၇၆၆။ (ယောက်ျား)ကျင်ကြီးတွင်းမှတက်၍ အထီးကျန် ဆင်းရဲသူဖြစ်လျက် ရပ်တည်နေသော သင်သည် အဘယ်သူ ဖြစ်သနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမူရှိလျက် အဘယ်ကြောင့် မြည်တမ်းနေဘိသနည်း (ဟု အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်း နိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရောက်ရာ “ဒုဂ္ဂတိဘုံ”သို့ ရောက်နေရသော ပြိတ္တာ ဖြစ်ပါ၏၊ အကျွန်ုပ်သည် မကောင်းမူကို ပြုမိခြင်းကြောင့် ဤလူဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။
၇၆၈။ (ယောက်ျား) သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ် မကောင်းမူကံ၏ အကျိုးအားဖြင့် ဤဆင်းရဲသို့ ရောက်ရသနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၆၉။ အရှင်ဘုရား အကျွန်ုပ်၏ ကျောင်း၌နေသော (ကျောင်းထိုင်) ရဟန်းသည် ငြူစူတတ်သူ ဒါယကာ၌ ၀န်တိုတတ်သူ သူတပါး ပေးလှူသည်ကို တားမြစ်သောအားဖြင့် ကြမ်းတမ်းသောမစ္ဆရိယရှိသူ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်သူဖြစ်၍ အကျွန်ုပ်အိမ်၌ ပစ္စည်း တပ်မက်မောသော စိတ်ဖြင့် မပြတ် ၀င်ထွက်နေပါ၏။
၇၇၀။ အကျွန်ုပ်သည် ထိုရဟန်း၏ စကားကို ကြားရသောကြောင့် ရဟန်းတို့ကို ဆဲရေးခဲ့ဘူးပါ၏၊ ထိုကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။
၇၇၁။ (ယောက်ျား) အဆွေခင်ပွန်း မဟုတ်ပဲ အဆွေခင်ပွန်း အသွင်ဖြင့် ဖြစ်၍ သင်၏ အိမ်သို့ မပြတ် ကပ်ရောက်တတ်သော ပညာမဲ့သော ရဟန်းသည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘ၀၌ အဘယ်ဂတိသို့ ရောက်ရသနည်း (ဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏)။
၇၇၂။ အရှင်ဘုရား အကျွန်ုပ်သည် ယုတ်မာသော မကောင်းမူရှိသော ထိုရဟန်း၏ ဦးခေါင်းထက်၌သာလျှင် တည်နေပါ၏၊ ပြိတ္တာဘုံသို့ရောက်သော ထိုရဟန်းပြိတ္တာသည် အကျွန်ုပ်၏ အလုပ်အကျွေးသာလျှင် ဖြစ်ပါ၏။
၇၇၃။ အရှင်ဘုရား သူတပါးတို့စွန့်အပ်သော ကျင်ကြီးသည် အကျွန်ုပ်၏ အစာဘောဇဉ် ဖြစ်ပါ၏၊ ထိုရဟန်းပြိတ္တာသည်ကား အကျွန်ုပ်စွန့်အပ်သော ကျင်ကြီးကို စားသောက် မှီခိုလျက် အသက်မွေးရပါ၏ (ဟု ပြိတ္တာက လျှောက်၏)။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment