ဘဲဥမက မုန့်တွေလုပ်ယူလာပြီး သူငယ်ချင်းတွေကိုကျွေးတယ်။
မုန့်လုံးရေပေါ် အုန်းသီးဆန်ဖြူးထားတာ။ စားရတာ အရသာရှိတယ်။
မုန့်လုံးရေပေါ်ကို ခက်ရင်းနဲ့ထိုးပြီးစားရတာ ။
ခက်ရင်းက သုံးချောင်းတည်းမို့ လက်မလည်ဘူး။
မဲတူက သူ့လက်ထဲကခက်ရင်းကို မချဘဲ မုန့်လုံး တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲ သွတ်နေတယ်။
"အင်း၊ ခက်ရင်းရလိုမှုနဲ့ တရားစွဲတောင်းရမဲ့ပုံဖြစ်နေပြီ" လို့ ကျွဲမက ဟာသဖောက်မှ မဲတူ လက်ထဲကခက်ရင်းကိုချတယ်။
"အများနဲ့စားသောက်တဲ့နေရာမှာ ကိုယ့်အတ္တကြီး ပြူးခနဲ မထွက်ဖို့ လိုတယ်ကွ" ဆိုပြီး လန်ဘားကပြောပါတယ်။
ရွှီးကတော့ သူ့ထုံးစံအတိုင်း ပုံပြင်ပြောဖို့ ပါးစပ်သုတ်နေပြီ။
“တစ်ခါကပေါ့ကွာ၊ ဆရာက ဒီမှာ ကိတ်မုန့်တစ်လုံးရှိတယ်။ စားမယ့်သူက အယောက် ၂၀ ရှိတယ်ဆိုပါစို့။ဘယ်လိုခွဲဝေကြမှာလဲ လို့မေးရင်း လက်ထဲကကိတ်မုန့်ကို စားပွဲပေါ်ချတယ်။ စာသင်ခန်းထဲက ကျောင်းသားတွေ မျက်နှာကို တစ်ဦးချင်းလိုက်ကြည့်တယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ကျောင်းသားတစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်ပြီး အလယ်ကနေ နှစ်ခြမ်းအရင်ခြမ်းမယ်၊ ပြီးတော့ တစ်ခြမ်းကို ၁၀ စိတ်စီ အညီအမျှရအောင်စိတ်မယ်လို့ ပြောတယ်၊ ဆရာက သင်ပုန်းပေါ်ရေးမှတ်လိုက်တယ်
"အေးလေ ဘာခက်တာမှတ်လို့"
"ဆိုလိုချင်တာက တူညီတဲ့အစိတ် ၂၀ ရအောင်ပိုင်းမယ်ဆိုပါတော့ လို့ ဆရာက မေးတယ်။ ခပ်၀၀ ကျောင်းသားတစ်ယောက်ကတော့ ကျွန်တော်ကတော့ ဒီလိုမခွဲဘူးလို့ပြောတယ်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး၊ သူက ပျော်တတ်ပုံရတယ် "
" ............ "
"ကိုယ်ခန္ဓာအချိုးအစားအလိုက် ခွဲမယ်၊ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ် ဆိုတော့ တစ်တန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြတယ်၊ အတန်းက ပိုပြီး အသက်ဝင်လာတယ်တဲ့ "
" ဒီလိုခွဲရင်တော့ ကျွဲမ က များများစားရမှာပဲ "
"မိန်းကလေးတစ်ယောက်က ဘယ်ဟုတ်မှာလဲဆရာ၊ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးပေးရမယ်၊ ယောက်ျားလေးတွေက အစိတ်သေးသေး ယူရမယ်လို့ ခပ်သွက်သွက်ဝင်ပြောတော့ အမျိုးသမီးအုပ်စုက ဟုတ်တယ်၊ဟုတ်တယ် လို့ ၀ိုင်းအော်ကြတယ် "
"ဘဲဥမတို့ဝပြီပေါ့ "
"ဟစ်ပ်ဟော့စတိုင်ပေါက်နေတဲ့ ကျောင်းသားတစ်ယောက်ကဟာ ဒီလိုပြောကြေးဆိုရင် အသက်ပေါ်မူတည်ပြီး ခွဲသင့်တာပေါ့၊ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီးစားဖူးလို့ နည်းနည်းပဲယူသင့်တယ်၊ ငယ်တဲ့သူတွေက များများယူရမယ်၊ သာမန်အားဖြင့်ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင်ဆက် အသက်ရှင်နေရဦးမယ်၊ မဟုတ်လား၊ သူတို့ကို ဦးစားပေးသင့်တယ်လို့ အားကျမခံပြောလိုက်ပြန်တယ်"
"ဒါလဲ ဟုတ်သလိုလိုပဲ "
"ထိပ်ပြောင်ပြောင်နဲ့ ကျောင်းသားတစ်ယောက်က ကပျာကယာကန့်ကွက် လိုက်တာကတော့ -
“ဟေ့ ဟေ့ မောင်ရင်ပြောတာက ပြောင်းပြန်တွေဖြစ်နေပြီ၊ အသက်ကြီးတဲ့သူတွေကို အရိုအသေပေးတဲ့အနေနဲ့ ပိုပြီးများများပေးသင့်တာ မဟုတ်လား တဲ့၊ မျက်မှန်ထူထူ တပ်ထားတဲ့ကျောင်းသားတစ်ယောက်က လက်ကိုခါရမ်းလိုက်ပြီး တစ်ခုမှမဟုတ်သေးဘူး ထင်တယ်ဆရာ၊ ဦးစားပေးတယ်ဆိုရင်လဲ ဘယ်သူ့ကိုပဲပေးပေး စားနိုင် မစားနိုင် သိဖို့ကလိုသေးတယ်၊ မကြိုက်တဲ့သူက ရှိအုံးမယ်။ ဘယ်သူစားချင်သလဲ၊ ဘယ်လောက်စားနိုင်သလဲမေးပြီးမှ လိုသလိုခွဲပေးတာကောင်းမယ် ထင်ပါတယ်၊ နို့မဟုတ်ရင် အလဟဿတွေဖြစ်ကုန်မှာစိုးရတယ်လို့ ပြောပြန်တယ်"
"အဲဒီလိုမေးရင် မဲတူက သူပဲစားချင်တယ်၊ သူတစ်ယောက်တည်း အကုန်စားနိုင်တယ်လို့ ပြောပြီး အားလုံးသိမ်းကျုံးစားသွားမှာပဲ"
" ဆရာကတော့ ပြောသမျှနည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးတယ်၊ ဟုတ်လာပြီ၊ ဆက်စဉ်းစားကြပါအုံးလို့ တပည့်တွေကို တိုက်တွန်းတယ်"
"စားနည်းသင်ပေးတာလား"
"အနွေးထည်ထူထူဝတ်ထားပြီး အခန်းထောင့်မှာ ခပ်ကုတ်ကုတ်လေးထိုင်နေတဲ့ ကျောင်းသားတစ်ယောက်က လက်ထောင်လိုက်ပြီး ကျွန်တော်စဉ်းစားမိတာပြောပါရစေ လို့ခွင့်တောင်းတယ်။ သူစကားပြောရင် တုံ့နှေးနှေးနိုင်လှတယ်၊ သူ့ဆီက စကားသံထွက်လာဖို့ အချိန်နည်းနည်းစောင့်ရတယ်"
" ........... "
"ကိတ်မုန့်မှာ သစ်သီးအချို့လဲပါနေတယ်၊ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာ သစ်သီးပါမှာမဟုတ်ဘူး၊ နောက်တစ်ခုက ပဲ့တာ ရွဲ့တာတွေလဲဖြစ်နိုင်တယ်၊ စားချင်သူစားနိုင်တိုင်း လိုသလိုခွဲပေးရင် မျှတဖို့ခက်တယ်ဆရာ၊ ကျွန်တော်ကတော့ လုပ်အားစိုက်ထုတ်တဲ့အပေါ်မူတည်ပြီး ခွဲချင်ပါတယ်တဲ့၊ ဆရာက ဟုတ်ပြီ၊ ဒီတော့ ဆိုပြီး စကားထောက်ပေးတယ်၊ ဒီကိတ်မုန့်ကို သယ်လာရတဲ့သူ၊ ခွဲဝေပေးဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေဆေးကြောပေးရတဲ့လူ၊စားသောက်ပြီးရင် သန့်ရှင်းရေး အမှိုက်ပစ်ပေးလုပ်တဲ့လူ စတဲ့လူတွေဟာ ကိတ်မုန့်ခွဲဝေတဲ့ကိစ္စမှာ ကမကထလုပ်ပြီး လုပ်အားစိုက်လို့ သူတို့လိုချင်တဲ့အပိုင်းကို အရင်ရွေးခွင့်ပေးသင့်ပါတယ် ဆရာ လို့ ဆက်ပြောတယ်"
"လုပ်အားနဲ့ခွဲရင်တော့ မဲတူတို့ ဘိတ်ဆုံးဖြစ်မယ်"
"တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်ကဟာ ဒါဆိုရင် ရှေ့လူတွေ အကြိုက်ဆုံး အကောင်းဆုံးတွေယူသွားပြီး အခြားလူတွေအတွက် မကျန်ရင် ဘယ်လိုလုပ်မှာလဲ လို့ ထအော်တယ်။ ဆရာ ကတော့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ချရေးလိုက်ပြန်တယ်"
"တော်တော်စဉ်းစားသင့်တာပဲ"
"ဆရာက ဒီလောက်ဆိုရင် စဉ်းစားကြတာ လုံလုံလောက်လောက်ရှိပါပြီ၊ အားလုံးပြောထားတာတွေ ခြုံကြည့်လိုက်ရင် ဒီလိုမှတ်ချက်ချရမယ်၊ ပထမဆုံးပြောရမှာတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက်မလွယ်ဘူး"
"ဟုတ်တယ်"
"ဆရာပြောတော့ ကျောင်းသားတွေ ၀ါးခနဲ ရီကြတယ်၊ အညီအမျှဖြစ်ခြင်းနဲ့ မျှတခြင်းဆိုတာ မတူဘူး၊ မတူညီတဲ့အခြေခံတွေပေါ်ကို အညီအမျှသွားလုပ်လိုက်လို့ မမျှမတဖြစ်သွားတာတွေရှိတတ်တယ်၊ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ဘဲ ခွဲဝေရတာတွေလဲရှိတယ်၊ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့လိုသလို လုပ်အားစိုက်ထုတ်မှုကိုလဲ ထည့်တွက်ရမယ်၊ အလေအလွင့်မရှိအောင်လဲ တွက်ချက်ရမယ်၊ အဲဒီလိုမျှတအောင် လုပ်ရမဲ့စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းချလိုက်တဲ့နည်းထက် ပိုရှုတ်ထွေးတယ်၊ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွားနဲ့လဲ ယှဉ်တွဲနေတတ်တယ်၊ အလွဲသုံးစားမလုပ်စေဖို့လဲ လိုတယ်။
ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့်ရှိဖို့လဲလိုမယ်။ နောက်ထပ် ဘာတွေရှိဦးမှာလဲ ဆက်စဉ်းစားကြတာပေါ့။
ဒီနေ့တော့ ဒါလောက်ပါပဲ၊ ဆရာဝယ်လာတဲ့ကိတ်မုန့်ကို လက်တွေ့တကယ်စားကြဦးလို့ ဆရာက ရယ်သံစွက်ကာပြောရင်း ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးမှာ ချပေးတယ်၊ ကဲ တရားအမျှတဆုံးဖြစ်အောင်ခွဲပြီးစားကြပေတော့၊ ဆရာဖို့လဲ တစ်စိတ်ချန်ထားဦးနော် ဆိုတော့ ကျောင်းသားတွေ ပျော်ရွှင်ရယ်မောကြသတဲ့"
(ကျောင်းသားဘ၀အတွေ့အကြုံကို ဆင့်ပွားခံစားတင်ပြေပေးလိုက်တဲ့ ပန်ဒိုရာကို ကျေးဇူးတင်ပါတယ်)

Tuesday, 4 October 2011
ဘယ်လိုခွဲဝေမလဲ (အတွေးအမြင်ပုံပြင်)
ဖေလင်းသစ်
အမျိုးအစား/ကဏ္ဍ
ပုံပြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment