်အပ်ပါပြီ (ဟု ရေ၀တီက မြည်တမ်း၏)။

၇၃၅။ ဤသို့ မြည်တမ်း၍ တုန်လူပ်နေသော ရေ၀တီကို (ငရဲထိန်းတို့သည်) ကြောက်လန့်ဖွယ်ရှိသော ငရဲ၌ ထိုထိုအရပ်မှ ခြေထောက်မိုးမျှော် ဦးခေါင်းစောက်ထိုး ပစ်ချလိုက်ကြကုန်၏။

၇၃၆။ ငါသည် ရှေးအခါက ၀န်တိုခြင်း ရှိခဲ့ပါ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေး ကြိမ်းမောင်းခဲ့ပါ၏၊ လင်ကိုလည်း မဟုတ်မမှန်သော စကားဖြင့် လိမ်ညာ လှည့်ပတ်ခြင်းကြောင့် ကြောက်လန့်ဖွယ် သဘောရှိသော ငရဲ၌ ကျက်ရပါ၏ (ဟု မြည်တမ်း၏)။

လေးခုမြောက်သော ရေ၀တီပေတ၀တ္ထု ပြီး၏


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment