မယားဒဏ်
နယ်လှည့်အရောင်းသမားတစ်ယောက် ညသန်းခေါင်မှ ဟိုတယ်ကို ရောက်လာပြီး တစ်ယောက်ခန်းရှိသလားလို့ စာရေးကို မေးတယ်။
စာရေက စာရွက်ကို ဟိုလှန်သည်လှန်လုပ်နေတုန်း အရောင်းသမားက ဟိုဟိုသည်သည် မျက်စိကစားလိုက်တော့ ရွှန်းစိုလှပတဲ့ ကောင်မလေးတစ်ယောက် ဧည့်သည်ခန်းထဲမှာ ထိုင်နေတာကို မြင်တယ်။
စာရေးကိုခဏစောင့်ပါဦး ပြောပြီး ဧည့်ခန်းထဲသွားတယ်။ သူပြန်လာတော့ ကောင်မလေးနဲ့ လက်ချင်းချိတ်လို့။
“ကိုယ့်မိန်းမနဲ့ ဒီမှာလာဆုံနေတယ်ကွာ၊ ကိုယ်တို့အတွက် နှစ်ယောက်ခန်း”
နောက်နေ့မနက် ဟိုတယ်ခရှင်းတော့ ဒေါ်လာ ၃၀၀၀ကျော်ကျနေတယ်။
“ဒါက ဘာသဘောလဲ၊ ငါဒီမှာ တစ်ညပဲ အိပ်ရသေးတယ်”လို့ သူက စာရေးကို အော်ဟစ်မေးတယ်။
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆရာကတော် ဒီဟိုတယ်မျာ တည်းနေတာ သုံးပတ်ရှိနေပြီဗျ”
ဦးလေးရေ မြန်မြန်လာ
မီးရထားလမ်းမှာ အလံပြသမားအလုပ်အတွက် အန်ဒီ အင်တာဗျူး ၀င်တယ်။
အင်တာဗျူးက အဆင်ပြေပါတယ်။ ရထားနှစ်စင်း သံလမ်းတစ်ခုတည်းမှာ မျက်နှာချင်းဆိုင် မောင်းလာတာတွေ့ရရင် မင်းဘာလုပ်မှာလဲလို့ မေးတဲ့အထိပေါ့။
အန်ဒီက စဉ်းစားပြီး “ရထားတစ်စင်းကို လမ်းခွဲမှာလွှဲပေးလိုက်မယ်” ဖြေတယ်။
“တကယ်လို့ လမ်းခွဲလမ်းလွှဲ လီဗာက ကျိုးပျက်နေရင်ကောကွာ”လို့ အင်တာဗျူးမေးသူက ထပ်မေးတယ်။
“အချက်ပြလမ်းလွှဲအိမ်ကို ထုဖျက်ပြီး ရိုးရိုးလီဗာသုံးပြီး လမ်းလွှဲပါ့မယ်”
“အဲဒါလဲ လုပ်လို့မရဘူးဆိုရင်ကောကွာ”
“ဒါဆိုရင် ရွာပြန်ပြေးပြီး ဦးလေးကိုခေါ်မယ်”
အင်တာဗျူးမေးမြန်းသူ ဇဝေဇ၀ါ ဖြစ်သွားတယ်။
“ဘာကြောင့် ဦးလေးကို ပြန်ခေါ်တာလဲ”
“ရထားချင်းတိုက်တာ သူ မမြင်ဘူးသေးဘူးခင်ဗျ”
မြန်ချက်ရက်စက်
ကောင်လေး သုံးယောက် ကျောင်းဝင်းထဲမျာ သူတို့အဖေ ဘယ်လောက်မြန်သလဲ အပြိုင်ကြွားနေကြတယ်။
“ငါ့အဖေက အပြေးအရမ်းမြန်တယ်ကွ၊ မြှားပစ်လိုက်ပြီး မြားနဲ့ပြိုင်ပြေးတာ ငါ့အဖေက မြားရှေ့က ရောက်တယ်”လို့ ပထမကောင်လေးက ပြောတယ်။
“ဟားဟား ဒါလောက်ကို မြန်တယ်ထင်တယ်ပေါ့ ဟုတ်လား၊ ငါ့အဖေက မုဆိုး၊ သေနတ်ပစ်ရင် ကျည်ဆန်ထက် ရှေ့ကရောက်တယ်”လို့ ဒုတိယကောင်လေးက ဟောက်ထည့်တယ်။
တတိယကောင်လေးက သူတို့ပြောတာကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တယ်။
“မင်းတို့ကောင်တွေ လျင်မြတ်ခြင်းဆိုတာက ဘာလဲမသိကြသေးဘူး၊ ငါ့အဖေက ရုံးဝန်ထမ်း၊ ဘနေ ၄း၃၀ နာရီမှာ ရုံးဆင်းတယ်၊ ၃း၄၅ နာရီကတည်းက သူအိမ်ပြန်ရောက်နေပြီ”လို့ သူကပြောလိုက်တယ်။
မော်ဒယ်မတူဘူး
“ခင်ဗျားတို့ ကားပြင်တာက ကျုပ်တို့ ဆေးကုတာထက် ပိုက်ဆံပိုယူတယ်နော်”လို့ ဆရာဝန်က ကားမက္ကင်းနစ်ကို ပြောတယ်။
“ဟုတ်ပါတယ် ဒေါက်တာ၊ ဒါပေမဲ့ ဆရာတို့က မော်ဒယ်တစ်မျိုးတည်းပဲ ကိုင်ရတာ၊ အာဒမ်တို့ ဧ၀တို့ ကတည်းက မော်ဒယ်က မပြောင်းသေးဘူး၊ ကားတွေက နှစ်စဉ်နဲ့အမျှ မော်ဒယ်သစ်တွေက ထွက်နေတာ”
သိုးပျောက်ရှာ
စာရင်းကိုင်တစ်ယောက် ညမှာ အိပ်မပျော်တဲ့ ပြဿနာဖြစ်နေလို့ ဆေးခန်းကို သွားတယ်။
“ဒေါက်တာ ညမှာ အိပ်မပျော်လို့ပါ”
“စိတ်ကူးထဲမှာ သိုးကလေးတွေရေကြည့်တာ မလုပ်ဘူးလား”
“လုပ်ပါသော်ကောဆရာရယ်၊ ကျွန်တော့်မှာ ရေမိရင် အမှားပြန်ပြန်ရှာတာ သုံးနာရီလောက်ကြာ သွားတယ်”
ဆေးနည်း
ခြောက်သွေ့နေသလား၊ အရည်ဆွတ်ပါ။
အရည်တစိုစိုဖြစ်နေသလား၊ အခြောက်လှန်းပါ။
“တော်လိုက်တာ၊ ဒါသိရင် အရေပြားရောဂါ အထူးကုဖြစ်ပြီ”
မမှတ်မိလို့
သူဋ္ဌေးမတစ်ယောက် နှလုံးဖောက်ပြန်မူဖြစ်လို့ ဆေးရုံရောက်တယ်။ ခွဲစိတ်ခန်းစားပွဲပေါ်မျာ သေမင်းနဲ့ လက်တစ်ကမ်းအလိုကို ရောက်နေပြီ။
“ကျွန်မအချိန်ကျပြီးလား” သေမင်းကိုမြင်လို့ သူမေးပါတယ်။
“အချိန်မကျသေးပါဘူး၊ မင်း နောက်ထပ် နှစ်ပေါင်း ၄၀၊ နှစ်လနဲ့ ရှစ်ရက် အသက်ရှင်နေထိုင်ရဦးမှာပါ”လို့ သေမင်းက ဖြေတယ်။
အမျိုးသမီး မေ့ဆေးပြယ်တော့ သိပ်ကို ပျော်ရွှင်ကျေနပ်နေတယ်။ ဘ၀သစ်ပြောင်းလိုက်သလိုပဲ၊ ရှင်သန်နေထိုင်ဖို့ အချိန်တွေ အများကြီးရှိသေးတယ်။ နေရသမျှ ပျော်ပျော်ကြီး နေပစ်လိုက်မယ်။
ဒါကြောင့် ဆေးရုံကမဆင်းသေးဘဲ မျက်နှာအရေပြားတွေ တင်းတင်းရင်းရင်းဖြစ်အောင် ပြင်တယ်၊ ဗိုက်စူနေတာလည်း ချပ်ချပ်ရပ်ရပ်ဖြစ်အောင် ခွဲစိတ်ပြုပြင်တယ်။ ဆံပင်တောင်မှ အရောင်ပြောင်းပြီး ဆေးဆိုးပစ်လိုက်တယ်။
တစ်ကိုယ်လုံးကြော့မော့နေအောင် ခွဲစိတ်ကုသပြင်ဆင်ပြီး ဆေးရုံကဆင်းတယ်။ အိမ်အပြန်လမ်းဖြတ်အကူးမှာ ကားတိုက်ခံရလို့ သေပါလေရော။
သေမင်းနဲ့တွေ့တော့ သူက ရန်လုပ်တာပေါ့။
“ရှင်ပြောတော့ နောက်ထပ် နှစ် ၄၀ကျော်နေရဦးမယ်ဆို၊ ဘာဖြစ်လို့ ကားတိုက်မယ့်ဘေးက ရှင်မကယ်ထုတ်တာလဲ”
“မင်းပုံက ပြောင်းသွားတော့ ငါမမှတ်မိဘူး”လို့ သေမင်းက ဖြေတယ်။
လူနာရှင်မှတ်လို့
အမျိုးသမီးတစ်ယောက်က မဲလ်ဘုန်းဆေးရုံကို ဖုန်းခေါ်ပြီး “ဟယ်လို၊ ကျွန်မ လူနာတစ်ယောက်ရဲ့ အခြေအနေသိချင်လို့ပါ၊ သူသက်သာရဲ့လား”လို့ မေးတယ်။
ဖုန်းလက်ခံတဲ့တစ်ဖက်က “လူနာရဲ့အမည်နဲ့ အခန်းနံပါတ်ပြောပါ”
“သူ့နာမည် ဆာရာဝီလျံ၊ အခန်း ၃၀၂”
“မစ္စတာဝီလျံ အခြေအနေအရမ်းကောင်းပါတယ်၊ ထမင်းနှစ်နပ်လုံး ကောင်းကောင်းစားတယ်၊ သွေးပေါင်ချိန်လဲ ကောင်းတယ်၊ ခဏနေရင် သူ့နှလုံးခုန်နူန်းစက်နဲ့တိုင်းမယ်၊ ဒီအတိုင်းသာ တိုးတက်မူရှိနေလို့ကတော့ သူ့ကို အင်္ဂါနေ့မှာ ဒေါက်တာချိုက ဆေးရုံက ဆင်းခွင့်ပေးမယ်”
“ဘုရားသခင်ကျေးဇူးတော်ကြောင့်ပါပဲ၊ အလိုလေး၊ အံ့သြဖို့ ကောင်းလိုက်တာ၊ မယုံနိုင်စရာ၊ ၀မ်းသာစရာ သတင်းကောင်းပါပဲရှင်”
“ခင်ဗျား အကြင်နာတရား သိပ်ရှိတဲ့သူပါပဲ၊ ခင်းဗျားက သူ့မိသားစုဝင် ဒါမှမဟုတ် အင်မတန် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ရမယ်”
“အခန်း ၃၀၂ က ဆာရာဝီလျံ ကိုယ်တိုင်ပါပဲ၊ ဒေါက်တာချိုက အခြေအနေကို တစ်ခွန်းမှ မဟဘူးရှင့်”
နားဝင်မချို
သင့်ကို ခွဲစိတ်ကုသနေတဲ့အချိန်မှာ သင်မကြားချင်ဆုံး အသံများ။
၁။ ဟာ!
၂။ မနေ့ညက ပါတီသွားကဲတာ ဘယ်လောက်သောက်ခဲ့မိလဲမသိတော့ဘူး။
၃။ ဒုက္ခပဲ၊ ခွဲစိတ်ကုထုံးစာအုပ် စာမျက်နှာ ၄၇ အလွတ်ရနေတယ်။
၎။ ဒါတော့ ယူသိမ်းထားဖို့ လိုမယ်။ ဘာကြောင့် သေဆုံးလဲဆိုတဲ့ အစီရင်ခံစာမှာ လိုလိမ့်မယ်။
၅။ လုပ်ပါဟ၊ လုပ်ပါဦးဟ၊ ခွေးမသားရ။
၆။ ခဏစောင့်၊ အဲဒါသရက်ရွက်ဟုတ်ရဲ့လား။ မဟုတ်ရင် ဘာကြီးလဲ။
၇။ ပေး ပေး ပေးစမ်းပါ မြန်မြန်။
၈။ ပိုးသတ်ရဲ့လား။ ကြမ်းပြင်ကို ပိုးသတ်ထားတာသေချာတယ်နော်။
၉။ သည်လူနာမှာ သားသမီး ပေါက်စတွေရှိဦးမယ် ထင်တာပဲ။
၁၀။ မပူပါနဲ့။ ငါလုပ်တာမှန်မှာပါ။
၁၁။ သေချာကိုင်ပါဟ။
လူလုံးပြတဲ့အလုပ်
ဆပ်ကပ်အဖွဲ့ထဲမှာ လိုနေတဲ့ နေရာလုပ်ဖို့ လူတစ်ယောက်ကို ခေါ်ထားတယ်။
သူ့အလုပ်က ပြပွဲကွင်းထဲမှာ ဆင်ကြီးတွေနောက်ကလိုက်ရပြီး ဆင်ကြီးတွေ အီးအီးပါချရင် ဂေါ်ပြားနဲ့ကောက်ပြီး ကျုံးရတာ။
ပင်ပန်းခက်ခဲတဲ့ အလုပ်ချိန်မှာ အခြားအလုပ်သမားတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူ့အလုပ်ဟန်မကျပုံကို ညည်းတွားတယ်။
“တော်တော်ဒုက္ခကြီးတဲ့ အလုပ်ပဲဗျာ၊ အတ္တဘောကြီးတွေနောက်က လျှောက်လိုက်နေရပြီး သူတို့စွန့်ပစ်သမျှ ကိုယ်ကလိုက်သိမ်းနေရတယ်၊ လက်မောင်းတွေလဲအောင့်လှပြီ၊ ဖိနပ်တွေ၊ ဘောင်းဘီတွေလဲ ပေပွနေတာ မြင်မကောင်းတော့ဘူး”
သူ့သူငယ်ချင်းတွေက သူနဲ့သဘောချင်းတူကြပါတယ်။
“ဟုတ်တာပေါ့၊ ခင်ဗျား ဒီအလုပ်ကထွက်ပြီး ကိုယ်နဲ့ကိုက်တဲ့ အခြားအလုပ်ပြောင်းပါ့လား”
သူတို့ကို စူးစူးစိုက်စိုက်ပြန်ကြည့်ပြီး
“ခင်ဗျားတို့ပြောတာလဲ မှန်ပါရဲ့၊ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ ကျွန်တော် ပရိသတ်ကြီးနဲ့ ခွဲခွာမသွားနိုင်ဘူးဗျာ” တဲ့။
No comments:
Post a Comment