ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 4 October 2011

၅ - ကုမာရပေတ၀တ္ထု

၄၅၃။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အံ့ဖွယ်သဘောရှိ၏၊ မြတ်စွာဘုရားသည် ပုဂ္ဂိုလ်အားလျော်စွာ ဗျာဒိတ်စကားဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်အချို့တို့သည် ပြန့်ပြောသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (ယုတ်ညံ့နိမ့်ကျသူများ ဖြစ်ကြကုန်၏)။ ပုဂ္ဂိုလ်အချို့တို့သည် နည်းသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (မြင့်မြတ်သူများ ဖြစ်ကြကုန်၏)။

၄၅၄။ ဤသတို့သားသည်ကား သင်းချိုင်း၌ စွန့်ပစ်ခံရလျက် ညဉ့်အခါဝယ် (နတ်၏) လက်မမှ ယိုကျသော နို့ရည်ဖြင့် မျှတရ၏၊ ဘီလူးတို့သည်၎င်း ဘုတ်ပြိတ္တာတို့သည်၎င်း ကင်းသန်းတို့သည်၎င်း ပြုအပ်သော ကောင်းမူရှိသော သတို့သားကို မညှဉ်းဆဲကြကုန်။

၄၅၅။ ခွေးတို့သည် ဤသူ၏ ခြေတို့ကို လျှာဖြင့် လျက်ကြကုန်၏၊ ကျီးတို့သည်၎င်း မြေခွေးတို့သည်၎င်း လူးလာတုံ့ခေါက် စောင့်ရှောက်ကြကုန်၏၊ ငှက်အပေါင်းတို့သည် ကိုယ်ဝန်အညစ်အကြေးကို သယ်ဆောင်ပစ်ကြကုန်၏၊ ကျီးတို့သည်ကား မျက်ဝတ် အညစ်အကြေးကို ဆောင်ယူပစ်ကြကုန်၏။

၄၅၆။ တစုံတယောက်သော လူတို့ကမျှ ဤ (ဖွားသော) ကလေးအား အစောင့်အရှောက်ကို မစီရင်ကြကုန်၊ ဆေးကိုလည်း မစီရင်ကြကုန်၊ မုန်ညင်းစေ့ဖြင့် အခိုးထုံခြင်းကိုလည်း မစီရင်ကြကုန်၊ နက္ခတ်နှင့်ယှဉ်ခြင်း (ဇာတာဖွဲ့ခြင်း) ကိုလည်း မပြုကြကုန် အလုံးစုံသော စပါးတို့ကိုလည်း မကြဲဖြန့်ကြကနု။

၄၅၇-၈။ ဤသို့ သဘောရှိသော အလွန်ပင်ပန်းဆင်းရဲခြင်းသို့ ရောက်သူ ညအခါ၌ ဆောင်ယူ၍ သင်းချိုင်း၌ စွန့်ပစ်ထားသူဆီဦးထောပတ်စိုင်ကဲ့သို့ တုန်လူပ်လျက် (အသက်ရှင်ပါမည်လား မရှင်မည်လားဟု) ယုံမှားရသူ အသက်ငွေ့ငွေ့သာ ကြွင်းကျန်နေသူဖြစ်သော ထိုသတို့သားကို နတ်လူတို့ ပူဇော်အပ်သော ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် မြင်တော်မူ၍ ဤသတို့သားသည် ဤမြို့၏ စည်းစိမ်ဥစ္စာအားဖြင့် ကြီးမြတ်သူ သူဌေးကြီးဖြစ်လတ္တုံ့ မိန့်ကြားတော်မူ၏။

၄၅၉။ အရှင်ဘုရား အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည်တန်ဆာမ၏ ၀မ်း၌ ဖြစ်ရခြင်း စွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော ထိုနတ်တို့ အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုသူ၏ ဆောက်တည်မူ အကျင့်ကား အဘယ်ပါနည်း၊ ထိုသူ၏ ထိုဗြဟ္မစရိယကား အဘယ်ပါနည်း၊ ဤအကျိုးသည် အဘယ်အလေ့အကျင့်၏ အကျိုါ်ပါနည်း (ဟု မေးလျှောက်ကြကုန်၏)။

၄၆၀။ လူအပေါင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သောပူဇော်ခြင်းကို ပြုပြီး ထိုပူဇော်ပွဲ၌ ထိုသူငယ်၏ စိတ်သည် ဖောက်ပြန်သော အခြင်းအရာအားဖြင့် ဖြစ်သော သူတော်ကောင်းတို့၏ နား၌ မကြားဝံ မနာသာအောင် ကြမ်းတမ်းသော စကားကို ပြောဆိုခဲ့၏။

၄၆၁။ ထိုသူငယ်သည် ထိုယုတ်မာသော အကြံအစည်ကို ပယ်ဖျောက်၍ နောက်ကာလ၌ နှစ်သက်မူ “ပီတိ” ကြည်ညိုမူ “ပသာဒ”ကို ရပြီးလျှင် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားကို ယာဂုဖြင့် ခုနှစ်ရက်ပတ်လုံး လုပ်ကျွေးခဲ့၏။

၄၆၂။ ဒါယကာတို့ အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ၀မ်း၌ ဖြစ်ရခြင်း စွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့ သဘောရှိသော နတ်တို့ အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုဆိုခဲ့သမျှသည် ထိုသူငယ်၏ ဆောက်တည်မူ အကျင့်ပင်တည်း၊ ထိုသူငယ်၏ ထိုဗြဟ္မစရိယပင်တည်း၊ ဤအကျိုးသည် ထိုအလေ့အကျင့်၏ အကျိုးပေတည်း။

၄၆၃။ ထိုသူငယ်သည် ဤလူ့ပြည်၌ပင် အနှစ်တရာပတ်လုံး တည်၍ အလုံးစုံသော ကာမတို့ဖြင့် ပြည့်စုံပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ တဖန်ဖြစ်ရာ တမလွန်ဘ၀၌ သိကြားမင်း၏ အ၀င်းအပင်းဝင် သားအဖြစ်သို့ ရောက်ရလတ္တံ့ (ဟု ဟောတော်မူ၏)။

ငါးခုမြာက်သော ကုမာရပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment