၇၃၇။ အရှင်ဘုရား အကျွန်ုပ်၏ များပြားကြီးကျယ်သော ဤကြံတောသည် များပြားကြီးကျယ်လှစွာသော ကောင်းမူအကျိုး ဖြစ်ပါ၏၊ ထိုကြံတောသည် ယခုအခါ အကျွန်ုပ် သုံးဆောင်ရခြင်းသို့ မရောက်နိုင်သေးပါ၊ အရှင်ဘုရား ဖြေကြားတော်မူပါလော့၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။
၇၃၈။ အရှင်ဘုရား အကြင်အခါ ထိုအကျွန်ုပ်သည် တစုံတခုသော ကြံကို သုံးဆောင်ခြင်းငှါ လုံ့လကိုလည်း ပြုပါ၏၊ အားထုတ်ခြင်းကိုလည်း ပြုပါ၏၊ ထိုအခါ ထိုကြံတောသည် အကျွန်ုပ်တို့ကို နှိပ်စက်လည်း နှိပ်စက်ပါ၏၊ (သံလျက်သွားနှင့်တူသော ကြံရွက်တို့သည်) အကျွန်ုပ်ကို ဖြတ်လည်းဖြတ်အပ်ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် အင်အားပြတ်သည်ဖြစ်၍ ပြင်းစွာ ဆင်းရဲခြင်းသို့ ရောက်လျက် မြည်တမ်းနေရပါ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။
၇၃၉။ အရှင်ဘုရား အကျွန်ုပ်သည် ပင်ပန်းသည်ဖြစ်၍သာလျှင် မြေ၌ လဲကျပါ၏၊ ပူပြင်းသော ကြည်းကုန်းထက်ဝယ် ရေ၌ ကျက်စားသော ငါးကဲ့သို့ ချာချာလည်နေပါ၏၊ ငိုကြွေးရသော အကျွန်ုပ်၏ မျက်ရည်တို့သည် ယိုစီးထွက်ကျပါကုန်၏၊ အရှင်ဘုရား ဖြေကြားတော်မူပါ၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။
၇၄၀။ အရှင်ဘုရား အကျွန်ုပ်သည် ဆာလောင်သည်ဖြစ်၍ ပင်ပန်းလည်း ပင်ပန်းလှပါ၏၊ ရေလည်း မွတ်သိပ်လှပါ၏၊ လွန်စွာ မွတ်သိပ်လှသောကြောင့် သာယာဖွယ် ချမ်းသာကို မရပါ၊ အရှင်ဘုရား ဤအကြောင်းကို အရှင်ဘုရားအား မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် အကျွန်ုပ်သည် ကြံသုံးဆောင်ခြင်းကို ရပါအံ့နည်း (ဟု ပြိတ္တာက လျှောက်၏)။
၇၄၁။ ရှေးဘ၀က လူသားဖြစ်သော သင်သည် ကိုယ်တိုင် အကုသိုလ်ကံကို ပြုခဲ့ပြီ၊ ငါသည် သင့်အား ဤအကြောင်းကို ဟောကြားအံ့၊ သင်သည် ကြားနာရ၍ ဤအကြောင်းကို သိလော့။
၇၄၂။ (ရှေးဘ၀က) သင်သည် ကြံကို ခဲစားလျက် သွား၏၊ ယောက်ျားတယောက်သည်လည်း သင်၏ နောက်က အစဉ်လိုက်၏၊ ထိုယောက်ျားသည်လည်း ကြံအနည်းငယ်ကို တောင့်တလျက် သင့်အား ပြောဆို၏၊ သင်သည် ထိုယောက်ျားအား စကားတစုံတရာကိုမျှ မပြောဆို။
၇၄၃။ ထိုယောက်ျားသည်လည်း စကားမပြောသော သင့်ကို တောင်း၏၊ အရှင်ကြံအနည်းငယ်မျှ ပေးပါဟုလည်း သင့်ကို ပြော၏၊ သင်သည် ထိုသူအား ကြံကို နောက်ပြန်ပေး၏၊ ဤအကျိုးသည် ထိုကြံကို နောက်ပြန်ပေးသော ကံ၏ အကျိုးတည်း။
၇၄၄။ သင့်ကို တိုက်တွန်း၏၊ သင်သည်သွား၍ ကြံကို နောက်ပြန်ယူလေလော့၊ ယူပြီး၍ အလိုရှိတိုင်း ထိုကြံကို ခဲစားလေလော့၊ ယင်းသို့ ခဲစားသဖြင့်သာလျှင် သင်သည် နှစ်လိုရွှင်လန်း တက်ကြွသော စိတ်ရှိသည်ဖြစ်၍ ၀မ်းမြောက်ရလတ္တံ့ (ဟု မထေရ်က မိန့်ဆို၏)။
ထိုပြိတ္တာသည် ကြံတောသို့ သွား၍ ကြံကို နောက်ပြန်ယူပြီးလျှင် ထိုကြံကို အလိုရှိတိုင်း ခဲစား၏၊ ယင်းသို့ ခဲစားရသဖြင့်သာလျှင် ထိုပြိတ္တာသည် နှစ်လိုရွှင်လန်း တက်ကြွသော စိတ်ရှိသည်ဖြစ်၍ ၀မ်းမြောက်ရလေ၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment