ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 4 October 2011

၂ - သာဏ၀ါသီထေရပေတ၀တ္ထု

၄၀၈။ မကောင်းမူမှ ငြိမ်းအေးစေပြီးသော ပွားများပြီးသော ဣနြေ္ဒရှိသော ကုဏ္ဍိမြို့သား ပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။

၄၀၉။ ထိုသာဏ၀ါသီမထေရ်၏ အမိအဖ အစ်ကိုတို့သည် မကောင်းမူကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှ ပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။

၄၁၀။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ ပင်ပန်းသော ကိုယ်စိတ်ရှိသူ အ၀တ်မရှိသူ ပိန်ချုံးသူ ထိတ်လန့်ကြောက်ရွံ့ကြသူ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမူ ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြ၀ံ့ကြကုန်။

၄၁၁။ ထိုသာဏ၀ါသီမထေရ်၏ အစ်ကိုလည်း အ၀တ်မပါဘဲ ခြေတဖ၀ါး သွားရာရှိသော လမ်းကျဉ်း၌ အဆောတလျင် တယောက်တည်း လေးဘက်ထောက်သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။

၄၁၂။ မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာသည်လည်း (ဤသို့) မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာဘုံသို့ ရောက်နေရပါ၏။

၄၁၃။ အရှင်ဘုရား သင်၏ အမိသည်၎င်း အဖသည်၎င်း မကောင်းမူကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။

၄၁၄။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိအဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ ပင်ပန်းသော ကိုယ်စိတ်ရှိသူ အ၀တ်မရှိသူ ပိန်ချုံးသူ ထိတ်လန့်ကြောက်ရွံ့ကြသူ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမူ ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြ၀ံ့ကြကုန်။

၄၁၅။ အရှင်ဘုရား သနားခြင်း ရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဘို့ကို ရည်ညွန်း ပေးဝေပါလော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမူရှိသော မိဖတို့သည် မျှတာကပါကုန်လတ္တံ (ဟု အစ်ကိုပြိတ္တာက ပြော၏)။

၄၁၆။ သာဏ၀ါသီ မထေရ်သည်၎င်း အခြားရဟန်း တဆယ့်နှစ်ပါးတို့သည်၎င်း ဆွမ်းခံ လှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တပေါင်းတည်း စုဝေးကြကုန်၏။

၄၁၇။ သာဏ၀ါသီမထေရ်သည် ရဟန်းတို့အား “အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာအား ဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏”ဟု ပြောဆို၏။

၄၁၈။ တကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏ၀ါသီ မထေရ်အား ရသမျှဆွမ်းကို လှူဒါန်း ဆောင်နှင်းကြကုန်၏၊ သာဏ၀ါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏ၀ါသီမထေရ်သည် ပေးလှူပြီးလတ်သော် “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအား၎င်း အဖအား၎င်း အစ်ကိုအား၎င်း အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေ၏။

၄၁၉။ ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ် မွန်မြတ်၍ အရာသာနှင့် ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့်ယှဉ်သော ဘောဇဉ်သည် ဖြစ်ပေါ်လာတော့၏။

၄၂၀။ ထို့နောက် အစ်ကိုသည် အဆင်း ခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်းရှိသည် ဖြစ်၍ ကိုယ်ထင် ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ (သို့သော်) ကြည့်တော်မူပါဦးလော့၊ အကျွန်ုပ်တို့သည် အ၀တ်မဆည်း အချည်းနှီးသာဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့ အ၀တ်ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦးလော့ (ဟု အစ်ကို ပြိတ္တာက သာဏ၀ါသီမထေရ်ကို လျှောက်ပြန်၏)။

၄၂၁။ သာဏ၀ါသီမထေရ်သည် အမိုက်ပုံမှ အနားပြတ်သော ပုဆိုးအပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်း သင်္ကန်းပြုလျက် စတုဒ္ဒိသာ သံဃာအား ပေးလှူ၏။

၄၂၂။ သာဏ၀ါသီမထေရ်သည် သင်္ကန်းပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအား၎င်း အဖအား၎င်း အစ်ကိုအား၎င်း အလှူ၏အဘို့ကို ရည်ညွှန်းပေးဝေ၏။

၄၂၃။ ရည်ညွှန်းပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အ၀တ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက် အစ်ကိုပြိတ္တာသည် ကောင်းသော အ၀တ်ကို ၀တ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။

၄၂၄။ နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အ၀တ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့၏ အ၀တ်ပုဆိုးတို့သည် ထိုအ၀တ်တို့ထက် များပါကုန်၏။

၄၂၅။ ပိုးကမ္ဗလာထည်တို့သည်၎င်း ခေါမထည် ၀ါချည်ထည်တို့သည်၎င်း အလျားအနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဘိုးများစွာလည်း ထိုက်ပါကုန်၏၊ ထို အ၀တ်တို့သည်လည်း ကောင်းကင်၌သာ တွဲရရွဲ ကျကုန်၏။

၄၂၆။ ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အ၀တ်ကို ၀တ်ဆင်ရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦးလော့(ဟု လျှောက်ပြန်၏)။

၄၂၇။ သာဏ၀ါသီမထေရ်သည်သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ သာဏ၀ါသီမထေရ်သည် ပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအား၎င်း အဖအား၎င်း အစ်ကိုအား၎င်း အလှူ၏အဘို့ကို ရည်ညွှန်း ပေးဝေတော်မူ၏၊

၄၂၈။ ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ်မွန်းချွန် အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

၄၂၉။ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘောရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါကုန်၏။

၄၃၀။ အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကိုရနိုင်လောက်သော အခြင်းအရာအားဖြင့် လုံ့လပြုတော်မူပါဦးလော့ (ဟု လျှောက်၏)။

၄၃၁။ သာဏ၀ါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒသာ သံဃာအား ပေးလှူ၏။ မထေရ်သည် ရေပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအား၎င်း အဖအား၎င်း အစ်ကိုအား၎င်း အလှူ၏ အဘို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

၄၃၂-၃။ ရည်ညွှန်းပေးတော်မူပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား သောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်းရှိကုန်သော အေးမြ၍ မွှေးပျံ့သင်းကြိုင်လှိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

၄၃၄-၅။ ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏ၀ါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရား သောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့သည် ကျင်နာပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်ရှိသော သမန်းမြတ် ဆူးငြောင့်ရှိသော အရပ်၌ လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦးလော့ (ဟု လျှောက်ကြကုန်၏)။

၄၃၆။ သာဏ၀ါသီမထေရ်သည် တလွှာတထပ်သာရှိသော ဘိနပ်ကိုရ၍ စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ “ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ”ဟု အမိအား၎င်း အဖအား၎င်း အစ်ကိုအား၎င်း အလှူ၏ အဘို့တို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

၄၃၇။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုး ပြိတ္တာတို့သည် ရထားဖြင့် မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့်၎င်း အ၀တ်ပုဆိုးကို လှူခြင်းဖြင့်၎င်း -

၄၃၈။ အိမ်ကို လှူခြင်းဖြင့်၎င်း သောက်ရေကို လှူခြင်းဖြင့်၎င်း ယာဉ်(ဘိနပ်)ကို လှူခြင်းဖြင့်၎င်း (ယာဉ်ကိုပေးလှူခြင်း ထမင်းစသည့် ပစ္စည်းလေးပါးကိုပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရာသည် အကျွန်ုပ်တို့ကို သနား ချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက်ကြပါကုန်၏ (ဟု လျှောက်ကုန်၏)။

နှစ်ခုမြောက်သော သာဏ၀ါသီထေရပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment