၄၄၇။ ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင် တယောက်သည် သလေးစပါး၏ ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေဘိ၏၊ တယောက်သောသူသည် (သံတင်းပုတ်တို့ဖြင့် မိမိဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏)၊ ဤမိန်းမသည်ကား မိမိအသားအသွေးကို စား၏၊ သင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်-က မေး၏)။
၄၄၈။ (သားဖြစ်သော) ဤသူသည် ရှေးဘ၀က အမိကို ညှဉ်းဆဲခဲ့ပါ၏၊ (လင်ဖြစ်သော) ဤသူသည်ကား ကောက်ကျစ်စဉ်းလဲသော ကုန်သည်ပါတည်း၊ (ချွေးမဖြစ်သော) ဤသူသည်ကား အသားတို့ကို ခဲစားမိပါလျက် (မစားရပါဟု) မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။
၄၄၉။ အကျွန်ုပ်သည် လူ့ဘ၀၌ လူဖြစ်ခဲ့စဉ်က တအိမ်လုံးကို အစိုးရသူ အိမ်ရှင်မ ဖြစ်၍ စည်းစိမ်ဥစ္စာတို့ရှိလျက်သာလျှင် လျှို့ဝှက်ခဲ့ပါ၏၊ အကျွန်ုပ်၏ ပစ္စည်းဥစ္စာမှ တစုံတခုကိုမျှလည်း (သူတပါးအား) မပေးလှူခဲ့ပါ။
၄၅၀။ ဤဥစ္စာသည် ငါ၏ အိမ်၌မရှိ၊ ရှိလျက် လျှို့ဝှက်မိခဲ့ပါမူ ငါ၏ စားဖွယ်သည် မစင်ဖြစ်ပါစေသတည်းဟု မုသားစကားဖြင့် ဖုံးလွှမ်းပြောဆိုခဲ့ပါ၏။
၄၅၁။ ထိုမကောင်းမူကံ၏၎င်း မုသားဆိုခြင်း၏၎င်း နှစ်ပါးစုံသော ကံအကျိုးကြောင့် ကောင်းသော အနံ့ရှိသော သလေးထမင်းသည် အကျွန်ုပ်အတွက် မစင်အဖြစ်ဖြင့် ပြောင်းလဲနေပါ၏။
၄၅၂။ ကုသိုလ်အကုသိုလ်ကံတို့သည် အကျိုးမပြီးအချည်းနှီး မဖြစ်ကုန်၊ ဆည်းပူးထားသော ကံသည်(အကျိုးမပေးပဲ) မပျက်စီးသည်သာတည်း၊ မကောင်းသော အနံ့ရှိသော ပိုးလောက်ရှိသော မစင်ကို စားလည်းစားရပါ၏၊ သောက်လည်း သောက်ရပါ၏ (ဟု ကောက်ကျစ်သော ကုန်သည်မယား ပြိတ္တာမ - က လျှောက်၏)။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment