ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 9 October 2011

၃ - နန္ဒကပေတ၀တ္ထု

၆၅၈။ သူရဋ္ဌတိုင်း၏ အရှင်ဖြစ်သော ပိင်္ဂလကမည်သော မင်းသည် မောရိယမင်းတို့အား ခစားရန်သွားပြီးလျှင် သူရဋ္ဌတိုင်းသို့ တဖန် ပြန်လာခဲ့ပြီ။

၆၅၉။ ပိင်္ဂလကမင်းသည် မွန်းတည့်ချိန် နေပူပြင်းသော အခါဝယ် နူးညံ့သော မြေအပြင်သို့ ချဉ်းကပ်မိလေသော် ပြိတ္တာတို့ ဖန်ဆင်းအပ်သော မွေ့လျော်ဖွယ်ရာ သဲမြေလမ်းခရီးကို မြင်လေပြီ။

၆၆၀။ ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို “ဤလမ်းခရီးသည် မွေ့လျော်ဖွယ်ရှိ၏၊ ဘေးမရှိမူ၍ ချမ်းသာသည်၏ အဖြစ်ကို ရွက်ဆောင်တတ်၏၊ ဥပဒ္ဒဝေါ မရှိ၊ ရထားထိန်း ဤလမ်းခရီးဖြင့် ဤအရပ်မှ သူရဋ္ဌတိုင်းသို့ သွားကြကုန်အံ့”ဟု မိန့်ဆို၏။

၆၆၁။ သူရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်နှင့်တကွ (ပြိတ္တာ ဖန်ဆင်းသော) ခရီးဖြင့် သွားလေ၏၊ (ထိုအခါ) နောက်ပါ ယောက်ျား တယောက်သည် ထိန်လန့်သော သဘောရှိသည်ဖြစ်၍ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသား ဤစကားကို လျှောက်၏။

၆၆၂။ “အရှင်မင်းမြတ် အကျွန်ုပ်တို့သည် ကြောက်မက်ဖွယ် ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်း ထစေနိုင်လောက်သော ခရီးမှားကို သွားနေကြပါကုန်၏၊ ရှေ့ (သွားရမည်) ခရီးကိုသာ တွေ့မြင်ရပါ၏၊ နောက် (သွားပြီး)ခရီးကိုမူကား မတွေ့မြင်ရပါ။

၆၆၃။ အကျွန်ုပ်တို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြပါကုန်၏၊ ပြိတ္တာတို့၏ ကိုယ်နံ့သည် လှိုင်ပါ၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရပါကုန်၏” (ဟု လျှောက်၏)။

၆၆၄။ သူရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ထိတ်လန့်ရကား ရထားထိန်းအား ဤစကားကို ဆို၏၊ “ရထားထိန်း ငါတို့သည် ကြောက်လန့်ဖွယ်ဘေးကို ဖြစ်စေတတ်သော ကြက်သီးမွေးညင်း ထစေနိုင်လောက်သော ခရီးမှားကို သွားနေကြကုန်၏၊ ရှေ့ (သွားရမည့်) ခရီးကိုသာ တွေ့မြင်ရ၏၊ နောက် (သွားပြီး) ခရီးကိုမူကား မတွေ့မြင်ရပေ။

၆၆၅။ ငါတို့သည် ပြိတ္တာတို့၏ အနီးအပါးဝယ် ခရီးမှားကို သွားနေကြကုန်၏၊ ပြိတ္တာတို့၏ ကိုယ်နံ့သည် လိုင်၏၊ ကြမ်းတမ်းသော ကြွေးကြော်သံကို ကြားရကုန်၏” (ဟု ဆို၏)။

၆၆၆။ ထိုပိင်္ဂလကမင်းသည် ဆင်၏ ကျောက်ကုန်းသို့ တက်၍ အရပ်လေးမျက်နှာကို ကြည့်သော် မွေ့လျော်ဖွယ်ရှိ၍ အရိပ်နှင့်ပြည့်စုံသော တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ်အဆင်းသဏ္ဌာန် ထင်ရသော ပညောင်ပင်ကို မြင်ရလေပြီ။

၆၆၇။ ထိုအခါ ပိင်္ဂလကမင်းသည် ရထားထိန်းကို တိမ်ညိုရောင် အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန် ထင်ရသော ကျယ်ပြန့်သော ဤသစ်ပင်သည် အဘယ် သစ်ပင်နည်း”ဟု မိန့်ဆို၏။

၆၆၈။ မြတ်သောမင်းကြီး အရိပ်နှင့်ပြည့်စုံ၍ တိမ်ညိုရောင်အဆင်းရှိသော မိုးတိမ် အဆင်းသဏ္ဌာန် ထင်ရသော ထိုသစ်ပင်သည် ပညောင်ပင်ပါတည်း (ဟု ရထားထိန်းက လျှောက်၏)။

၆၆၉။ သုရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် တိမ်ညိုရောင် အဆင်းရှိသော မိုးတိမ်အဆင်းသဏ္ဌာန် ထင်ရသော ကျယ်ပြန့်သော ထိုပညောင်ပင်ရှိရာ အရပ်သို့ သွားလေပြီ။

၆၇၀။ ပိင်္ဂလကမင်းသည် ဆင်ကျောက်ကုန်းမှ ဆင်းသက်၍ ပညောင်ပင် အနီးသို့ ချဉ်းကပ်ပြီးလျှင် မှူးမတ် ခြွေရံပရိသတ်နှင့်တကွ ပညောင်ပင်အနီး၌ ထိုင်သည်ရှိသော် ရေဖြင့်ပြည့်သော သောက်ရေခွက်ကို၎င်း နှစ်သက်ဖွယ်သော မုံ့တို့ကို၎င်း တွေ့မြင်ရလေပြီ။

၆၇၁။ နတ်၏ အဆင်းသဏ္ဌာန်နှင့်တူသော သဏ္ဌာန်ရှိသော ခပ်သိမ်းသော အဆင်တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ယောက်ျားသည်လည်း သူရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသို့ ချဉ်းကပ်၍ -

၆၇၂။ “မြတ်သော မင်းကြီး သင်၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါ၏၊ သင်၏ လာခြင်းသည် မကောင်းသဖြင့် လာခြင်း မဟုတ်ပါ၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် မင်းမြတ်သည် သောက်ရေကို သောက်တော်မူပါ၊ မုံ့တို့ကိုလည်း ခဲစားတော်မူပါ” ဟူသော ဤစကားကို လျှောက်၏။

၆၇၃။ သူရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလကမင်းသည် မှူးမတ် ခြွေရံပရိသတ်နှင့်တကွ သောက်ရေကို သောက်၍၎င်း မုံ့တို့ကို စား၍၎င်း ပြီးဆုံးပြီးနောက် -

၆၇၄။ “သင်သည် စတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသလော၊ သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြားဖြစ်လေသလော၊ မသိကုန်သည်ဖြစ်၍ သင့်ကို မေးကြကုန်၏၊ ငါတို့သည် သင့်ကို အဘယ်သို့ သိရကုန်အံ့နည်း” ဟူသော ဤစကားကို ဆို၏။

၆၇၅။ မင်းမြတ် အကျွန်ုပ်သည် စတုမဟာရာဇ်နတ်လည်း မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေး၌ အလှူကို ပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ မင်းမြတ် အကျွန်ုပ်သည် သုရဋ္ဌတိုင်းမှ ဤပညောင်ပင်သို့ ပဋိသန္ဓေအားဖြင့် ရောက်လာသော ပြိတ္တာဖြစ်ပါ၏ (ဟု ပြိတ္တာက ပြော၏)။

၆၇၆။ နတ်သား ရှေးဘ၀က သူရဋ္ဌတိုင်း၌နေသော သင်သည် အဘယ်သို့သော သီလရှိပါသနည်း၊ အဘယ်သို့သော ကောင်းသော အကျင့်ရှိသနည်း၊ သင်၏ အဘယ်သိုပသော မြတ်သော အကျင့်ကြောင့် ဤအာနုဘော်သည် သင့်အား ဖြစ်သနည်း (ဟု ပိင်္ဂလကမင်းက မေး၏)။

၆၇၇။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ အမတ်တို့သည်၎င်း အလုပ်အကျွေးတို့သည်၎င်း ပုရောဟိတ်ပုဏ္ဏားသည်၎င်း နာတော်မူကြပါကုန်။

၆၇၈။ မင်းမြတ် အကျွန်ုပ်သည် သုရဋ္ဌတိုင်း၌ ယုတ်ညံ့သော စိတ်ရှိသူ ယောက်ျားဖြစ်ခဲ့ပါ၏၊ မိစ္ဆာအယူ ရှိခဲ့ပါ၏။ သီလ မရှိခဲ့ပါ၊ နှမြော ၀န်တိုသောသူ ဖြစ်ခဲ့ပါ၏၊ (ရဟန်းသူတော်ကောင်းတို့ကို) ဆဲရေးတတ်သူ ဖြစ်ခဲ့ပါ၏။

၆၇၉။ အကျွန်ုပ်သည် အလှူဒါန ပေးလှူသော သူတို့ကို၎င်း ကုသိုလ် ကောင်းမူပြုသော သူတို့ကို၎င်း တားမြစ်ဘူးပါ၏၊ အလှူကို ပေးလှူကြမည့် တပါးသော သူတို့၏ အန္တရာယ်ကို ပြုသည်ဖြစ်၍ လူအများကို တားမြစ်ခဲ့ပါ၏။

၆၈၀။ အလှူ ဒါန၏ အကျိုးသည် မရှိ၊ စောင့်စည်းမူ “သီလ”၏အကျိုးသည် အဘယ်မှာ ရှိအံ့နည်း၊ ဆရာမည်သည် မရှိ၊ မယဉ်ကျေးသူကို အဘယ်သူသည် ဆုံးမလတ္တံ့နည်း။

၆၈၁။ သတ္တ၀ါတို့သည် အညီအညွတ် တူမျှကုန်၏၊ အမျိုး၌ ကြီးသူတို့အား လုပ်ကျွေးခြင်း ကုသိုလ်ကံသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ အရဟတ္တဖိုလ်တိုင်အောင် ရောက်ကြောင်း ရကြောင်းဖြစ်သော ခွန်အားသည်၎င်း လုံ့လသည်၎င်း မရှိ၊ ယောက်ျားတို့၏ ထကြွလုံ့လဖြင့် ရောက်အပ်သော အကျိုးကာ အဘယ်မှာ ရှိအံ့နည်း။

၆၈၂။ အလှူ၏ အကျိုးမည်သည် မရှိ၊ ပါဏာတိပါတ စသော မကောင်းမူရှိသော ပုဂ္ဂိုလ်ကို ဒါန သီလစသော အကျင့်က မစင်ကြယ်စေနိုင်၊ သတ္တ၀ါသည် (ရအပ်သော ချမ်းသာ ဆင်းရဲကို ရသည်ရှိသော်) ဖြစ်မြဲတိုင်း ဓမ္မတာ၏ အထူးထူး အပြားပြားအားဖြင့်ဖြစ်သော ရသင့်ရထိုက်သော ချမ်းသာ ဆင်းရဲကို ရ၏၊ (ကုသိုလ် အကုသိုလ်ကံကို ပြုခြင်းကြောင့် ရသည် မဟုတ်)။

၆၈၃။ အမိအဖ အစ်ကိုတို့၌ ကောင်းစွာ လုပ်ကျွေးမူနှင့် ကောင်းစွာ မလုပ်ကျွေးမူတို့၏ အကျိုးအပြစ်မရှိ၊ ဤပစ္စုပ္ပန်လောကမှ တပါးသော တမလွန်လောကမရှိ၊ အလှူကြီး၏ အကျိုးသည် မရှိ၊ ပူဇော်သက္ကာရ၏ အကျိုးသည် မရှိ၊ သူတော်ကောင်းတို့အား ပေးလှူသည်၏အစွမ်းဖြင့် သိုမှီမြှုပ်နှံထားအပ်သော ကောင်းမူသည် မရှိ။

၆၈၄။ အကြင်သူသည် သတ္တ၀ါကို သတ်စေကာမူ တပါးသော သတ္တ၀ါ၏ ဦးခေါင်းကို ဖြတ်စေကာမူ (ပရမတ္ထအားဖြင့်) တစုံတယောက်သော သူသည် တစုံတယောက်သော သူကို သတ်သည် မမည်၊ ပထ၀ီကာယ စသော ခုနှစ်ပါးသော ကာယတို့၏ အပေါက်အကြား၌ (ထားလက်နက်သည် ၀င်၏)။

၆၈၅။ အသက် “ဇီဝအတ္တ”ကို မဖြတ် မခွဲနိုင်သည်သာတည်း၊ အသက် ဇီဝသည် ရံခါရှစ်မြှောင့်ရှိ၏၊ ရံခါ အလုံးအခဲ အ၀န်းအ၀ိုင်း ဖြစ်၏၊ ယူဇနာ ငါးရာမြင့်၏၊ အဘယ်သူသည် အသက်ဇီဝကို ဖြတ်ခြင်းငှါ စွမ်းနိုင်ပါအံ့နည်း။

၆၈၆။ ချည်လုံးကို ပစ်အပ်သည်ရှိသော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေသွားသကဲ့သို့ ဤအတူ ထိုအသက်ဇီဝသည် (အတ္တဘောတည်းဟူသော ချည်လုံးကို မဟာကပ်) ရှစ်သိန်းလေးသိန်းပတ်လုံး ပြေစေလျက် ပြေးသွား၏။

၆၈၇။ တစုံတယောက်သော သူသည် မိမိရွာမှ ထွက်၍ အခြားသော ရွာသို့ ၀င်သကဲ့သို့ ဤအတူပင် ထိုအသက်ဇီဝသည် အခြားသော ကိုယ် “အတ္တဘော”သို့ ၀င်၏၊

၆၈၉။ မဟာကပ်ရှစ်သန်းလေးသိန်းတို့သည် (သံသရာ၏ အတိုင်းအရှည်တည်း)၊ လူမိုက်တို့သည်၎င်း ပညာရှိတို့သည်၎င်း ဆိုခဲ့ပြီး အပိုင်းအခြားရှိသော သံသရာကို ကုန်စေ၍ ၀ဋ်ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လတ္တံ့။

၆၉၀။ (နှမ်းဆန်စသည်တို့ကို) စရွတ်တို့ဖြင့်၎င်း တောင်းတို့ဖြင့်၎င်း (နိုင်းယှဉ်အပ်ကုန်သကဲ့သို့) သတ္တ၀ါတို့၏ သုခ ဒုက္ခတို့ကို (ဆိုအပ်ပြီးသော ရှစ်သန်းလေးသိန်း အတိုင်းအရှည်ရှိသော ကာလဖြင့်) နိုင်းယှဉ်အပ်ကုန်၏၊ ဇိနဘုံ၌ တည်သော ပညာရှိသည် အလုံစုံကို အပြားအားဖြင့် သိ၏၊ တပါးသော သတ္တ၀ါအပေါင်းသည် ပြင်းစွာတွေဝေ၏။

၆၉၁။ မင်းမြတ် အကျွန်ုပ်သည် ရှေးက ဤသို့ မှားသော အယူရှိခဲ့ပါ၏၊ မောဟ ဖုံးလွှမ်းအပ်သည်ဖြစ်၍ ပြင်းစွာ တွေဝေခဲ့ပါ၏၊ မှားသော အယူလည်း ရှိခဲ့ပါ၏၊ သီလလည်း မရှိခဲ့ပါ၊ နှမြောဝန်တိုခဲ့ပါ၏၊ (ရဟန်းသူတော်ကောင်းတို့ကို) ဆဲရေးခဲ့ပါ၏။

၆၉၂-၃။ မင်းမြတ် ခြောက်လမလွန်မီ အကျွန်ုပ်အား သေလွန်ခြင်းဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ပုံစံတူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့်မည်။

၆၉၄။ ထိုငရဲ၏ မြေကြီးသည်ကား သံဖြင့်ပြီး၏၊ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ပတ်ဝန်းကျင် ယူဇနာ တရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။

၆၉၅။ မင်းမြတ် (ထိုအ၀ီစိငရဲကြီး၏ မီးလျှံသည် ထက်ဝန်းကျင်မှ ထွက်၍) အနှစ်တသိန်းမျှ လွန်သည်ရှိသော် ထိုခဏ၌ (အ၀ီစိ၌ ခံရသော သင်တို့အား အနှစ်တသိန်း လွန်ပြီဟူသော) ကြွေးကြော်သံကို ကြားရ၏၊ အကြင်နှစ်တို့၏ ကုဋေတသိန်း အတိုင်းအရှည်ရှိသော အဘို့တို့သည် ရှိကုန်၏၊ ဤအဘို့တို့သည် (ငရဲသူတို့၏) အသက်အပိုင်းအခြားတည်း။

၆၉၆။ မင်းမြတ် အကြင်သတ္တ၀ါတို့သည် မိစ္ဆာအယူရှိကုန်၏၊ သီလမရျိကုန်၊ ဘုရားစသော အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ ထိုသတ္တ၀ါတို့သည် အနှစ်ကုဋေတသိန်းတို့ပတ်လုံး အ၀ီစီငရဲ၌ ကျက်ရကုန်၏။

၆၉၇။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမူကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရလတ္တံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

၆၉၈။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေတတ်သော မင်းမြတ် အကျွန်ုပ် ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ သင်မင်းမြတ်အား ကောင်းသော အကျိုးစီးပွား ဖြစ်ပါစေ၊ မင်းမြတ် အကျွန်ုပ်၏ သမီးဥတ္တရာသည် -

၆၉၉။ ကောင်းမြတ်သော ကုသိုလ်ကံကို ပြုပါ၏၊ နိစ္စသီလ၌၎င်း၊ ဥပုသ်သီလ၌၎င်း မွေ့လျော်ပါ၏၊ မကောင်းမူမှ စောင့်စည်းပါ၏၊ ပေးကမ်း လှူဒါန်းခြင်းလည်း ရှိပါ၏၊ တောင်းရမ်းပြောဆိုသော စကားကို သိတတ်ပါ၏၊ ၀န်တိုမူ “မစ္ဆရိယ” ကင်းပါ၏။

၇၀၀။ သီလသိက္ခာ၌ မကျိုးမပေါက်အောင် ပြုလေ့ရှိပါ၏၊ သူတပါးအိမ်တို့၌ ချွေးမလည်း ဖြစ်ပါ၏၊ တရားအားလုံးကို အလိုလိုသိတော်မူသော ဘုန်းကျက်သရေရှိတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမလည်း ဖြစ်ပါ၏။

၇၀၁။ မင်းမြတ် ချထားသော မျက်လွှာရှိသည်ဖြစ်၍ (ရှေ့သို့တက်ခြင်းစသည်တို့၌) သတိနှင့် ပြည့်စုံလျက် ဣနြေ္ဒတို့၌ စောင့်အပ်သော တံခါးရှိသည်ဖြစ်၍ စောင့်သုံးအပ်သော ကိုယ်နူတ်နှလုံးရှိသော သီလနှင့် ပြည့်စုံသည့် ရဟန်းသည်လည်း ရွာတွင်းသို့ ဆွမ်းခံဝင်တော်မူပါ၏။

၇၀၂။မင်းမြတ် အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်သော ထိုရဟန်းသည် အကျွန်ုပ်၏ သမီးဖြစ်သော ဥတ္တရာ၏ အိမ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်၏ သမီးဥတ္တရာသည် ထိုရဟန်းကို မြင်လေ၏၊ အရှင်ဘုရား အရှင်ဘုရားအား ကောင်းခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း (ဟုဆို၍) –

၇၀၃။ ထိုဥတ္တရာသည် ရေပြည့်သော သောက်ရေခွက်ကို၎င်း နှစ်သက်ဖွယ်သော မုံ့တို့ကို၎င်း (ထိုရဟန်းအား) ပေးလှူ၏၊ အရှင်ဘုရား အကျွန်ုပ်၏ အဖသည် သေလွန်သည်ဖြစ်၍ ဤအလှူသည် ထိုသေလွန်သော အဖအား ကပ်ရောက်ပါစေသတည်း (ဟု အမျှဝေပါ၏)။

၇၀၄။ မင်းမြတ် အမျှဝေသည်၏ အခြားမဲ့၌ အကျိုးဖြစ်ပေါ်လာတော့၏၊ ဝေဿ၀ဏ် နတ်မင်းကြီးကဲ့သို့ အလိုရှိအပ်သော စည်းစိမ်တို့ကို အလိုရှိတိုင်း သုံးဆောင်ရ၏။

၇၀၅။ ရန်သူတို့ကို ဆုံးမ၍ တိုင်းပြည်ကို တိုးတက်စေနိုင်သော မင်းမြတ် အကျွန်ုပ်ဆိုလတ္တံ့သော စကားကို နာတော်မူပါ၊ နတ်နှင့်တကွသော လောကထက် မြတ်စွာဘုရားကို အမြတ်ဆုံးဟူ၍ ဆိုအပ်ပါ၏၊ ရန်သူတို့ကို ဆုံးမတတ်သောမင်းမြတ် သားမယားနှင့်တကွ ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

၇၀၆။ ဘုရားရှင်၏ တပည့်သားသာဝကတို့သည် အကြင်အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် သေခြင်းကင်းသော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏၊ ရန်သူတို့ကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

၇၀၇။ ကျင့်ဆဲ ဖြစ်သော ပုဂ္ဂိုလ်လေးယောက်တို့သည်၎င်း၊ ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်၎င်း ရှိကုန်၏၊ ဖြောင့်မတ်သော အဖြစ်သို့ရောက်သော ဤရှစ်ယောက်သော အရိယာသံဃာသည် သီလ သမာဓိ ပညာနှင့် ပြည့်စုံ၏၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ် သားမယားနှင့်တကွ ထိုရှစ်ယောက်သော အရိယာသံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါလေလော့။

၇၀၈။ မင်းမြတ် သင်မင်းမြတ်သည် သူ့အသတ်ကိုသတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါလေလော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါလေလာ့၊ သေရည် သေရက်ကို မသောက်ပါနှင့်၊ မမှန်သောစကား မဆိုပါနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲပါလော့ (ဟု နတ်ပြိတ္တာက ပြော၏)။

၇၀၉။ နတ်သား (သင်သည်) ငါ၏ အကျိုးကို လိုလားပေ၏။ နတ်သား (သင်သည်) အစီးအပွားကို လိုလားပေ၏၊ သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် ငါ၏ ဆရာဖြစ်ပေ၏။

၇၁၀။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့၊ လူတို့၏နတ် ဘုရားမြတ်၏ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါအံ့။

၇၁၁။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါအံ့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့၊ သေရည်သေရက်ကို မသောက်တော့ပါ၊ မမှန်စကားကို မပြောဆိုတော့ပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲပါအံ့၊

၇၁၂။ ပြင်စွာသော လေ၌ (ဖွဲပြာကို) လွှင့်လိုက်သကဲ့သို့ ငါသည် ယုတ်မာသော မိစ္ဆာအယူကို လွှင့်လိုက်ပါတော့အံ့၊ လျင်မြန်စွာ စီးသွားသော မြစ်၌ (မြစ်သစ်ရွက်ကို) မျှောလိုက်သကဲ့သို့ ယုတ်မာသော မိစ္ဆာအယူကို မျှောလိုက်ပါတော့အံ့၊ ငါသည် မြတ်စွာဘုရားသာသနာတော်၌ မွေ့လျော်သည်ဖြစ်၍ ယုတ်မာသော မိစ္ဆာအယူကို ထွေးအံပစ်လိုက်ပါတော့အံ့ (ဟု ပိင်္ဂလကမင်းဆို၏)။

၇၁၃။ သူရဋ္ဌတိုင်းရှင် ပိင်္ဂလကမင်းသည် ဤစကားကို ဆို၍ မကောင်းသော မိစ္ဆာအမြင်မှ ရှောင်ကြဉ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးခြင်းကို ပြုလျက် အရှေ့အရပ်မျက်နှာသို့ ရှေးရှူ ရထားကို တက်စီး (ထွက်ခွာသွား) လေ၏။

သုံးခုမြောက်သော နန္ဒကပေတ္တ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment