၄၃၉။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ်ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ ကောင်းကင်ခရီးဝယ် တဆယ့်ငါးရက်လပြည့်နေ့၌ ထွက်သော လမင်းကဲ့သို့ ထိုဗိမာန်ထက်၌ နေဘိ၏။
၄၄၀။ သင်၏ အဆင်းသည် ရွှေအဆင်းနှင့် တူသည်ဖြစ်၍ ဦးသစ်သော သိင်္ဂီရွှေကဲ့သို့ တင့်တယ်လျက် အလွန် လျှင် ရူချင်ဖွယ်ရှိလှပါပေ၏၊ သင်သည် အတုမရှိမြတ်သော သူတို့အားသာ ထိုက်တန်သော ပလ္လင်မြတ်၌ တယောက်တည်းဖြစ်လျက် နေဘိ၏၊ သင့်အား လင်ယောက်ျားမရှိခဲ့လေယောင်တကား ၁။
၄၄၁။ နတ်သမီး သင်၏ ဤရေကန်တို့သည် ထက်ဝန်းကျင် များသောပန်းရှိကုန်၏၊ များသော ပဒုမာကြာရှိကုန်၏၊ ရွှေသဲမူန်တို့ဖြင့် ထက်ဝန်းကျင်ရောပြွမ်းကုန်၏၊ ထိုရေကန်တို့၌ ညွှန်သည်၎င်း မှော်သည်၎င်း မရှိပေ။
၄၄၂။ ရူချင်ဖွယ်ရှိ၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်ကုန်သော ဤဟင်္သာတို့သည်လည်း ဥတုအားလုံးတို့၌ ရေအပြင်ဝယ် လှည့်လည်ကုန်၏၊ အလုံးစုံသော ဟင်္သာတို့သည် ပေါင်းစပ် စုဝေးကြကုန်၍ နတ်စည်သံကဲ့သို့ သာယာလုံးစည်းသော အသံကို တွန်ကျူးကြကုန်၏။
၄၄၃။ ကျော်စောသတင်းပျံ့နှံ့ခြင်းရှိသော နတ်သမီး သင်သည် နတ်တန်ခိုးဖြင့် ထွန်းလင်း တောက်ပလျက် ရေ၏အလယ် တင့်တယ်သော လှေ၌ မှီ၍ တည်နေဘိ၏၊ ကော့၍ - (၁။ ကုသိုလ်ကောင်းမူကြောင့် နတ်သမီးကဲ့သို့ဖြစ်သော်လည်း အကုသိုလ်ကံကြောင့် တယောက်တည်း နှစ်ပေါင်းများစွာ နေရသည်ဟူ၏။) ရှည်လျားသော မျက်တောင်ရှိလျက် ပြုံးရွှင်၍ ချစ်ဖွယ်သော စကားကို ပြောဆိုတတ်သော အလုံးစုံ အင်္ဂါကြီးငယ်တို့ဖြင့် ကောင်းမြတ်သော သင်နတ်သမီးသည် အလွန်နှစ်သက်စဖွယ် တင့်တယ်လှပပါပေ၏။
၄၄၄။ ဤဗိမာန်သည် အပြစ်ကင်းလျက် ညီမျှသော မြေအဘို့၌ တည်၏၊ နန္ဒ၀န်ဥယျာဉ်နှင့်တူသော ဤဥယျာဉ်သည် မွေ့လျော်ခြင်း နှစ်သက်ခြင်းကို တိုးပွါးစေပါ၏၊ အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၍ ရူမငြီးသော မိန်းမပျို ငါသည် သင်နှင့်အတူတကွ ဤနန္ဒ၀န်ဥယျာဉ်၌ မွေ့လျော်လိုပါ၏ (ဟု လုလင်ကဆို၏)။
၄၄၅။ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုပါလော့၊ ဤနတ်ဗိမာန်၌ သင်၏ စိတ်ကိုလည်း ညွတ်ပါလော့၊ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုသည်ရှိသော် ဤသို့ပြုခြင်းအားဖြင့် အလိုရှိတိုင်း ခံစားရသော ငါ့ကို သင်သည် ရလတ္တံ့ (ဟု ပြိတ္တာမ-က ပြော၏)။
၄၄၆။ ထိုလုလင်သည် ထိုဝိမာနပြိတ္တာမ၏ စကားကို ကောင်းပြီဟု ၀န်ခံ၍ ထိုဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြု၏၊ ထိုဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုခြင်းကြောင့် ထိုလုလင်သည် ထိုပြိတ္တာမ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။
ဒုတိယဘာဏ၀ါရပြီး၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment