ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 4 October 2011

၇ - မိဂလုဒ္ဒကပေတ၀တ္ထု

၄၇၈။ (သင်သည် ညဉ့်အခါဝယ်) ပျိုမျစ်နုနယ်၍ နတ်သားနတ်သမီးတို့ ခြံရံခစားလျက် တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် တင့်တယ်ဘိ၏၊ နေ့အခါ၌မူကား သတ်ဖြတ်ညှဉ်းဆဲခြင်းကို ခံရ၏၊ (သင်သည်) ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း(ဟု အသျှင်နာရဒ-က မေး၏)။

၄၇၉။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့် ကာရံသော ရာဇဂြိုဟ်မြို့၌ သွေးစွန်းသော လက်ရှိသူ ကြမ်းကြုတ်သူ သာသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

၄၈၀။ ဆန့်ကျင်ဖက် မပြုလုပ်တတ်ကုန်သော အသက်ရှိကုန်သော များစွာသော သားငှက်စသည်တို့၌ ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ရှိလျက် အခါခပ်သိမ်း အလွန်ကြမ်းကြုတ်သည်ဖြစ်၍ လှည့်လည်ခဲ့ပါ၏၊ သူတပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ ကိုယ်နူတ်ကို မစောင့်စည်းခဲ့ပါ။

၄၈၁။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံးရှိပါ၏၊ ယုံကြည်မူ “သဒ္ဒါ” ရှိသူဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်းသည်လည်း အကျွန်ုပ်ကို သနားစောင့်ရှောက်သည် ဖြစ်၍ (မကောင်းမူမှ) အဖန်ဖန် တားမြစ်ခဲ့ပါ၏။

၄၈၂။ အဆွေး မကောင်းသော ကံကိုမပြုပါလင့်၊ မကောင်းသော လားရာ “ဒုဂ္ဂတိ”သို့ မသွားပါလင့်၊ တမလွန် ဘ၀၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမူဖြစ်သော အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလော့ (ဟု တားမြစ်၏)။

၄၈၃။ အကျွန်ုပ်သည် ချမ်းသာကို လိုလားသော အစီးအပွါးဖြင့် အစဉ်စောင့်ရှောက်သော ထိုသူငယ်ချင်း၏ စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စါာသော ကာလပတ်လုံး မကောင်းမူ၌ အလွန်မွေ့လျော်ကာ အသိဉာဏ် ပညာမရှိသည်ဖြစ်၍ ထိုသူငယ်ချင်း၏ အဆုံးအမ အားလုံးကို မလိုက်နာ မပြုကျင့်မိခဲ့ပါ။

၄၈၄။ မြေကြီးအထုနှင့် တူသော ကောင်းသော ပညာရှိသော ထိုသူငယ်ချင်းသည် အကယ်၍ သင်သည် နေ့အခါ၌ သတ္တ၀ါတို့ကို သတ်မူ ညအခါ၌ စောင့်စည်းမူ ဖြစ်ပါစေလော့ဟု အကျွန်ုပ်ကို အစဉ်သနားသဖြင့် စောင့်စည်းမူ၌ နောက်ထပ် တဖန်သက်ဝင်စေ၏။

၄၈၅။ ထိုအကျွန်ုပ်သည် သတ္တ၀ါတို့ကို နေ့အခါ၌ သတ်၍ ညအခါ၌ (သတ်ခြင်းမှ) ရှောင်ကြဉ် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏ ထို့ကြောင့် အကျွန်ုပ်သည် ညဉ့်အခါ၌ မွေ့လျော် ခံစားရပါ၏၊ နေ့အခါ၌မူ ဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။

၄၈၆။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူ ခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ဖြစ်၍သာလျှင် ခဲစားရန် ထက်ဝန်းကျင်မှ ပြေးလာကြပါကုန်၏။

၄၈၇။ အကြင်သူတို့သည်ကား မြတ်စွာဘုရားသာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲယှဉ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်းရှိကုန်၏၊ ထိုသူတို့သည် လောကီချမ်းသာနှင့် မဖက် သက်သက် အကြောင်းတရားကို မပြုပြင်အပ်သော သေခြင်းကင်းသော နိဗ္ဗာန်ကိုသာလျှင် ရကုန်၏ဟု ထင်မှတ်ပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။

ခုနှစ်ခုမြောက်သော မိဂလုဒ္ဒကပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


No comments:

Post a Comment